စိုက်ပျိုးထုတ်လုပ်မှုတည်တံ့ဖို့ ပေါင်းစပ်မြေဆီလွှာအာဟာရဓာတ် စီမံခန့်ခွဲစို့

ဒေါက်တာနီနီတင့် (စိုက်သု)

မြန်မာနိုင်ငံတွင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရန် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးနှင့် ပေါင်းသတ်ဆေးများကို မဆင်မခြင်အသုံးပြုလာခြင်းတို့ကြောင့် မြေဆီလွှာကျစ်ခဲလာခြင်း၊ အဏုဇီဝသက်ရှိများ လျော့နည်းလာခြင်း၊ မြေချဉ်ငန်ကိန်း (pH) မျှတမှု ပျက်ယွင်းခြင်းနှင့် မြေဆီလွှာအာဟာရဓာတ်များ လျော့နည်းလာခြင်းတို့ကို တွေ့ကြုံနေရပါသည်။ ဤကဲ့သို့သောအခြေအနေများကြောင့် သီးနှံအထွက်နှုန်းနှင့် အရည်အသွေးထိခိုက်နိုင်သကဲ့သို့ သွင်းအားစုကုန်ကျစရိတ်လည်း မြင့်တက်လာနိုင်ပါသည်။

ထို့ကြောင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ် ဖွံ့ဖြိုးလာစေရန် ဓာတ်မြေဩဇာအသုံးပြုမှုအား စနစ်တကျလျှော့ချခြင်း၊ သဘာဝမြေဩဇာနှင့် ဇီဝမြေဩဇာများကို ပိုမိုအသုံးပြုခြင်း၊ ပေါင်းစပ် မြေဆီလွှာအာဟာရဓာတ် စီမံခန့်ခွဲမှုစနစ် (Inte-grated Nutrient Management) ကို ကျင့်သုံးခြင်း နှင့် မြေဆီလွှာကျန်းမာရေးဆိုင်ရာ သုတေသနနှင့် နည်းပညာ ပြန့်ပွားရေးလုပ်ငန်းများကို အားပေး ဆောင်ရွက်ရန် လိုအပ်လာပါသည်။

သစ်ဆွေးဓာတ် လုံလောက်စွာရှိခြင်းသည် မြေဆီလွှာကျန်းမာရေးအတွက် အရေးကြီး

မြေဆီလွှာတွင် သစ်ဆွေးဓာတ် လုံလောက်စွာရှိခြင်းသည် မြေဆီလွှာကျန်းမာရေးအတွက် အခြေခံအရေးကြီးပါသည်။ မြေဆွေးနှင့် တိရစ္ဆာန် အညစ်အကြေးများကဲ့သို့သော သဘာဝမြေဩဇာ များသည် မြေဆီလွှာအတွင်း သစ်ဆွေးဓာတ်ကို ဖြည့်တင်းပေးပြီး မြေဆီလွှာဖွဲ့စည်းပုံ ပိုမိုကောင်းမွန် စေပါသည်။ ထို့အပြင် ရေထိန်းနိုင်စွမ်းနှင့် လေဝင်လေထွက်ကောင်းမွန်စေကာ အပင်များလိုအပ်သည့် မရှိမဖြစ်နှင့် အနည်းလိုအာဟာရဓာတ်များကို ပိုမိုထိရောက်စွာ စုပ်ယူနိုင်စေပါသည်။ သဘာဝ မြေဩဇာမှ အာဟာရဓာတ်များကို တဖြည်းဖြည်း ထုတ်လွှတ်ပေးသဖြင့် သီးနှံပင်များက အချိန် ကြာမြင့်စွာ အာဟာရရရှိနိုင်ပြီး အာဟာရဓာတ် အလဟဿဆုံးရှုံးမှုကိုလည်း လျှော့ချပေးနိုင်ပါသည်။

သီးနှံစိုက်ခင်းများတွင် သဘာဝမြေဩဇာကို ဓာတ်မြေဩဇာနှင့် ပေါင်းစပ်အသုံးပြုခြင်းဖြင့် ဓာတ်မြေဩဇာများ ရေနှင့်အတူ စီးဆင်းဆုံးရှုံးမှုကို လျှော့ချနိုင်သကဲ့သို့ မြေဆီလွှာအတွင်းရှိ အကျိုးပြု ဗက်တီးရီးယားများ၊ မှိုများနှင့် အခြားအဏုဇီဝ သက်ရှိများ၏ လုပ်ဆောင်ချက်ကိုလည်း အားပေးနိုင်ပါသည်။ ယင်းအဏုဇီဝသက်ရှိများသည် အာဟာရ ဓာတ်များကို အပင်များ ရယူအသုံးပြုနိုင်စေရန် ကူညီပေးသဖြင့် မြေဆီလွှာ၏ ဇီဝလည်ပတ်မှု ပိုမိုကောင်းမွန်လာစေပါသည်။

