ဆန်သည် မြန်မာလူမျိုးတို့၏တစ်နေ့တာ အဓိကအစာဖြစ်သည်။ မြန်မာနိုင်ငံသားတစ်ဦးသည် တစ်နှစ်လျှင် ဆန် ၁၅၀ ကီလိုဂရမ်ကျော်စားသုံးပြီး တစ်နေ့တာလိုအပ်သော ကယ်လိုရီစွမ်းအင်၏ ၇ဝ ရာခိုင်နှုန်းမှ ၈ဝ ရာခိုင်နှုန်းအထိကို ဆန်ကပံ့ပိုးပေးထားခြင်းဖြစ်ရာ ဆန်စပါးဖူလုံရေးသည် မိမိတို့နိုင်ငံအတွက် လွန်စွာအရေးကြီးသည်။
မြန်မာနိုင်ငံတွင် စိုက်ပျိုးနိုင်သော လယ်ယာမြေစုစုပေါင်း၏ ၄၅ ရာခိုင်နှုန်းကျော် (ဟက်တာ ၆ သန်းကျော်) တွင် စပါးကိုသာ အဓိကစိုက်ပျိုးကြသည်။ မြန်မာနိုင်ငံရှိ ကျေးလက်ဒေသနေ မိသားစုပေါင်း ၅ သန်းကျော်သည် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု၊ ကြိတ်ခွဲမှု၊ သယ်ယူပို့ဆောင်မှုနှင့် ဆန်စပါးကုန်သွယ်မှု ကွင်းဆက် (Value Chain) ပေါ်တွင် မှီခို၍ အသက်မွေးဝမ်းကျောင်း ပြုနေကြရခြင်းဖြစ်သည်။
တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ စပါးသီးနှံစိုက်ပျိုးထုတ်လုပ်သော တောင်သူလယ်သမားများအတွက် သင့်တင့်မျှတသော ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်စေရေး စိုက်ပျိုးထုတ်လုပ်မည့် စပါးသီးနှံအတွက် အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိ၍ အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်ပြီး အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းများနှင့်ကိုက်ညီသည့် တစ်တင်း ၄၆ ပေါင်ကိုက် စပါးတင်း ၁၀၀ လျှင် ငွေကျပ် ၁၃၅၀၀၀၀ သတ်မှတ်လိုက်သည်။ အဆိုပါဈေးနှုန်းသည် ၂၀၂၆ ခုနှစ် မိုးစပါးနှင့် ၂၀၂၇ ခုနှစ် နွေစပါးအတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပြီး စပါးပေါ်ချိန် ဈေးကွက်ပေါက်စျေးသည် အခြေခံရည်ညွှန်းစပါးဈေးနှုန်းအပေါ်တွင်ဖြစ်ပါက ဈေးကွက်ပေါက်ဈေးအတိုင်းဝယ်ယူရန်နှင့် ဈေးကွက်ပေါက်စျေးသည် အခြေခံရည်ညွှန်းဈေးနှုန်းအောက်တွင်ဖြစ်ပါက အခြေခံဈေးနှုန်းအတိုင်း ဝယ်ယူရန်ဖြစ်သည်။
အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများအတွက် သင့်တင့်မျှတသော ဈေးနှုန်းနှင့်ဈေးကွက် ဖြစ်ပေါ်လာစေရန်နှင့် စပါးလှိုင်လှိုင်ပေါ်ချိန်တွင် ကုန်သည်များနှင့် စက်ပိုင်များက ဈေးနှုန်းနှိမ်၍ ဝယ်ယူခြင်းကြောင့် တောင်သူများ အကျိုးအမြတ်နည်းပါးခြင်း သို့မဟုတ် အရှုံးပေါ်ခြင်းတို့မှကာကွယ်ရန် ထုတ်ပြန်ခြင်းဖြစ်သည်။ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် ကာလပေါက်ဈေးတို့ကို တွက်ချက်ကာ တောင်သူများအတွက် မျှတသည့်အခြေခံအာမခံချက် ဈေးနှုန်းတစ်ခုကို အစိုးရနှင့် သက်ဆိုင်ရာအဖွဲ့အစည်းတို့က ကြားဝင်ထိန်းညှိ သတ်မှတ်ပေးခြင်းဖြင့် သင့်တင့်သောဈေးကွက်ကို ဖြစ်ပေါ်စေသည်။
