စက်မှုဖွံ့ဖြိုးမှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုတို့ သဟဇာတဖြစ်တည်ရာ ရှန်းကျန့်မြို့ …..

ထက်လျှံ

လွန်ခဲ့သောနှစ်ပေါင်း ၄၀ ကျော်ကဆိုလျှင် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံးပြည်နယ်၏ အစွန်အဖျားမြို့ငယ်တစ်ခု၊ ဟောင်ကောင်နှင့် မျက်နှာချင်းဆိုင်လျက်ရှိသော ‘ပေါင်အန်း’ (Bao’an) ဟုခေါ်သည့် ကန်တုန် ငါးဖမ်းရွာငယ်လေးတစ်ရွာ ရှိခဲ့ဖူးပါသည်။

ရွှံ့ညွန်ထူထပ်ပြီး လမ်းမရှိ၊ လျှပ်စစ်မီးမရှိဘဲ ဆင်းရဲမွဲတေလှသည့် ထိုရွာငယ်လေးသည် ၁၉၇၉ ခုနှစ်တွင် လူငယ်ခြေတက်များ၊ မိမိတို့ရပ်ရွာဒေသကို တိုးတက်ကြီးပွားလိုသူဒေသခံများ၏ စွမ်းပကားဖြင့် အဆင့်မြှင့်တင်ကာ ပေါင်အန်းကို “ရှန်းကျန့်မြို့” အဖြစ် သန္ဓေတည်မွေးဖွားစေခဲ့သည်။

၁၉၈၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံအနှံ့အပြားမှ စစ်သားဟောင်းများနှင့် လယ်သမားလုပ်သား နှစ်သိန်းကျော်တို့သည် ရှန်းကျန့်မြို့သို့ ရောက်ရှိလာကာ သွေး၊ ချွေးများစွာဖြင့် လမ်း၊ တံတားစသည့် အခြေခံအဆောက်အအုံများကို စတင်တည်ဆောက်ခဲ့ကြပြီး တရုတ်နိုင်ငံ၏ ပထမဆုံးအထူးစီးပွားရေးဇုန် (Special Economic Zone - SEZ)ဖော်ဆောင်ခဲ့သည်။

အထည်ချုပ်စက်ရုံ၊ အရုပ်စက်ရုံစသည့် စက်ရုံအလုပ်ရုံများဖြင့် စတင်ခဲ့သည့် ရှန်းကျန့်အထူး စီးပွားရေးဇုန်သည် တရုတ်နိုင်ငံ၏ စက်မှုဖွံ့ဖြိုး တိုးတက်မှုအတွက် အရေးပါသည့် ကဏ္ဍသစ်တစ်ခု ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ထိုမှတစ်ဆင့် ယနေ့အချိန် တွင် လူဦးရေသန်း၂၀ ကျော် နေထိုင်သည့် တရုတ် နိုင်ငံ၏ ဆီလီကွန်တောင်ကြားဟု တင်စားခေါ်ဝေါ်နိုင်သည့် (Silicon Valley of China) အဖြစ်သို့ တစ်ဆင့်ချင်း အံ့ဖွယ်ပြောင်းလဲတိုးတက်သွားခဲ့သည်။

စမတ်ဖုန်းတစ်လုံးအတွက် လိုအပ်သောအပို ပစ္စည်း၊ ချစ်ပ်ပြား၊ ဖုန်း Screen များအားလုံးကို နာရီပိုင်းအတွင်း ဝယ်ယူရရှိနိုင်သဖြင့် နည်းပညာ တီထွင်သူ လူငယ်များအတွက် ကမ္ဘာ့အကြီးဆုံး အီလက်ထရွန်နစ်စျေးကွက် ဖြစ်လာခဲ့ကာ ကမ္ဘာ့ထိပ်သီးစီးပွားရေးမြို့ကြီးတစ်မြို့အဖြစ် ခံ့ထည်စွာ နေရာယူနိုင်ခဲ့ပြီဖြစ်သည်။

၂၀၂၅ ခုနှစ် စာရင်းဇယားများအရ ရှန်းကျန့်မြို့၏ ဂျီဒီပီ (GDP) သည် တရုတ်ယွမ် ၃ ဒသမ ၈၇ ထရီလီယံအထိရှိခဲ့ပြီး ကမ္ဘာ့အကြီးဆုံး မြို့ကြီး ၁၀ မြို့စာရင်းတွင် ပါဝင်လာကာ စက်မှုကုန်ထုတ်လုပ်မှုနှင့် သွင်းကုန်ထုတ်ကုန်တန်ဖိုးတွင် တရုတ်နိုင်ငံ၏ ပထမနေရာတွင် ရပ်တည်နေသည်။