လယ်ယာထွက်စွန့်ပစ်ပစ္စည်းများ၊ တိရစ္ဆာန် အညစ်အကြေးများနှင့် မီးဖိုချောင်သုံး အော်ဂဲနစ် စွန့်ပစ်ပစ္စည်းများကို မြေဆွေးပြုလုပ်၍ ပြန်လည် အသုံးပြုခြင်းသည်လည်း သဘာဝ မြေဩဇာရရှိစေ ရန်နှင့် မြေဆီလွှာသစ်ဆွေးဓာတ် ပြန်လည်ဖြည့်တင်းရန် ထိရောက်သော နည်းလမ်းတစ်ရပ် ဖြစ်ပါသည်။

ဓာတ်မြေဩဇာများသည် အာဟာရဓာတ်ကို လျင်မြန်စွာ ဖြည့်တင်းပေးနိုင်ပြီး အထွက်နှုန်းကို မြှင့်တင်ပေးနိုင်သော်လည်း မဆင်မခြင်နှင့် မျှတမှု မရှိဘဲ အသုံးပြုပါက ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် မြေဆီလွှာပျက်စီးမှုတို့ ဖြစ်ပေါ်စေနိုင်ပါသည်။ အခြားတစ်ဖက်တွင် သဘာဝမြေဩဇာများသည် မြေဆီလွှာကျန်းမာရေးကို တိုးတက်စေသော်လည်း အာဟာရဓာတ် ထုတ်လွှတ်မှုနှေးကွေးခြင်း၊ ပမာဏများစွာ လိုအပ်ခြင်းနှင့် သယ်ယူပို့ဆောင်ရေးစရိတ် မြင့်မားနိုင်ခြင်းတို့ကြောင့် လက်တွေ့အသုံးပြုရာတွင် အခက်အခဲများ ရှိနိုင်ပါသည်။ ထို့ကြောင့် သဘာဝမြေဩဇာ၊ ဇီဝမြေဩဇာနှင့် ဓာတ်မြေဩဇာတို့ကို မြေဆီလွှာအခြေအနေ၊ သီးနှံလိုအပ်ချက်နှင့် ဒေသတွင်းရရှိနိုင်သည့် အရင်းအမြစ်များအပေါ် မူတည်၍ မျှတစွာ ပေါင်းစပ်အသုံးပြုရန် လိုအပ်ပါ သည်။

မြေဆီလွှာကျန်းမာရေး စီမံခန့်ခွဲမှု အောင်မြင်စေရန် တောင်သူလယ်သမားများ၏ အသိပညာနှင့် ပူးပေါင်းပါဝင်မှုသည် အရေးကြီးပါသည်။ ထို့ကြောင့် မြေဆီလွှာထိန်းသိမ်းရေး၊ အာဟာရဓာတ် စီမံ ခန့်ခွဲရေးနှင့် သီးနှံစိုက်ပျိုးနည်းပညာများကို လက်တွေ့အသုံးချနိုင်အောင် သင်တန်းများ၊ ပညာပေး အစီအစဉ်များနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းများကို ဆက်လက်အားပေးရန် လိုအပ်ပါသည်။

ပိုက်ဆံလျှော်ကို သစ်စိမ်းမြေဩဇာအဖြစ် အသုံးပြုနိုင်

သုတေသနရလဒ်များအရ ပဲမျိုးရင်းဝင် သစ်စိမ်း မြေဩဇာအပင်များကို စိုက်ခင်းအတွင်း ရေရှည် ထည့်သွင်းအသုံးပြုခြင်းသည် လေထုထဲမှ နိုက်ထရိုဂျင်ဓာတ်ကို ဖမ်းယူပေးနိုင်သကဲ့သို့ မြေဆီလွှာ သစ်ဆွေးဓာတ်ကိုလည်း တိုးတက်ကောင်းမွန်စေပါသည်။ ထိုနည်းလမ်းဖြင့် ဓာတ်မြေဩဇာသုံးစွဲမှုကို ခန့်မှန်းခြေအားဖြင့် ၃၀ မှ ၅၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ကြောင်း တွေ့ရှိထားပါသည်။ ညံပင်၊ ပဲလွမ်း၊ ပိုက်ဆံလျှော် စသည့်ပဲမျိုးရင်းဝင်အပင်များကို သစ်စိမ်းမြေဩဇာအဖြစ် အသုံးပြုနိုင်ပြီး ထယ်မြှုပ်သည့်အချိန်ကို ပန်းစပွင့်ချိန်မှ နောက်အကျဆုံး ၅၀ ရာခိုင်နှုန်းခန့် ပန်းပွင့်ချိန်အတွင်း သတ်မှတ်အသုံးပြုနိုင်ပါသည်။

