စိတ်ဓာတ်နှင့် ခွန်အားသစ်

မြန်မာနိုင်ငံ၌ အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီး၌ ယခု ရက်ပိုင်း တွင် ကိုဗစ်ရောဂါ ပြန့်ပွားကူးစက်မှုတိုးလာ၏။ ဓာတ်ခွဲအတည်ပြု ပိုးရှိသူအရေအတွက် များပြားလာ၏။ ထို့ကြောင့် စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် ၈ နာရီမှစ၍ ကိုကိုးကျွန်းမှအပ ရန်ကုန်တိုင်း ဒေသကြီးတစ်ခုလုံးရှိ မြို့နယ်တိုင်း အိမ်မှာသာနေထိုင်ကြရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကြေညာချက်ထုတ် လိုက်ပါသည်။

ယနေ့ အခြေအနေအရ လိုအပ်သော ကြေညာချက်အဖြစ် အတော်အတန်တင်းကျပ်သော စည်းမျဉ်း စည်းကမ်းများ ထုတ်ပြန် လိုက်ခြင်းဖြစ်ပါသည်။ ယခုကဲ့သို့ တင်းကျပ်သော စည်းမျဉ်း စည်းကမ်းများ ထုတ်ပြန်ခြင်းကို ရန်ကုန်မြို့နေ ပြည်သူလူထုက နားလည်လိုက်နာကြမည်ဟုလည်း ယုံကြည်ပါသည်။ ။

ရန်ကုန်မြို့သို့ ဒုတိယအကြိမ် တစ်ကျော့ပြန် ဝင်ရောက်လာချိန် မှစ၍ ယနေ့ချိန်ထိ ဗိုင်းရပ်စ်ပိုးပြန့်ပွားနေမှုက လျော့ပါးသွားခြင်း မရှိသေးသည်ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန် ကြေညာချက်များအရ လည်းကောင်း၊ သတင်းစာနှင့် ရုပ်မြင်သံကြား သတင်းတို့၏ သတင်းထုတ်ပြန်မှုများအရလည်းကောင်း သိရှိကြပြီး ဖြစ်ပါ၏။

မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါပြန့်ပွားမှုနှုန်းသည် အစိုးရိမ်လွန်၊ အကြောက်လွန်၊ ပူပန်လွန်ကြရန် မဟုတ်သော်လည်း ဂရုကြီးစွာ ထားကြရန် လိုနေပြီဆိုသည်ကိုမူ သတိပေးနေပြီဖြစ်ပါသည်။

နေ့စဉ်တွေ့ရှိနေသည့် ဓာတ်ခွဲအတည်ပြု ပိုးတွေ့သူအရေ အတွက်မှာ လျော့ပါးကျဆင်းသွားခြင်းမရှိသည်ကို အလေးအနက် ထားကာ ကိုယ်၊ နှုတ်၊ စိတ်ဓာတ် သုံးပါးကို အဆင်သင့်ပြင် မြှင့်တင် ထားခြင်းဖြင့် ကပ်ရောဂါဘေးကို ရင်ဆိုင်ကြရမည်သာ။ ။

ဗိုင်းရပ်စ်ပိုးကူးစက်မှုသဘာဝအရ တစ်ဦးထံမှ အခြားတစ်ဦး ထံသို့ ဆက်နွယ်ကာ အဆင့်ဆင့် ကူးစက်ခြင်းဖြစ်ရာ ပိုးတွေ့ရှိသူ အရေအတွက် ချက်ချင်းကျဆင်းသွားမည် မဟုတ်သေးပါ။ သို့သော် လည်း လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်သည့် အခြေအနေများကို ကန့်သတ်ဖြတ်တောက်ထားခြင်းဖြင့် ပိုးကူးစက်မှုနှုန်း ကျဆင်း သွားမည်ကား အသေအချာဖြစ်ပါသည်။ သို့အတွက်လည်း မြို့နေ ပြည်သူလူထုကို အိမ်မှာသာ နေထိုင်ကြရန် စည်းကမ်းသတ်မှတ် ကန့်သတ်ရခြင်းဖြစ်ပါသည်။

