စိန်လား - မြလား - ဆေးဝါးလား

နန်းအိမ်

ကျွန်မက ကျောက်မျက်ကို အလွန်တန်ဖိုးထား ချစ်မြတ်နိုးသူတစ်ယောက်ဖြစ်သလို ဘိုးဘွားစဉ်လာ ကျောက်မျက်လုပ်ငန်းနဲ့လည်း နှစ်ပေါင်းများစွာ နီးစပ်ခဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် ကျောက်မျက် တစ်လုံးရဲ့ အလှ၊ တန်ဖိုးနဲ့ နောက်ကွယ်က သမိုင်းကို အလေးအနက်ထားတတ်သူပါ။

ဒါပေမဲ့ အခုတစ်လော လူမှုကွန်ရက်တွေကို ကြည့်ရင်း မေးခွန်းတစ်ခုပေါ်လာပါတယ်။

မြန်မာနိုင်ငံဟာ ပတ္တမြား၊ နီလာနဲ့ ကျောက်စိမ်း တို့ကြောင့် ကမ္ဘာတစ်ဝန်း အလွန်ကျော်ကြားတဲ့ နိုင်ငံတစ်နိုင်ငံပါ။ ယခုအထိ “မြန်မာ့ ခိုသွေး ပတ္တမြား” ဆိုရင် ကမ္ဘာ့ကျောက်စျေးကွက်မှာ သရဖူဆောင်း နေဆဲပါ။ ကမ္ဘာ့ကျောက်မျက်လောကမှာ မြန်မာနိုင်ငံက ထွက်တာလို့ပြောပြီဆိုတာနဲ့တင် ကျောက်ဈေးက အလိုလိုအပေါ်ကို ဆွဲတက်သွားတာပါ။

ကိုယ့်မြေကထွက်တဲ့ ကျောက်မျက်အမွေအနှစ်တွေက ဒီလောက်ထိထူးခြားနေတာကို ပိုင်ဆိုင်ထားလျက်နဲ့ အခုနောက်ပိုင်းကာလတွေမှာ ပြည်ပက တင်သွင်းလာတဲ့ မြကြီးကြီးတွေ၊ စိန်ကြီးကြီးတွေကို ဘယ်သူက ပိုကြီး၊ ဘယ်သူ့ဟာက ပိုတန်ဖိုးကြီးဆိုပြီး အွန်လိုင်းပေါ်မှာ အပြိုင်အဆိုင်ပြသနေကြတာကို ယခင်ကထက်ပိုတွေ့နေရပါတယ်။ သူဌေးကတော်တွေနဲ့ ဆယ်လီတွေ အိန္ဒိယက အမ်ဘာနီ မိသားစုကိုအားကျပြီး ဝယ်ပြ၊ ဝတ်ပြနေသလို ထင်ရပါတယ်။

ခြေချင်းလိမ်နေရလောက်အောင် စုပြုံဝယ်ယူခဲ့ကြ

၂၀၂၆ ခုနှစ် စက်တင်ဘာ ၈ - ၁၂ ရက်အထိ ကျင်းပခဲ့တဲ့ (၇၄)ကြိမ်မြောက် ဗန်ကောက် ကျောက်မျက်ရတနာပြပွဲမှာ နိုင်ငံပေါင်း ၁၂၃ နိုင်ငံက ဝယ်ယူသူနဲ့ လာရောက်လည်ပတ်သူ ၅၀၀၀၀ ကျော်ရှိခဲ့ပြီး နိုင်ငံအလိုက် လာရောက်သူအရေအတွက်မှာ မြန်မာနိုင်ငံက အိန္ဒိယပြီးရင် ဒုတိယ နေရာမှာရှိခဲ့ပါတယ်။ စိန်ဆိုင်တွေနဲ့ မြဆိုင်တွေမှာ မြန်မာတွေ ခြေချင်းလိမ်နေရလောက်အောင် စုပြုံ ဝယ်ယူခဲ့ကြပါတယ်တဲ့။

ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံဟာ မြထွက်တဲ့နိုင်ငံမဟုတ်သလို စိန်လည်းရောင်းတမ်း ဝင်လောက်အောင် များများစားစားထွက်တဲ့နိုင်ငံ မဟုတ်ပါ။ ဒီလိုကျောက်မျက်တွေကို ပြည်ပကနေ တင်သွင်းရပါတယ်။

ကျွန်မတို့နိုင်ငံရဲ့ အခြေအနေကိုလည်း တစ်ချိန်တည်းမှာ ထည့်စဉ်းစားကြည့်သင့်ပါတယ်။

အခုအချိန်မှာ နိုင်ငံခြားငွေကြေးအခက်အခဲတွေကြောင့် ပြည်တွင်းမှာ မထုတ်လုပ်နိုင်သေးတဲ့ မရှိမဖြစ် ဆေးဝါးတွေတောင် တင်သွင်းရဖို့ အခက်အခဲတွေရှိနေပါတယ်။