အပင်သက်တမ်းအားဖြင့် ဆိုလျှင် ၄၅ ရက်သားမှ ၆၅ ရက်သားအတွင်း ဖြစ်ပါသည်။ ထို့အပြင် Gliricidia ဟုခေါ်ဆိုသော မြေနိမ့်ချယ်ရီပင်ကိုလည်း သစ်စိမ်းမြေဩဇာအဖြစ် အသုံးပြုနိုင်ပြီး မြေလှပ် ကာလတွင် ကိုင်းများခုတ်ဖြန့်ထားပြီး အရွက်ကြွေကျပြီးနောက် အကိုင်းခြောက်များဖယ်ကာ အရွက်များကို မြေတွင်းထယ်မြှုပ်ပေးပါက ၃ ပတ်မှ ၄ ပတ်အတွင်း ဆွေးမြည့်ပြီး မြေဆီလွှာအာဟာရ ဓာတ် ဖြည့်တင်းပေးနိုင်ပါသည်။ ထိုကိုင်းခြောက်များကို ထင်းအဖြစ် အသုံးပြုနိုင်ပါသေးသည်။

သီးနှံစိုက်ပျိုးထုတ်လုပ်မှုတွင် အာဟာရဓာတ် စီမံခန့်ခွဲမှုသည် မြေချဉ်ငန်ကိန်းနှင့်လည်း ဆက်စပ် နေပါသည်။ မြေချဉ်ငန်ကိန်းအရ စိုက်ပျိုးမြေက သမအနေအထားအတွင်းဆိုလျှင် သီးနှံပင်များမှ အာဟာရဓာတ်များကို ရယူနိုင်မည်ဖြစ်ပါသည်။ သုတေသနတွေ့ရှိချက်အရ မြေချဉ်ငန်ကိန်း အနည်းငယ်နိမ့်သော နုန်းဆန်သည့်သဲမြေများတွင် စပါးခွံများကို လုံးဝလောင်ကျွမ်းသွားအောင် မီးရှို့ မည့်အစား ၂၅ ရာခိုင်နှုန်းခန့်သာ မီးလောင်ကျွမ်းစေပြီး စပါးခွံဘိုင်အိုချာ ပြုလုပ်ကာ တစ်ဧက ၅ တန် နှုန်း ထည့်သွင်းအသုံးပြုပါက မထည့်သွင်းသည် ထက် စပါးအထွက်နှုန်း ၅ ရာခိုင်နှုန်းခန့် ပိုမိုရရှိနိုင် ကြောင်း တွေ့ရှိရပါသည်။ ထိုဘိုင်အိုချာကို တစ်ဧက ၅ တန်နှုန်းဖြင့် ၃ ကြိမ်ဆက်တိုက် အသုံးပြုသောအခါ မြေချဉ်ငန်ကိန်းသည် ၄ ဒသမ ၈၃ မှ ၅ ဒသမ ၂၄ အထိ တိုးတက်လာပြီး မြေဖွဲ့စည်းပုံကောင်းမွန်လာသကဲ့သို့ အပင်စားသုံးနိုင်သော ဖော့စဖိတ်နှင့် ပိုတက်ဆီယမ်ဓာတ်များလည်း တိုးလာကြောင်း တွေ့ရှိရပါသည်။

ပဲမြစ်ဖု ဗက်တီးရီးယားသည်နိုက်ထရိုဂျင်ဓာတ်ကို ဖမ်းယူပေးနိုင်

နောက်ထပ် သုတေသနရလဒ်အနေဖြင့် လေထုအတွင်းမှ နိုက်ထရိုဂျင်ဓာတ်ငွေ့များကို အပင်များ အတွက် ရယူပေးသော မြစ်ဖုဗက်တီးရီးယားများကိုအသုံးပြုခြင်းသည် ပဲပင်များအတွက် နိုက်ထရိုဂျင် အာဟာရဓာတ်လုံလောက်စွာ ဖြည့်တင်းပေးနိုင်ပါသည်။ ပဲမြစ်ဖု ဗက်တီးရီးယားများသည် ပဲမျိုး အလိုက် လေထုထဲမှ နိုက်ထရိုဂျင်ဓာတ်ကို တစ်ဧက လျှင် ပေါင် ၄၀ မှ ပေါင် ၁၅၀ အထိ ဖမ်းယူပေးနိုင် ပါသည်။