အခြေခံရည်ညွှန်းစပါးဈေးနှုန်း သတ်မှတ်ချက်သည် တောင်သူလယ်သမားများအတွက် ကုန်ကျစရိတ်အပြင် အနည်းဆုံးနှုန်းထားတစ်ခုအထိ အကျိုးအမြတ်ခွင့်ပြုပေးရန် ရည်ရွယ်ပြီး စားသုံးသူဘက်ကိုလည်း ဆန်ဈေးနှုန်းအဆမတန်မြင့်တက်မသွားစေရန် ထိန်းညှိသည့်စနစ်ဖြင့် ပြန်လည်ကြည့်ရှုပေးထားသည်။ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေအရ စပါးဈေးနှုန်းသတ်မှတ်ရာတွင် တောင်သူများ၏ ပျမ်းမျှစိုက်ပျိုးထုတ်လုပ်မှုစရိတ် (မျိုးစေ့၊ မြေသြဇာ၊ လုပ်အားခ၊ စက်ကိရိယာခ) အပေါ်တွင် အနည်းဆုံးအကျိုးအမြတ် (Net Profit) ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းဝန်းကျင်ရရှိနိုင်ရန် အခြေခံတွက်ချက် သတ်မှတ်ပေးလေ့ရှိသည်။ ပြင်ပစျေးကွက်တွင် စပါးဈေးများ မည်မျှပင်ကျဆင်းပါစေ အစိုးရနှင့် ဆန်စပါးအသင်းချုပ်တို့က သတ်မှတ်ထားသည့် အခြေခံရည်ညွှန်းဈေးအောက်မကျစေဘဲ ဝယ်ယူပေးရန် တာဝန်ယူရသဖြင့် တောင်သူများ အရင်းပြုတ် အရှုံးပေါ်ခြင်းမှ အကာအကွယ်ကိုရရှိသည်။
စားသုံးသူအတွက် အကာအကွယ်ပေးရာတွင် စပါးအခြေခံဈေးနှုန်းကိုမူတည်၍ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သင့်တင့်မျှတသော ဆန်ရည်ညွှန်းဈေးနှုန်းကို ဆန်အမျိုးအစားအလိုက်၊ ကာလအလိုက် ခွဲခြားထုတ်ပြန်ခြင်း၊ ကုန်သည်များနှင့် လက်လီ လက်ကားဆိုင်များက စားသုံးသူအပေါ် ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်းမရှိစေရန် စစ်ဆေးအရေးယူမှုများ ပြုလုပ်ခြင်း၊ ဆန်စျေးနှုန်းအဆမတန်တက်ပါက သိုလှောင်ထားသော အရန်ဆန်များကို ထုတ်ရောင်းပေးကာ ဈေးကွက်တည်ငြိမ်အောင် ပံ့ပိုးပေးခြင်းတို့ပြုလုပ်သည်။
ဆန်စပါးသည် မြန်မာနိုင်ငံ၏ စားနပ်ရိက္ခာဖူလုံမှု၊ စီးပွားရေးမောင်းနှင်အားနှင့် လူမှုစီးပွားတည်ငြိမ်မှုတို့အတွက် လွန်စွာအရေးကြီးသည့် သီးနှံဖြစ်သည်။ ဆန်ဈေးနှုန်းသည် နိုင်ငံ၏ အခြေခံကုန်စျေးနှုန်းများအပေါ် တိုက်ရိုက်လွှမ်းမိုးခြင်းကြောင့် ဆန်ဈေးနှုန်းတည်ငြိမ်မှုသည် စီးပွားရေး၊ လူမှုရေးတို့အရလည်း တည်ငြိမ်မှုကိုဖြစ်စေသည်။ ဆန်စပါးသည် စိုက်ပျိုးစီးပွား၏ ပင်မအသက်သွေးကြောလည်းဖြစ်ရာ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုမြင့်မားရေးအတွက် ဆန်စပါးနှင့် ဆက်စပ်နှီးနွှယ်သူအားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။


