စင်ကာပူကပေးတဲ့ အရသာအကောင်းဆုံး ဟင်းလျာဆုတွေရရှိထားတဲ့ Fish&Co.Myanmar ဆိုင်ပိုင်ရှင် ကိုအောင်ကြည်ထွန်းနှင့် တွေ့ဆုံခြင်း

မန္တလေး ၂၄ ဇွန်


    
စင်ကာပူက စားဖိုမှူးတွေ သင်တန်းပို့ချထားပြီး မြန်မာစားဖိုမှူးတွေကိုယ်တိုင်ချက်ပြုတ်ကာ ပင်လယ်စာအစားအသောက်တွေရောင်းချနေတဲ့ Fish & Co.Myanmar ဆိုင်က အစားအသောက် သုံးမျိုးဟာ စင်ကာပူမှာ အရသာအကောင်းဆုံး ဟင်းလျာဆုရရှိခဲ့တယ်လို့ သိရပါတယ်။ ပင်လယ်စာအစားအသောက်တွေ ရောင်းချမှုနဲ့ ပတ်သက်လို့ Fish & Co.Myanmar ဆိုင်ပိုင်ရှင် ကိုအောင်ကြည်ထွန်းနဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

 


မေး။    ။ ဒီလိုပင်လယ်စာဟင်းလျာတွေ များများရရှိနိုင်တဲ့ Fish & Co.Myanmar ဆိုင်ဖွင့်ဖြစ်ခဲ့ပုံကို ပြောပေးပါ။


ဖြေ။    ။ ဖွင့်ချင်တာတော့ကြာပါပြီ။ မန္တလေးမှာ ဒီလိုဆိုင်က မရှိဘူး။ စင်ကာပူကနေ လုပ်ပိုင်ခွင့်ယူပြီး ဖွင့်တာပါ။ မန္တလေးမြို့မှ စင်ကာပစတိုင်ပင်လယ်စာကို ကြော်ပြီး ကင်ပြီး ဒီလိုရောင်းတဲ့ပုံစံမရှိသေးပါဘူး။ ဒါကပထမဆုံးဆိုင်ပေါ့။ မန္တလေးမှာ ပင်လယ်စာအစုံရတဲ့ဆိုင်လဲ မရှိဘူး။ မန္တလေးမှာဖွင့်ထားတဲ့ဆိုင်တွေက ချက်ပြုတ်ပြီးရောင်းတာ။ ဒီမှာက ကြော်တာနဲ့ကင်တာ အဓိကထားရောင်းတာ။ အားသာချက်က ပြင်ဆင်မှုအပိုင်း အရသာပိုင်းက ထူးခြားမယ်။ 

 


မေး။    ။ ဒီဆိုင်မှာ ပင်လယ်စာဘယ်လိုဟင်းလျာတွေရနိုင်လဲ။


ဖြေ။    ။ ငါးတွေ၊ ဂဏန်းပျော့၊ ယပ်တောင်ဂုံး၊ မာဆယ်၊ ကင်းမွန်၊ ယပ်တောင်ဂုံး၊ ဂုံးချောတို့ ဂဏန်းပျော့၊ ဆော်လမွန်ငါး စတဲ့ ပင်လယ်စာနဲ့ပတ်သက်တဲ့ ဟင်းလျာတွေ ရရှိနိုင်ပါတယ်။ ဒီဆိုင်မှာ ပင်လယ်စာနဲ့ပတ်သက်ရင် လောလောဆယ်ရနိုင်တာ ၉ မျိုးရှိပါတယ်။ ပြည်တွင်းငါးလည်းရှိတယ်။ ပြည်ပက တင်သွင်းတဲ့ငါးတွေလည်းရှိတယ်။ 

 


မေး။    ။ စင်ကာပူမှာ ဆုရရှိခဲ့တဲ့ ဟင်းလျာအမည်နဲ့ ဘာဆုရခဲ့တာလဲ သိချင်ပါတယ်။


ဖြေ။    ။ ဆုရတဲ့ဟင်းမျိုးတွေက The Best Fish & Chips ၊ Sea Food Platter 1 ၊ Mussels with GLBS အဲဒီဟင်းမျိုးတွေက သူတို့ဆီမှာ ဆုရရှိခဲ့တဲ့ဟင်းမျိုးတွေပါ။ စင်္ကာပူရဲ့ အစားအသောက်အသင်းလိုမျိုး အသင်းက အရသာအကောင်းဆုံးဆု ဆိုပြီးပေးခဲ့တာပါ။ 

 


မေး။    ။ ဟင်းပွဲတွေကို ဘယ်လိုစားဖိုမှူးတွေက ပြင်ဆင်ချက်ပြုတ်ထားလဲ။


ဖြေ။    ။ ဟင်းပွဲတွေကို လတ်လတ်ဆက်ဆက် ပင်လယ်စာတွေကို အသုံးပြုပြီး ချက်ပြုထားပါတယ်။ စာဖိုမှူးကတော့ စင်ကာပူက စားဖိုမှူးတွေက လာရောက်ပြီးထရိန်နင်ပေးထားတဲ့ မြန်မာပြည်က စားဖိုမှူးတွေက ချက်ပြုတ်တာပါ။

 

 
မေး။    ။ ဆိုင်ပြင်ဆင်မှုအပိုင်းကို ဘယ်လိုစိတ်ကူးရတာလဲ။


ဖြေ။    ။ အစားသောက်ပွဲတွေအောက်မှာခံတဲ့ သစ်သားတွေကို ငါးပုံစံလေးတွေ ပြင်ဆင်ထားတယ်။ ပင်လယ်စာဆိုင်ဖြစ်တဲ့အတွက် ပတ်ဝန်းကျင်မှာ ပင်လယ်စာနဲ့ပတ်သက်တဲ့ အပြင်ဆင်တွေခင်း ကျင်းထားတာပါ။ 

 


မေး။    ။ ဖြည့်စွက်ပြောချင်တာရှိရင်ပြောပေးပါ။


ဖြေ။    ။ ဆိုင်ကို မန္တလေးမြို့ ၆၄ လမ်း ၊ ၄၁ လမ်းနဲ့ ၄၂ လမ်းကြားမှာ ဖွင့်လှစ်ထားပါတယ်။ လမ်းကြုံရင် ဒီမှာလာရောက် သုံးဆောင်ဖို့ဖိတ်ခေါ်ပါတယ်။ ဒီဆိုင်အပြင် ရောင်းအားပေါ် မူတည်ပြီး တည်ငြိမ်သွားပြီဆိုရင် နောက်ထပ်ဆိုင်ခွဲတွေ ဖွင့်ဖို့ရှိပါတယ်။


ကျေးဇူးတင်ပါတယ်။


အိမို့မို့ခိုင်