ပဲမျိုးစုံသီးနှံများစိုက်ပျိုးရာတွင် ရိုင်ဇိုဘီယမ် ဗက်တီးရီးယား ဇီဝမြေဩဇာ အသုံးပြုစိုက်ပျိုးပါက နိုက်ထရိုဂျင်ဓာတ်မြေဩဇာအား လျှော့ချသုံးစွဲနိုင်ပြီး သီးနှံအထွက်တိုးစေပါသည်။ ပဲမြစ်ဖုဇီဝမြေဩဇာ အသုံးပြုခြင်းသည် အသုံးမပြုခြင်းထက် ပဲပင်တွေမှာ မြစ်ဖုဖြစ်ပေါ်မှု ၁၀၀ ရာခိုင်နှုန်းထိ ပိုမိုစေပြီး ပဲမျိုး ကိုလိုက်၍ အထွက်နှုန်း ၁၆ ရာခိုင်နှုန်းမှ ၅၇ ရာခိုင် နှုန်းခန့်အထိ အထွက်တိုးစေသည်ကို တွေ့ရှိရပါ သည်။ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ပဲ ခြောက်မျိုး (ကုလားပဲ၊ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲလွမ်း၊ ပဲပုပ်၊ မြေပဲ)အတွက် ပဲမြစ်ဖုဇီဝမြေဩဇာ ခြောက်မျိုး ထုတ်လုပ်ပေးလျက်ရှိပါသည်။

ထို့အပြင် သီးနှံစိုက်ပျိုးထုတ်လုပ်မှုတွင် ထရိုင် ခိုဒါးမားမှို အသုံးပြုခြင်းသည်လည်း သီးနှံထုတ်လုပ် မှုတွင် အကျိုးရှိသော နည်းလမ်းတစ်ရပ် ဖြစ်ပါသည်။ ယင်းမှိုသည် မြေဆောင်နှင့် မျိုးစေ့ဆောင်ရောဂါများကို ကာကွယ်ပေးနိုင်ရုံသာမက အပင်ကြီးထွားမှုကို အားပေးသည့် ဟော်မုန်းများ ထုတ်ပေးခြင်းနှင့် အာဟာရဓာတ် ရယူအသုံးပြုနိုင်မှု တိုးတက်စေခြင်း တို့မှတစ်ဆင့် အပင်များ ကျန်းမာသန်စွမ်းစေရန် ကူညီပေးနိုင်ပါသည်။ ပျိုးခင်းနှင့် ပျိုးပေါင်များတွင် အသုံးပြုခြင်းအပြင် မြေဆွေးပုံပြုလုပ်ရာတွင်လည်း ဆွေးမြည့်မှု ပိုမိုမြန်ဆန်စေရန် အသုံးချနိုင်ပါသည်။

စပါးသီးနှံတွင် ယူရီးယားမြေဩဇာကို အကျိုးရှိစွာ အသုံးချနိုင်ရန်အတွက် နွားချေး သို့မဟုတ် မြေဆွေးအမှုန့်နှင့် ခြောက်ဆတူ ရောစပ်ကာ လေလုံအောင်နှပ်၍ အရိပ်အောက် ခြောက်သွေ့သော နေရာတွင် တစ်ညကြိုတင်ထားပြီးမှ ထည့်သွင်းပေး ခြင်းဖြင့် အပင်၏ ယူရီးယားရယူအသုံးချနိုင်စွမ်း ပိုမိုကောင်းမွန်စေကာ နွားချေး သို့မဟုတ် မြေဆွေး မပါဘဲ အသုံးပြုခြင်းထက် အထွက်နှုန်း ၉ ရာခိုင်နှုန်း ပိုမိုရရှိခဲ့ကြောင်း သုတေသနရလဒ်များက ဖော်ပြထားပါသည်။

