ဆင်ခြင်သုံးသပ်ဝေဖန်ပိုင်းခြားနိုင်သည့် အသိဉာဏ်ပညာဖြင့်ခံယူတည်ဆောက်

မြန်မာနိုင်ငံ၏ သမိုင်းကြောင်းတစ်လျှောက်၌ နိုင်ငံတော်၏ပြောင်းလဲဖြစ်ပေါ်ခဲ့သည့် အကြောင်းတရားများကို သုံးသပ်ကြည့်လျှင် ဆင်ခြင်သုံးသပ်ဝေဖန်ပိုင်းခြားနိုင်သည့် အသိဉာဏ်ပညာကိုအခြေခံသော ယုံကြည်ချက်၊ ခံယူချက်များ အားနည်းခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ပညာရေးသမိုင်း၌ ပညာတတ်သူနည်းပါးခြင်းကြောင့်လည်းကောင်း၊ အသိဉာဏ်ပညာကောင်းသည့် ပညာတတ်များဖြစ်ထွန်းသော်လည်း လွဲမှားသောဝါဒနှင့်ခံယူချက်များကြောင့်လည်းကောင်း တိုင်းပြည်၏အနာဂတ်သည် ကြမ်းတမ်းခက်ထန်ပြီး မဖြောင့်ဖြူးခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။

 

နိုင်ငံတစ်နိုင်ငံ၏ အကြောင်းအကျိုး၊ အကောင်းအဆိုးနှင့်ပတ်သက်၍ ထိုနိုင်ငံ၏သမိုင်းကို မှန်မှန်ကန်ကန်သိမြင်ထားရန်လိုအပ်သည်။ မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးချိန်မှစ၍ ခေတ်အဆက်ဆက်အစိုးရများအနေဖြင့် နိုင်ငံရေးစနစ်အမျိုးမျိုး ပြောင်းလဲကျင့်သုံးခဲ့ကြသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ ကျင့်သုံးခဲ့သောနိုင်ငံရေးစနစ်များသည် ခေတ်စနစ်အလိုက် ကောင်းမွန်သည်များရှိခဲ့သလို အားနည်းခဲ့သည်များလည်းရှိခဲ့သည်။ နိုင်ငံရေးဂိုဏ်းဂဏအကွဲအပြဲများ၊ အစိုးရ၏ အားနည်းသည့်စနစ်များကြောင့် တိုင်းပြည်မတည်ငြိမ်မှု၊ စီးပွားရေးကျဆင်းမှုများဖြစ်ခဲ့သည်။ ထိုအခါ ပြည်သူလူထုအကျပ်အတည်းကို အခွင့်ကောင်းယူသည့် နိုင်ငံရေးသမားများ၊ ဝိသမလောဘသားများနှင့် သောင်းကျန်းသူများကြောင့် တိုင်းပြည်ယိုယွင်းပျက်စီးခဲ့ရသည့် သမိုင်းကြောင်းများသည် သင်ခန်းစာယူစရာ များဖြစ်သည်။

 

၂၀၁၀ ပြည့်နှစ်တွင် ပြည်သူလူထုတစ်ရပ်လုံး၏ ဆန္ဒနှင့်အညီ နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေးအတွက် တပ်မတော်က လမ်းခင်းပုံဖော်ပေးခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် ပထမဒီမိုကရေစီအစိုးရသစ်ပေါ်ထွက်လာပြီး ဒီမိုကရေစီအခွင့်အရေးများကို ပြည်သူများရရှိခံစားကြရသည်။ ၂၀၁၆ ခုနှစ် ဒီမိုကရေစီဒုတိယအစိုးရလက်ထက်တွင် လွဲမှားသောမူဝါဒများ၊ အားနည်းသောစနစ်များ တွေ့မြင်ခဲ့ရပြီး ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မည်သို့မျှလက်ခံ၍မရနိုင်သော မဲမသမာမှုများပေါ်ပေါက်ခဲ့သည်။ ထိုအချိန်တွင် နိုင်ငံကိုတာဝန်ယူသူများအနေဖြင့် ထိုပြဿနာကို ဖြေရှင်း ပေးခြင်းမရှိဘဲ နိုင်ငံတော်အာဏာကို အဓမ္မရယူရန်ကြိုးပမ်းလာသည့်အတွက် တပ်မတော်အနေဖြင့် နိုင်ငံတော်တာဝန်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ ထမ်းဆောင်ခဲ့ရသည်။

 

