ဒိုက်ဦး အောက်တိုဘာ ၂၉
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင် ဒိုက်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ပထမအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေများကို ယနေ့နံနက်ပိုင်းက အုတ်ဝင်းကျေးရွာ၌ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ဦးစွာ ဒိုက်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်ဦးစီးမှူး ဦးအောင်မြင့်ထွန်းမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျော့ကျစေရန်နှင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် တစ်ခြားစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ စီမံကိန်းဆောင်ရွက်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ၊ စီမံကိန်းလုပ်ငန်းစဉ် အကြောင်းအရာများ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ နည်းဥပဒေအကြောင်းများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စီမံကိန်းတာဝန်ခံက စီမံကိန်းစက်ဝန်းကာလနှင့် အတိုးနှုန်းသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးပေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်း ပြောကြားပြီးနောက် မြို့နယ်ဦးစီးမှူးက စီမံကိန်းရန်ပုံငွေ ကျပ်သန်း ၃၀ ကို လွှဲပြောင်း ပေးအပ်သည်။
ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများ၏ ကြီးကြပ်မှုဖြင့် မြစိမ်းရောင် ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက အုတ်ဝင်းကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၈၄ ဦးကို ချေးငွေ ကျပ် ၂၃ ဒသမ ၆၀ သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ငန်း လုပ်ကိုင်သူ ၃၆ ဦးကို ချေးငွေ ကျပ် ၆ ဒသမ ၄၀ သန်း စုစုပေါင်း အသင်းသား အသင်းသူ ၁၂၀ ထံသို့ ပထမအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ကျပ်သန်း ၃၀ ကို အတိုးနှုန်းသက်သာစွာ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။ ကိုညို(ကျေးလက်)