သီးနှံတစ်မျိုးတည်းကို ဆက်တိုက်စိုက်ပျိုးခြင်းထက် နိုက်ထရိုဂျင်ဓာတ် ပြန်လည်ဖြည့်တင်းပေးနိုင် သည့် ပဲမျိုးရင်းဝင်သီးနှံများနှင့် အလှည့်ကျစိုက်ပျိုးခြင်းက မြေဆီလွှာအာဟာရဓာတ် ဟန်ချက်ညီစေ ရန် ကူညီပေးပြီး ဓာတ်မြေဩဇာသုံးစွဲမှုကို လျှော့ချနိုင်ပါသည်။ ထို့အပြင် ပိုးမွှားနှင့် ရောဂါပိုးများ၏ သံသရာကို ဖြတ်တောက်နိုင်သဖြင့် ပိုးသတ်ဆေး နှင့် မှိုသတ်ဆေး အသုံးပြုမှုလည်း လျော့နည်းနိုင်ပါ သည်။ သုတေသနရလဒ်များအရ စပါး-ပဲ-စပါး သီးနှံ ပုံစံကို နှစ်ရှည်စိုက်ပျိုး၍ မိုးနှောင်းပဲသီးနှံ၏ အပင် အကြွင်းအကျန်နှင့် ပဲမှော်ဖတ်များကို မြေဆီလွှာအတွင်း ပြန်လည်ထည့်သွင်းပေးခြင်းဖြင့် နောက် သီးနှံနွေစပါး အထွက်နှုန်းသည် မိုးနှောင်းမြေလှပ်ထားမှုထက် ၃ မှ ၁၉ ရာခိုင်နှုန်းခန့် ပိုမိုရရှိခဲ့ကြောင်း တွေ့ရှိထားပါသည်။

ကောက်ရိုးနှင့် အခြားသီးနှံအကြွင်းအကျန်များကို ရိတ်သိမ်းပြီးနောက် မီးရှို့ပစ်မည့်အစား မြေဆီလွှာ အတွင်း ပြန်လည်ထည့်သွင်းပေးခြင်းသည် သစ်ဆွေးဓာတ်ပါဝင်မှုကို တိုးစေပြီး မြေဆီလွှာအာဟာရဓာတ်နှင့် သီးနှံထုတ်လုပ်မှုကို တိုးတက်စေနိုင်ပါသည်။ တစ်ချိန်တည်းတွင် မြေနှင့်ရေတိုက်စားမှုကို လျှော့ချနိုင်ပြီး အာဟာရဓာတ်များ ရေစီးကြောင်းဖြင့် ဆုံးရှုံးခြင်းနှင့် မြေအောက်သို့ စိမ့်ဝင်ဆုံးရှုံးခြင်းတို့ကိုလည်း လျော့နည်းစေနိုင်ပါသည်။

ထို့ကြောင့် ဒေသတွင်း ပေါများစွာရရှိနိုင်သည့် လယ်ယာဘေးထွက်ပစ္စည်းများကို မြေဆွေးပုံ ပြုလုပ်ရန် ပြန်လည်အသုံးချခြင်းအားဖြင့် ဈေးနှုန်းမြင့်မားသော ဓာတ်မြေဩဇာသွင်းအားစုများကို လျှော့ချနိုင်ကာ ကုန်ကျစရိတ်သက်သာစွာဖြင့် မြေဆီဩဇာ ထက်သန်အောင် ဆောင်ရွက်နိုင်ပါသည်။

မြေဆွေးပုံကို တောင်သူများကိုယ်တိုင် စိုက်ခင်းအတွင်း ပြုလုပ်အသုံးပြုခြင်းဖြင့် ဓာတ်မြေဩဇာ လိုအပ်ချက်ကို လျှော့ချနိုင်သကဲ့သို့ မြေဆီလွှာ အတွင်း အာဟာရဓာတ်နှင့် အစိုဓာတ်ကို ထိန်းသိမ်း ပေးနိုင်ပါသည်။ ထို့အပြင် အော်ဂဲနစ်ပစ္စည်းများ ဆွေးမြည့်စေရန် လုပ်ဆောင်ပေးသည့် အကျိုးပြု အဏုဇီဝသက်ရှိများနှင့် မှိုများ၏ လုပ်ဆောင်ချက်ကို အားပေးကာ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ် ကို ထိန်းသိမ်းရာတွင်လည်း အထောက်အကူပြုပါသည်။