ထိုအချိန်တွင် နိုင်ငံရေးအရ သဘောထားမတိုက်ဆိုင်မှုများမှတစ်ဆင့် ဆူပူအကြမ်းဖက်မှုများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ အားပေးထောက်ခံမှုများဖြင့် လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်များဖြစ်ပေါ်လာခဲ့သည်။ အကြမ်းဖက်သမားများသည် အဖျက်အမှောင့်လုပ်ရပ်အမျိုးမျိုးကိုလုပ်ဆောင်ကာ တိုင်းပြည်ယိုယွင်းပျက်စီးအောင် ပြုလုပ်ခဲ့ကြသည်။ တပ်မတော်အနေဖြင့် နိုင်ငံ့တာဝန်ထမ်းဆောင်နေရချိန်တွင် နိုင်ငံရေးအရဖြစ်ပေါ်လာသည့် ပဋိပက္ခများ၊ နိုင်ငံရေးအရ၊ စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများ၊ လက်နက်ကိုင်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များ၊ ကိုဗစ်-၁၉ ကပ်ရောဂါအပါအဝင် သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများစသည့် အခက်အခဲ၊ အကျပ်အတည်းမျိုးစုံတို့ကို ရနိုင်သမျှသောအင်အားစုများ၊ တာဝန်သိပြည်သူများနှင့် သစ္စာရှိဝန်ထမ်းများ၏ ပူးပေါင်းပါဝင်မှုဖြင့် ကြိုးစားရုန်းကန်ကျော်ဖြတ်ခဲ့ရသည်။

 

ဒေသနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို မလိုလားသောနိုင်ငံရေးအရ အမြတ်ထုတ်အသုံးချနေကြသည့် ပြည်ဖျက်မီဒီယာများ၊ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၏စကားများကို နားယောင်ကာ အကောင်းအဆိုးနှင့် အကြောင်းအကျိုးတို့ကို ဆင်ခြင်သုံးသပ်ဝေဖန်ပိုင်းခြားဆုံးဖြတ်နိုင်မှုမရှိခြင်းကြောင့် အချို့နေရာဒေသများ၌ လုံခြုံရေးအရအားနည်းချက်များနှင့် မငြိမ်မသက်မှုများဖြစ်ပေါ်ခဲ့ပြီး တိုင်းပြည်နှင့်လူမျိုး ထိခိုက်နစ်နာမှုများနှင့်ကြုံတွေ့ခဲ့ရသည်။ ထိုသို့ အသိဉာဏ်ပညာဆင်ခြင်တုံတရား မှားယွင်းလွဲချော်မှုများသည် ပညာရေးအရ အားနည်းချက်များရှိခဲ့ခြင်း၏ အကျိုးဆက်များဟု ဆိုနိုင်သည်။ နိုင်ငံသားတစ်ဦးချင်းစီ၏ အတန်းပညာများ မြင့်မားမှသာ အသိပညာ၊ ခံယူချက်၊ ယုံကြည်ချက်၊ စိတ်ဓာတ်နှင့် စည်းကမ်းကောင်းမွန်လာမည်ဖြစ်ပြီး တွေးခေါ်မြော်မြင်မှုများ မှန်ကန်ကောင်းမွန်လာမည်ဖြစ်သည်။

 

ကမ္ဘာပေါ်ရှိ နိုင်ငံအချို့၌ နိုင်ငံရေးအရ သဘောထားတိုက်ဆိုင်မှုမရှိခြင်းကြောင့် ဆူပူဆန္ဒပြမှုများဖြစ်ပေါ်လေ့ရှိသော်လည်း အချိန်ကာလတစ်ခုတွင် ပြီးဆုံးသွားခြင်းမှာ နိုင်ငံ၏အနာဂတ်ကို ပျက်စီးစေမည့်၊ တိုင်းပြည်အကျိုးစီးပွားကို ထိခိုက်စေမည့်အခြေအနေတစ်ရပ်သို့ အရောက်မခံလိုသော အသိဉာဏ်ပညာ ဆင်ခြင်တုံတရားများ နိုင်ငံသားများတွင် ခံယူထားသောကြောင့်ဖြစ်သည်။ သို့ဖြစ်ရာ ဆင်ခြင်တုံတရားမြင့်မားသည့် ပညာတတ်များဖြစ်မှသာလျှင် တိုင်းပြည်နှင့်လူမျိုးအကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်သူများဖြစ်လာမည်ဖြစ်၍ လူတိုင်းလူတိုင်း အမှန်အမှားကို ခွဲခြားဆင်ခြင်နိုင်သည့် အသိဉာဏ်ပညာမြင့်မားလာရေး ပညာရေးကို အားပေးမြှင့်တင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။       ။