ဂေဟစနစ်မြို့ပြ (Eco-City) သို့ အသွင်ပြောင်းလဲခြင်း

အရှိန်အဟုန်ဖြင့် စက်မှုထွန်းကားလာမှု၏ ရလဒ်အဖြစ် စီးပွားရေးအခွင့်အလမ်းသစ်များ၊ ဖွံ့ဖြိုးတိုးတက်မှုများကို ဆောင်ကြဉ်းပေးနိုင်ခဲ့သော်လည်း တစ်ဖက်တွင် များပြားလာသည့် မြို့ပြလူနေမှု စနစ်နှင့် စက်ရုံများမှစွန့်ပစ်ပစ္စည်းများ၊ လေထုနှင့် ရေထုညစ်ညမ်းမှုဒဏ်ကို ရှန်းကျန့်မြို့သည် ၂၀၀၀ ပြည့်လွန်နှစ်များက ပြင်းထန်စွာ ခံစားခဲ့ရသည်။

ထိုသို့မြို့ပြပြဿနာများကို ဖြေရှင်းနိုင်ရန် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် မြို့ပြ စီမံကိန်းများတွင် မြို့ပြအလှအပနှင့် ပြည်သူလူထု၏ ကျန်းမာရေးကို ထည့်သွင်းတွက်ချက်ကာ သစ်ပင် ပန်းမန်များနှင့် ပန်းခြံစီမံကိန်းများ ချမှတ်ဖော်ဆောင်ခဲ့သည်။

၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်း၌ ရှန်းကျန့်မြို့တွင် ပန်းခြံပေါင်း ၁၃၅၀ (သဘာဝတောရိုင်း ပန်းခြံ ၃၉ ခု၊ မြို့ပြပန်းခြံ ၂၀၆ ခုနှင့် လူထုပန်းခြံ ၁၁၀၅ ခု) တည်ဆောက်ထားသဖြင့် လူဦးရေ၏ ၉၁ ရာခိုင်နှုန်း ကျော်သည် မိမိတို့နေအိမ်မှ လမ်းလျှောက်ရုံဖြင့် ပန်းခြံများသို့ လွယ်လင့်တကူ ရောက်ရှိနိုင်ကြသည်။

မြို့နေလူထုသည် နည်းပညာများနောက်လိုက် ရင်း မိုဘိုင်းဖုန်းများနှင့်သာ အချိန်ကုန်မနေစေ ရန် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ရေးအတွက်သာမက စိတ်ဓာတ်ခွန်အားရရှိရေးအတွက် ပန်းခြံများအတွင်း စာဖတ်ခြင်းကို ပေါင်းစပ်ထားသော "Park Book Bars" ၁၀၀ ဖော်ဆောင်ထားသည်ကိုလည်း တွေ့ရသည်။

မြို့ပြကို ပုံဖော်ခြင်းနှင့် သစ်တောဗျူဟာ

မြို့၏ နေရာထက်ဝက်နီးပါးကို “အစိမ်းရောင်နှင့် အလှပဆုံးရှန်းကျန့်” (c) ဟူသော ရည်မှန်းချက်ဖြင့် ဂေဟစနစ်ထိန်းသိမ်းရေးနယ်မြေ (Ecological Conservation Redlines) အဖြစ် သတ်မှတ်ထား သည်။ သစ်တောဂေဟစနစ် တိုးတက်ကောင်းမွန် လာစေရန် ရှန်းကျန့်မြို့သည် "Forest Chiefs" စနစ်ကို ကျင့်သုံးပြီး ငါးနှစ်အတွင်း သစ်ပင်တစ်သန်း စိုက်ပျိုးခြင်းစီမံကိန်းကို ဖော်ဆောင်ခဲ့ရာ ယခုအခါ ရှန်းကျန့်မြို့၏ သစ်တောဖုံးလွှမ်းမှုနှုန်းသည် ၃၉ ရာခိုင်နှုန်းအထိ ရောက်ရှိလာသည်။

