စနေ၊ တနင်္ဂနွေတိုင်း အပန်းဖြေဧည့်သည်များဖြင့် ကျောက်မောင်နှမကမ်းခြေတွင် စည်ကား

ရွှေသောင်ယံ ၂၆ ဇန်နဝါရီ 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်အတွင်းရှိ ငွေဆောင်၊ ချောင်းသာ၊ ကျောက်မောင်နှမ၊ ရွှေသောင်ယံ စသည့်ကမ်းခြေများဟာ တစ်ဆက်တစ်စပ်တည်းရှိပြီး ချောင်းသာ၊ ကျောက်မောင်နှမ၊ ရွှေသောင်ယံကမ်းခြေတွေကတော့ ကမ်းခြေတစ်ခုနှင့်တစ်ခု ပိုမို၍နီးစပ်မှုရှိနေကြသည်။ အဆိုပါကမ်းခြေများအနက် ငွေဆောင်နှင့် ချောင်းသာကမ်းခြေများကတော့ နာမည်ရပြီးသား ကမ်းခြေများဖြစ်သလို ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်တွေမှာ ဧည့်သည်များဖြင့် စည်ကားလျက်ရှိသည်။ 

 

3525

 

ယခုဆိုလျှင် ချောင်းသာနှင့် အနီးကပ်ဆုံးဖြစ်သည့် ကျောက်မောင်နှကမ်းခြေတွင်လည်း စနေ၊ တနင်္ဂနွေနေ့တိုင်း အနယ်နယ်အရပ်ရပ်မှ အပန်းဖြေဧည့်သည်များ လာရောက်အနားယူလျက်ရှိသည်ကို တွေ့ရသည်။ ထို့နည်းတူ ရွှေသောင်ယံကမ်းခြေတွင်လည်း ချောင်းသာသို့ ဆင်းလည်သည့် ဧည့်သည်များမှ သုံးဘီးယာဉ်များနှင့် သော်လည်းကောင်း၊ ကိုယ်ပိုင်ကားများနှင့် သော်လည်းကောင်း စနေ၊ တနင်္ဂနွေလို ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်တွေမှာ လာရောက်လည်ပတ်ကြတာကို စည်စည်ကားကားဖြင့် တွေ့ရသည်။

 

3535

 

အဆိုပါကမ်းခြေများ၌ ဧည့်သည်များကို အမှီပြုပြီး ရောင်းချနေသော ဈေးဆိုင်များ၊ မြင်းငှားသမားများ၊ ဆင်သမားများနှင့် လေးဘီးဆိုင်ကယ်သမားများမှာလည်း တွက်ခြေကိုက် အဆင်ပြေလျက် ရှိသည်ကိုတွေ့ရသည်။ ကျောက်မောင်နှမကမ်းခြေတွင် လေးဘီးဆိုင်ကယ်များမှာ ယခုနှစ်ကို စမ်းသပ်ကာလအဖြစ် ခွင့်ပြုပေးထားတာဖြစ်ကြောင်း ရွှေသောင်ယံမြို့ အမှတ်(၃) ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

 

3809

 

ကမ်းခြေလုံခြုံရေးအတွက်ကိုတော့ မြို့အုပ်ချုပ်ရေးမှူးရုံး၌ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းကာ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များကို ဖွဲ့စည်းထားပြီး ကမ်းခြေတွင်ရောင်းချသော ဈေးသည်များ စည်းစနစ်တကျ ရောင်းချနိုင်ရန်၊ မြင်းသမားများ၊ ဆင်သမားများ၊ လေးဘီးဆိုင်ကယ်များ စည်းကမ်းတကျ ငှားရမ်းဆောင်ရွက်နိုင်ရန်၊ လာရောက်အပန်းဖြေသော ဧည့်သည်များ စိတ်လက်ကြည်သာစွာ အပန်းဖြေနိုင်ရန်၊ ကမ်းခြေသန့်ရှင်းသာယာ လှပမှုရှိစေရန်အတွက် အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း၌ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များမှ ကမ်းခြေတစ်လျှောက် ကြပ်မတ်ဆောင်ရွက်မှုများ လုပ်ဆောင်နေကြကြောင်း သိရသည်။

ကိုကိုမောင် ရွှေသောင်ယံ(ပြန်/ဆက်)