၂၀၂၄-၂၀၂၅ ခုနှစ် မိုးနှင့် နွေရာသီများတွင် ရုရှားနည်းပညာဖြင့် ထုတ်လုပ်သည့် ဟျူးမစ် သဘာဝအပင်အားဆေးရည်ကို စပါးသီးနှံတွင် ၁၀၀ ရာခိုင်နှုန်း ဓာတ်မြေဩဇာနှင့် ၇၀ ရာခိုင်နှုန်း ဓာတ်မြေဩဇာစနစ်တို့တွင် တွဲဖက်စမ်းသပ်ခဲ့ရာ၌ ၇၀ ရာခိုင်နှုန်း ဓာတ်မြေဩဇာနှင့် ဟျူးမစ်သဘာဝ အပင်အားဆေးရည် တွဲဖက်အသုံးပြုသည့် စမ်းသပ်ချက်သည် ၁၀၀ ရာခိုင်နှုန်း ဓာတ်မြေဩဇာ အသုံးပြုသည့် စမ်းသပ်ချက်နှင့် စပါးအထွက်နှုန်း သိသိသာသာကွာခြားမှုမရှိကြောင်း တွေ့ရှိခဲ့ပါသည်။

မြေဆီလွှာကျန်းမာမှသာ မျှော်မှန်းအထွက်နှုန်း ကို ရရှိနိုင်မည်ဖြစ်သဖြင့် မြေဆီလွှာယိုယွင်းပျက်စီး မှု မဖြစ်စေရန် ကာကွယ်ထိန်းသိမ်းခြင်းသည် အရေးကြီးပါသည်။ လူသားတို့၏ စားရေရိက္ခာဖူလုံရေး၊ ဂေဟစနစ် တည်ငြိမ်ရေးနှင့် ရေရှည်တည်တံ့သောစိုက်ပျိုးထုတ်လုပ်ရေးတို့သည် မြေဆီလွှာ ကျန်းမာရေးနှင့် တိုက်ရိုက်ဆက်စပ်နေပါသည်။ မြေဆီလွှာ၏ အရေးပါမှုကို ကမ္ဘာ တစ်ဝန်း ပိုမိုသတိပြုမိစေရန် ၂၀၁၄ ခုနှစ်မှစ၍ ဒီဇင်ဘာ ၅ ရက်နေ့ကို ကမ္ဘာ့မြေဆီလွှာနေ့ အဖြစ် သတ်မှတ်ကျင်းပခဲ့ပြီး မြေဆီလွှာ ကျန်းမာရေး၊ ထိန်းသိမ်းရေးနှင့် သယံဇာတ စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိပါသည်။

မြေဆီလွှာကျန်းမာရေးကို ထိန်းသိမ်းခြင်း

 အပေါ်ယံမြေဆီလွှာ အထူတစ်လက်မ ဖြစ်ပေါ်လာရန် နှစ်ပေါင်း ၅၀၀ ကျော် ကြာမြင့်နိုင်သဖြင့် မြေဆီလွှာသည် တန်ဖိုးကြီးမားပြီး ပြန်လည်အစားထိုးရန် ခက်ခဲသော သဘာဝ အရင်းအမြစ်တစ်ရပ် ဖြစ်ပါသည်။ ထို့ကြောင့် မြေဆီလွှာကျန်းမာရေးကို ထိန်းသိမ်းခြင်း သည် လက်ရှိသီးနှံအထွက်နှုန်း တိုးတက်စေ ရုံသာမက အနာဂတ်စားနပ်ရိက္ခာ ဖူလုံရေး အတွက်ပါ အရေးပါပါသည်။ လက်တွေ့ အသုံးချသုတေသနရလဒ်များကို အခြေခံ၍ သဘာဝမြေဩဇာ၊ ဇီဝမြေဩဇာနှင့် ဓာတ်မြေ ဩဇာတို့ကို သီးနှံနှင့် မြေဆီလွှာလိုအပ်ချက်နှင့်အညီ ပေါင်းစပ်အသုံးပြုခြင်း၊ သီးနှံ အလှည့်ကျစိုက်ပျိုးခြင်း၊ အပင်အကြွင်း အကျန်များကို ပြန်လည်အသုံးပြုခြင်းနှင့် တောင်သူများ၏ အသိပညာမြှင့်တင်ခြင်း တို့ကို တစ်ပြိုင်တည်း ဆောင်ရွက်ခြင်းဖြင့် မြေဆီလွှာ ကျန်းမာရေးနှင့် ရေရှည်တည်တံ့သော စိုက်ပျိုးထုတ်လုပ်မှုကို ပိုမိုကောင်းမွန်စွာ ထိန်းသိမ်းနိုင်မည်ဖြစ်ပါသည်။ ။