ယနေ့အခြေအနေက မမြင်ရသော ရောဂါပိုးနှင့် ရင်ဆိုင်နေရ ခြင်းဖြစ်ပါသည်။ ကျန်းမာရေးဆိုင်ရာ အကျပ်အတည်းဖြစ်သည့် အားလျော်စွာ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဆိုင်ရာ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းတို့၏ ပခုံးပေါ်တွင် လေးလံသော ဝန်ထုပ်ဝန်ပိုးများကျရောက်သည်ကို ပြည်သူတို့က သိရှိစာနာရင်းကျေးဇူးတင်နေကြပါသည်။ နိုင်ငံ၏အနေအထားအရ လူ့စွမ်းအား အရင်းအမြစ် မပြည့်စုံခြင်းကရှိနေပါသည်။ ရှိရှိသမျှ အင်အားဖြင့် အင်တိုက်အားတိုက် လုပ်ဆောင်နေရသောကြောင့် တာဝန်ယူရသူ များအဖို့ လေးလံပင်ပန်းနေကြသည်ကို သိသာထင်ရှားစွာ တွေ့မြင် နေကြရပါသည်။ ထို့ပြင် ကျန်းမာရေးဝန်ထမ်းများတွင် ရောဂါပိုး ကူးစက်မှုများလည်း ရှိလာသည်ကိုလည်း သိရပါသည်။ ။

အခြားတစ်ဖက်တွင် ရောဂါပိုးကူးစက်လာသည့် အရေအတွက် က နေ့စဉ်တိုးနေသည့်အတွက် ဆေးရုံများ၊ ကန့်သတ်ထိန်းချုပ်ရေး ဌာနများတွင် တာဝန်ယူရသည့် ဝန်ထမ်းနှင့် စေတနာ့ဝန်ထမ်း ပရဟိတသမားတို့တွင် ပိုမိုလေးလံမှုများ ဖြစ်လာရပါသည်။ အချို့ သောနေရာများတွင် လစ်ဟာမှုများ ရှိလာမည်မှာလည်း ဓမ္မတာ။

ကပ်ရောဂါနှင့် ရင်ဆိုင်နေရချိန်ဖြစ်သည့်အတွက် အားလုံးက နားလည်စာနာမှုများ သည်းခံအောင့်အည်းမှုများရှိရန် လိုအပ်မည် ဖြစ်ပါသည်။ ကာယကံမြောက်ဖြစ်စေ၊ နှုတ်အားဖြင့်ဖြစ်စေ သတိဖြင့် ဆင်ခြင် ကျင့်ကြံ ပြောဆိုခြင်းသည် ကပ်ရောဂါဘေးက ကင်းဝေးရေးအတွက် ကြီးစွာသော အထောက်အပံ့ကောင်း ဖြစ်ပါ လိမ့်မည်။

အစိုးရ တာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းများနှင့် ပြည်သူ လူထု၏တာဝန်သိမှု တာဝန်ယူမှုတို့က ကပ်ရောဂါကို အောင်အောင် မြင်မြင်ကျော်လွှားနိုင်မည့် အင်အားအစစ်အမှန်ဖြစ်ပါသည်။

ယခုကပ်ရောဂါဘေးကို အတူတကွ တက်ညီလက်ညီ ရင်ဆိုင် ဖြတ်သန်းမှု၊ ပင်ပန်းသော်လည်း ဇွဲမလျှော့ဘဲ ရုန်းကန်ရင်ဆိုင်မှု တို့က ကိုဗစ်ဗိုင်းရပ်စ်ရောဂါဘေးက အောင်မြင်စွာကျော်လွှားနိုင် မည်သာမက အနာဂတ် နိုင်ငံထူထောင်ရေးအတွက်ပါ လိုအပ်သည့် အသိစိတ်ဓာတ်နှင့် အင်အား ဖြစ်လာမည်ဟု ယုံကြည်မိပါကြောင်း။

mna