အော့တဝါ အောက်တိုဘာ ၃
အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် စွမ်းအင်ဈေးနှုန်းများ မြင့်တက်နေချိန်တွင် စက်မှု ထိပ်သီးနိုင်ငံ ခုနစ်နိုင်ငံ (ဂျီ ၇) က နိုင်ငံတကာစွမ်းအင် အေဂျင်စီ (IEA) မှတစ်ဆင့် ရေနံအရန်သိုလှောင် ပမာဏ စည်ပေါင်း သန်း ၁၀၀ ကို လေးလတာကာလအတွင်း ထုတ်သုံးရန် သဘောတူညီခဲ့ကြသည်။
ဂျီ ၇ ခေါင်းဆောင်များသည် အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ကမ္ဘာလုံးဆိုင်ရာ စွမ်းအင် စနစ်များ ပိုမိုအားကောင်းလာစေရန် အထက်ပါအတိုင်း ကတိကဝတ်ပြုထားကြောင်း ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။
၎င်းတို့အနေဖြင့် ပထမဆုံး ရက် ၂၀ အတွင်း ဂျီ ၇ အဖွဲ့ဝင်နိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများမှတစ်ဆင့် ဒီဇယ်လောင်စာဆီများကို ပမာဏအများအပြားဖြင့် စတင်ထုတ်သုံးသွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ထို့ပြင် စွမ်းအင်တင်ပို့မှုအပေါ် ကန့်သတ်ချက်များ မချမှတ်ရန် သဘောတူညီခဲ့ကြပြီး ဈေးကွက် အတွင်း တင်းမာမှုများကို ပိုမိုဆိုးရွားစေနိုင်သည့် လုပ်ရပ်များကို ရှောင်ကြဉ်ရန်လည်း ထုတ်လုပ်သည့် နိုင်ငံများအား ၎င်းတို့က တိုက်တွန်းပြောကြားခဲ့သည်။
နိုင်ငံတကာစွမ်းအင်အေဂျင်စီသည် ရေနံစည်ပေါင်း သန်း ၄၀၀ ကို ထုတ်သုံးရန် မတ်လကတည်းက သဘောတူညီထားခဲ့ပြီးဖြစ်ကာ ဂျီ ၇ ခေါင်းဆောင်များက ၎င်းတို့၏ အစီအစဉ် အကောင်အထည် ဖော်မှုကို စောင့်ကြည့်စစ်ဆေးပေးရန် နိုင်ငံတကာ စွမ်းအင်အေဂျင်စီကို တိုက်တွန်းထားသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အဆိုပါ ရေနံအရန်သိုလှောင်ပမာဏ ထုတ်သုံးခြင်းလုပ်ငန်း စဉ်ကို ချက်ချင်းစတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယမန်နေ့က လူမှုကွန်ရက်၌ ရေးသားဖော်ပြ ခဲ့သည်။
အင်န်အိတ်ချ်ကေ