နာမကျန်းဖြစ်နေတဲ့ လူတစ်ယောက်အတွက် လိုအပ်တဲ့ဆေးဝါးကို “ဒီနေ့မရရင် နောက်လမှ ဝယ်မယ်” လို့ ရွှေ့ဆိုင်းလို့မရပါဘူး။ ဒါပေမဲ့ ပြည်ပကတင်သွင်းလာတဲ့ မြနဲ့စိန်ကိုတော့ ဒီနေ့ မဝယ်ရင်လည်း အသက်အန္တရာယ်မရှိပါဘူး။

အဲဒီကွာခြားချက်လေးကို ကျွန်မတို့အားလုံး တစ်ခဏလောက်ရပ်ပြီး စဉ်းစားလိုက်ကြရအောင် …………။

နိုင်ငံခြားငွေကြေးကို ချွေတာဖို့ မရှိမဖြစ်ပစ္စည်းတွေကိုတောင် တင်းကျပ်စွာ ကန့်သတ်နေရတဲ့ အချိန်မှာ မလိုအပ်တဲ့ ဇိမ်ခံပစ္စည်းတွေအတွက်တော့ နိုင်ငံခြားငွေကို ဘာကြောင့် ဆက်လက်သုံးစွဲနေသင့်ပါသလဲ။

နိုင်ငံခြားငွေကြေးကို အမှန်တကယ်ထိန်းသိမ်းဖို့ လိုအပ်နေတယ်ဆိုရင် အသက်ကယ်ဆေးဝါးတွေ၊ ဆေးဘက်ဆိုင်ရာပစ္စည်းတွေ၊ အစားအသောက်နဲ့ ပြည်တွင်းထုတ်လုပ်ရေးအတွက် လိုအပ်တဲ့ ကုန်ကြမ်းတွေလို မရှိမဖြစ်ပစ္စည်းတွေကို ဦးစားပေးပြီး အသက်ရှင်နေထိုင်ရေးအတွက် မလိုအပ်တဲ့ ဇိမ်ခံပစ္စည်းတွေကို ပထမတန်းဦးစားပေး တင်းကျပ်စွာ ကန့်သတ်ဖို့ စဉ်းစားပေးလိုက်ရင် ပိုမကောင်း ဘူးလား။

နိုင်ငံမှာလည်း နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် ပြည်တွင်းထုတ်ကုန်တွေကို အထူးအလေးပေး အားပေးနေချိန်ပါ။ ခေါင်းဆောင်ကသွားသင့်တဲ့ လမ်းကြောင်းကို သေချာချမှတ်ပေးပြီးသားပါ။ လိုက်လုပ်ရမှာက သက်ဆိုင်ရာ တာဝန်ရှိသူအဆင့်ဆင့်နဲ့ ပြည်သူတွေပါ။

ကျောက်စိမ်းဘုရင်

ပြည်သူတွေကို “ပြည်တွင်းထုတ်ကို ဝယ်ပါ” လို့ ပြောရုံနဲ့တော့ ကျွန်မတို့မလုံလောက်ပါဘူး။ ပြည်တွင်းထုတ်လုပ်သူတွေကို အရည်အသွေးကောင်းအောင်၊ နိုင်ငံတကာစံနှုန်းမီအောင်၊ ယုံကြည်စိတ်ချရအောင် ထုတ်လုပ်နိုင်ဖို့လည်း အမှန်တကယ် အားပေးပံ့ပိုးပေးရပါမယ်။

အထူးသဖြင့် ကျောက်မျက်ကဏ္ဍမှာတော့ ကျွန်မတို့မှာ တခြားနိုင်ငံတွေထက် ထူးခြားတဲ့ အားသာချက်တစ်ခု ရှိပြီးသားပါ။ အဲဒါကတော့ ကျွန်မတို့ရဲ့ ကျောက်မျက်အမွေအနှစ်ပါ။

ကမ္ဘာ့အကောင်းဆုံး ပတ္တမြားတွေထဲက အများစုဟာ မြန်မာ့မြေကထွက်တာပါ။ မြန်မာ့ ကျောက်စိမ်းကတော့ တုနှိုင်းမမီလောက်အောင် ကျောက်စိမ်းဘုရင်အဖြစ် ဈေးကွက်မှာ ရပ်တည် နေဆဲပါ။ အလားတူ မြန်မာ့နီလာ၊ မြန်မာ့ပယင်းနဲ့ အခြားကျောက်မျက်ရတနာတွေကလည်း ကမ္ဘာ့ ဈေးကွက်မှာ ကိုယ်ပိုင်ဂုဏ်သတင်းနဲ့ အခိုင်အမာရှိနေဆဲပါ။ အခုနောက်ပိုင်းကာလ ကမ္ဘာ့ကျောက်မျက် ရတနာ လေလံတင်ပွဲတွေမှာ မြန်မာ့ကျောက်မျက် ရတနာတွေက ပိုလို့တောင် ထိပ်ဆုံးကနေ မားမား မတ်မတ်ရပ်တည်ပြီး မြန်မာ့ဂုဏ်ကို ဆွဲတင်နေဆဲပါ၊ သရဖူဆောင်းနေဆဲပါ။

