စင်စင်နတီအိုးပင်းပြိုင်ပွဲ ၁၆ ဦးအဆင့်တွင် ကိုကိုဂေါ့ဖ်၊ ရှီယွန်တက်ခ်၊ ရီဘာကီနာတို့ နိုင်ပွဲရ

အမေရိကန်ထိပ်တန်းတင်းနစ်မယ် ကိုကိုဂေါ့ဖ်သည် စင်စင်နတီအိုးပင်းတင်းနစ် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ၁၆ ဦးအဆင့်တွင် ချက်ဇ်တင်းနစ်မယ် မာရီဘူးဇ်ကိုဗာကို ၆-၃၊ ၆-၂ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ကွာတားဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။

၂၀၂၃ စင်စင်နတီအိုးပင်းချန်ပီယံ ကိုကိုဂေါ့ဖ်သည် ဘူးဇ်ကိုဗာကို အနိုင်ရရှိရန်  အချိန်တစ်နာရီနှင့်  ၃၃ မိနစ်ကြာ ယှဉ်ပြိုင်ခဲ့ရသည်။  အသက် ၂၂ နှစ်အရွယ် ကိုကိုဂေါ့ဖ်သည် ကွာတားဖိုင်နယ်တွင် ယူကရိန်းတင်းနစ်မယ် မာတာကော့ကျုခ်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ကော့ကျုခ်သည် ၁၆ ဦး အဆင့်တွင် ရုရှားနာမည်ကြီး မေရာအန်ဒရေဗာကို အနိုင်ယူကျော်ဖြတ်ကာ ကွာတားဖိုင်နယ် တက်လှမ်းလာသူဖြစ်သည်။

အဆိုပါ ပြိုင်ပွဲ၏ လက်ရှိချန်ပီယံ ရှီယွန်တက်ခ်သည် ၁၆ ဦးအဆင့်တွင် ပြင်သစ်တင်းနစ်မယ် ပါရီကို  အနိုင်ယူပြီးကွာတားဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့သည်။ ထို့အပြင် နာမည်ကြီး ကာဇက်စတန်တင်းနစ်မယ် ရီဘာကီနာသည်လည်း ၁၆ ဦးအဆင့်တွင် ရုရှားတင်းနစ်မယ်  ရှနိုက်ဒါကို အနိုင်ယူပြီး ကွာတားဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့သည်။

ကမ္ဘာ့အဆင့်(၁) ဘယ်လာရုစ်တင်းနစ်မယ် အာရီနာ ဆာဘယ်လင်ကာသည် ၁၆ ဦးအဆင့်တွင် ချက်ဇ်တင်းနစ်မယ်ဆာရာဘေလက်ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီဖြစ်သည်။                    

အောင်ဇော်