ထို့ပြင် ရှန်းကျန့်မြို့လယ်ကောင်တွင် ဒီရေတောနှင့် ငှက်မျိုးစုံဘေးမဲ့တောကို စနစ်တကျ ထိန်းသိမ်း ဖော်ဆောင်ထားသည်။ မြို့ပြဖွံ့ဖြိုးမှုကြောင့် တိရစ္ဆာန်များ၏နေရပ်များ မပျောက်ကွယ်စေရန် Meilin တောင်နှင့် Yinhu တောင်ကို ဆက်သွယ်ပေး သည့် “ကောင်းကင်တံတား” ကို တည်ဆောက်ထား သည်။ တံတား၏ ၁၀ ပုံ ၁ ပုံကိုသာ ခရီးသွားများ သွားလာခွင့်ပြုခဲ့ပြီး ကျန်နေရာများကို သစ်ပင်၊ ချုံနွယ်၊ ရေကန်များဖြင့် သဘာဝအတိုင်းထားကာ တိရစ္ဆာန်များ ကျင်လည်ကျက်စား သွားလာနေထိုင် နိုင်ရန် ဖန်တီးထားသည်။

ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ပန်းခြံမြို့တော်

ရှန်းကျန့်မြို့၌ ကမ္ဘာ့ပထမဆုံး “နိုင်ငံတကာ ဒီရေတောဗဟိုဌာန” (International Mangrove Center - IMC)ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် နိုင်ငံပေါင်း ၁၈ နိုင်ငံဖြင့် တရားဝင် ဖွင့်လှစ်ခဲ့ပြီး ယခုနှစ်ဇွန်လတွင် ၂၁ နိုင်ငံအထိ တိုးတက်လာကာ ကမ္ဘာ့ဂေဟစနစ်ထိန်းသိမ်းမှုတွင် အဓိကဗဟိုချက် ဖြစ်လာခဲ့သည်။

ဂေဟစနစ်တန်ဖိုးပြောင်းလဲခြင်း

ရှန်းကျန့်သည် ဂေဟစနစ်၏တန်ဖိုးကို စီးပွားရေးအကျိုးအမြတ်အဖြစ် ပြောင်းလဲနိုင်ရန် Gross Ecosystem Product (GEP) စနစ်ကို တရုတ်နိုင်ငံတွင် ပထမဆုံး ကျင့်သုံးခဲ့သည်။

ထို့ပြင် Super Typhoon ကဲ့သို့သော သဘာဝဘေးအန္တရာယ်များကို ကာကွယ်ရန် သဘာဝအခြေပြု ဖြေရှင်းနည်းများ (Nature-based Solutions - NbS) ကို အသုံးပြုကာ ၁၅ ဒသမ ၆ ကီလိုမီတာ ရှည်လျားသော “အရှေ့ဘက် ဂေဟစနစ်ပင်လယ် တံတိုင်း” (Eastern Ecological Seawall) ကို တည်ဆောက်ခဲ့ပြီး နှစ်ပေါင်း၂၀၀ တွင် တစ်ကြိမ်ဖြစ်ပွားနိုင်သော ဆိုးရွားသည့် မုန်တိုင်းဒီရေလှိုင်း ဒဏ်ကို ခံနိုင်ရည်ရှိအောင် အဆင့်မြှင့်တင်ဆောင်ရွက်ထားသည်ကို လေ့လာသိရှိရသည်။

နည်းပညာဖြင့် ပတ်ဝန်းကျင်ကို ထိန်းသိမ်းခြင်း

ရှန်းကျန့်မြို့သည် စက်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင်သာ ထိပ်တန်းရောက်နေသည် မဟုတ်၊ အစိမ်းရောင်နည်းပညာများတွင်လည်း ရှေ့ဆောင်မြို့ပြတစ်ခုဖြစ်သည်။ အထူးသဖြင့် ကမ္ဘာ့ ပထမဆုံး "Supercharging City" ဖြစ်လာစေရန် ရည်မှန်းချက်ထားပြီး စက်သုံးဆီအရောင်းဆိုင်များ ထက် လျှပ်စစ်ကားအားသွင်းနိုင်သည့်နေရာများ (Supercharging Stations)များကို ပိုမိုတည်ဆောက် ပေးထားသည်ကို တွေ့ရသည်။