ဒါကြောင့် ကျွန်မတို့ဟာ ပြည်ပက တင်သွင်းလာတဲ့ မြနဲ့စိန်ကို ဘယ်သူက ပိုကြီး၊ ဘယ်သူ့ဟာက ပိုတန်ဖိုးကြီးဆိုပြီး အွန်လိုင်းမှာ အပြိုင်အဆိုင်ကြွား နေကြတာထက် ကိုယ့်နိုင်ငံကထွက်တဲ့ ကျောက်မျက်တွေရဲ့တန်ဖိုးကို ဘယ်လိုပိုမြှင့်တင်မလဲ၊ နိုင်ငံတကာစံနှုန်းတွေနဲ့ ဘယ်လိုယုံကြည် စိတ်ချရအောင်လုပ်မလဲ၊ မြန်မာ့ကျောက်မျက် အမှတ်တံဆိပ်ကို ကမ္ဘာ့ဈေးကွက်မှာ ဘယ်လို ပိုခိုင်မာအောင် တည်ဆောက်မလဲဆိုတာကို ပိုပြီးအာရုံစိုက်သင့်တယ်လို့ ကျွန်မမြင်မိပါတယ်။

ဇိမ်ခံပစ္စည်းတွေ မဝယ်သင့်ဘူးလို့ မပြောပါဘူး၊ အဲဒီလို မဆိုလိုပါဘူး။ လူတိုင်းမှာ လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိပါတယ်။ ကိုယ့်ခံယူချက်နဲ့ ကိုယ်ပိုင်ဆိုင်တာကို လွတ်လပ်စွာ လူသိရှင်ကြား ထုတ်ပြခွင့်ရှိပါ တယ်။

ကျွန်မဆိုလိုချင်တာက အချိန်အခါနဲ့ နိုင်ငံရဲ့ အခြေအနေကိုကြည့်ပြီး ဘာကိုဦးစားပေးသင့်သလဲ ဆိုတာကို ကျွန်မတို့အားလုံး ပြန်စဉ်းစားကြဖို့ပါ။

နိုင်ငံခြားငွေကြေး ရှားပါးနေချိန်မှာ မရှိလည်း အသက်ရှင်နိုင်တဲ့ ဇိမ်ခံပစ္စည်းနဲ့ ကိုယ့်မှာ မရှိမဖြစ် လိုအပ်တဲ့ဆေးဝါးကို တူညီတဲ့အလေးထားမှုနဲ့ မမြင်သင့်ပါဘူး။

မြတစ်လုံးက ကျွန်မတို့ရဲ့အဆင့်အတန်းကို ပြနိုင်ပါတယ်။

စိန်တစ်လုံးက ကျွန်မတို့ရဲ့ ချမ်းသာမှုကို ပြနိုင်ပါတယ်။

ဒါပေမဲ့ ဆေးဝါးကတော့ လူတစ်ယောက်ရဲ့ အသက်ကို ကယ်နိုင်ပါတယ်။

ဒါကြောင့် ကျွန်မကိုယ်တိုင်ကျောက်မျက် ချစ်သူတစ်ယောက်အနေနဲ့ မေးချင်တာက…

ကျွန်မတို့ ဘာကို ပိုဂုဏ်ယူသင့်သလဲ။

ဘာကို ပိုတန်ဖိုးထားသင့်သလဲ။

ပြီးတော့ ဒီအချိန်မှာ နိုင်ငံခြားငွေကို ဘာအတွက် အရင်သုံးသင့်ပါသလဲ။

ကျွန်မတို့မှာ ဂုဏ်ယူစရာ ပြည်တွင်း ကျောက်မျက်အမွေအနှစ်ကြီးတစ်ခု ရှိပြီးသားပါ။

အခုလိုအချိန်မှာ ကျွန်မတို့ရဲ့ စစ်မှန်တဲ့ဂုဏ်ယူမှုက ပြည်ပကတင်သွင်းလာတဲ့ ကျောက်မျက်တွေနဲ့ ဇိမ်ခံပစ္စည်းတွေကို ဝတ်ပြ၊ သုံးပြနေတာထက် ကိုယ့်တိုင်းပြည်ထွက်ပစ္စည်းတွေကို တန်ဖိုးထား ချစ်မြတ်နိုးပြီး ကိုယ့်ပြည်သူတွေရဲ့ အမှန်တကယ် လိုအပ်ချက်ကို နှလုံးသားနဲ့ ထည့်သွင်းစဉ်းစားပေး နိုင်တဲ့ စိတ်ဓာတ်ပါပဲ။

တိုင်းပြည်ချစ်စိတ်ဆိုတာ ပြသဖို့မဟုတ်ပါဘူး... လုပ်ပြဖို့ပါ။ ။