“ကော်ဖီတစ်ခွက်သောက်ရင်း အားအပြည့်သွင်း” (A cup of coffee, a full charge) ဆိုသည့်အတိုင်း လျှပ်စစ်ကားငယ်များကို ၅ မိနစ်အတွင်း ၇၀ ရာခိုင်နှုန်းအထိ အားသွင်းပေးနိုင်သည့် Liquid-cooling နည်းပညာကို အသုံးပြုကာ မြို့အတွင်း ၄၈၀ ကီလိုဝပ် နှင့်အထက်ရှိသော စူပါအားသွင်းစတေရှင်ပေါင်း ၁၂၂၇ ခုကို တည်ဆောက်ထားသည်။

ရှန်းကျန့်သည် မြို့ပြစွမ်းအင်သုံးစွဲမှုကို ထိန်းချုပ်ခြင်း၊ ယာဉ်ကြောပိတ်ဆို့မှုနှင့် ကာဗွန် ထုတ်လွှတ်မှု လျှော့ချခြင်းတို့ကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိသည်။ မြို့တွင်းရှိ အများပြည်သူသုံးဘတ်စ်ကားများနှင့် တက္ကစီများကို လျှပ်စစ်ကားများ (EVs) သို့ ရာနှုန်းပြည့်ပြောင်းလဲ အသုံးပြုနိုင်ခြင်းက ကာဗွန်ထုတ်လွှတ်မှုကို သိသာစွာ လျော့ကျစေခဲ့သဖြင့် "Green Transition" ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နေကြောင်း သိရသည်။

ရှန်းကျန့် မြို့သည် အခြားကမ္ဘာ့မြို့ကြီးများကဲ့သို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အင်တိုက် အားတိုက်လုပ်ဆောင်နေသည်။ စွမ်းအင်သက်သာသည့် အဆောက်အအုံများ၊ ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် (နေရောင်ခြည်စွမ်းအင်၊ လေစွမ်းအင်) သုံးစွဲမှုများကို တိုးမြှင့်ကာ လူနေမှုဘဝ အရည်အသွေး နှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးကို ဟန်ချက်ညီစေရန် ဦးစားပေး ကြိုးပမ်းလျက်ရှိသည်။

နည်းပညာများ၊ အစိမ်းရောင်စွမ်းအင်များ၊ ကျန်းမာရေးနှင့်ညီညွတ်မျှတသည့် ပန်းခြံမြို့တော် မြို့ပြစီမံကိန်းစနစ်များနှင့် ရှန်းကျန့်မြို့၏ ဆယ်စုနှစ်တစ်ခုစီအလိုက် ဖြတ်သန်းခဲ့ရသည့် သမိုင်း ကြောင်း၊ အခက်အခဲများနှင့် အားမာန်များက မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးတိုးတက်မှုရရှိရန် အားယူနေရသည့် နိုင်ငံများအတွက် စံနမူနာယူဖွယ်ဖြစ်သည်။

ထားဝယ်အထူးစီးပွားရေးဇုန်၊ သီလဝါအထူး စီးပွားရေးဇုန်နှင့် ကျောက်ဖြူရေနက်စီမံကိန်းကဲ့သို့ အထူးစီးပွားရေးဇုန်များဖော်ဆောင်ကာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ပြီး ကုန်ထုတ်စွမ်းအား မြင့်မားအောင်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေသည့်အတွက် ရှန်းကျန့် အထူးစီးပွား ရေးဇုန်ဖော်ဆောင်ကာ စက်မှုလုပ်ငန်းတိုးတက်အောင် ဆောင်ရွက်နိုင်သည့် စီမံခန့်ခွဲမှုများကလည်း သင်ခန်းစာယူစရာ အတွေ့အကြုံကောင်းများပင် ဖြစ်သည်။

ထိုသို့ နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသည့် အောင်မြင်ရေးနည်းလမ်း၊ ဖွံ့ဖြိုးတိုးတက်မှုကျင့်စဉ်၊ မဟာဗျူဟာ၊ နည်းဗျူဟာများအနက် မလိုသည်ကိုပယ်၊ မိမိတို့နိုင်ငံ၊ ရပ်ရွာဒေသနှင့် ကိုက်ညီသည်များကို သင်ခန်းစာယူ လိုက်နာကျင့်သုံး ဆောင်ရွက်ခြင်းဖြင့် ပြည်သူများ ရောဂါဘယကင်းဝေးကာ ကုန်ထုတ်စွမ်းအားမြင့်မားပြီး ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှုဝန်းကျင်ကောင်းများကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။