ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်ကြောင့် အိန္ဒိယအရှေ့ပိုင်းတွင် လူ ၁၀ ဦးထက်မနည်းသေဆုံး

၂၁ မေ

 

အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန် တိုက်ခတ်ခဲ့သဖြင့် အနည်းဆုံး လူ ၁၀ ဦး မှ ၁၂ ဦး အထိ သေဆုံးခဲ့သည်ဟု အိန္ဒိယနိုင်ငံ အရှေ့ပိုင်ရှိ အနောက်ဘန်ဂေါ ပြည်နယ် ဝန်ကြီးချုပ် မာမတ်တာ ဘာနာဂျီ က ယမန်နေ့ညက ဆိုသည်။

 

ယင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် အခြားသော အဆောက်အအုံများနှင့် နေအိမ်များ ပြိုကျခြင်း၊ သစ်ပင်များ အမြစ်ကျွတ်လဲကျကာ လူအများသေဆုံးခဲ့ခြင်း ဖြစ်သည်ဟု တာဝန်ရှိသူများ၏ပြောကြားချက်အရ သိရသည်။

 

အဆိုပါ မုန်တိုင်းကြောင့် ယင်းပြည်နယ်တောင်ပိုင်းတစ်ခုလုံး ထိခိုက်ပျက်စီးခဲ့သည်။ထိုပျက်စီးဆုံးရှုံးမှုတန်ဖိုး တွက်ချက်ရန် ၃ ရက်မှ ၄ ရက်ခန့် ကြာမြင့်မည်ဖြစ်သည်။

 

ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်သည် အနောက်ဘန်ဂေါ ပြည်နယ်၏ ကမ်းခြေကို ယမန်နေ့ ညနေ ၂ နာရီ ၃၀ မိနစ်ခန့်က ဝင်ရောက်တိုက်ခတ်ခဲ့ပြီး အပျက်အစီးများ ဖြစ်ပေါ်ခဲ့သည်။

 

အိန္ဒိယမိုးလေဝသဌာန၏ထုတ်ပြန်ချက်အရ အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်သည် အနောက်ဘန်ဂေါ ပြည်နယ် နှင့် ဘင်္ဂလားဒေ့ရှ်ကမ်းရိုးတမ်းတစ်လျှောက် တစ်နာရီ ၁၅၅ - ၁၆၅ ကီလိုမီတာမှ ၁၈၅ ကီလိုမီတာ ဖြင့် တိုက်ခတ်သွားသည်။

 

ယင်းမုန်တိုင်းကြောင့် ပြည်နယ်အုပ်ချုပ်ရေးရုံး အဆောက်အအုံ မှာ များစွာ ပျက်စီး သွားခဲ့ပြီး နေရာအများစုတွင်လည်း ဆက်သွယ်ရေး ပြတ်တောက်ခဲ့ရသည်။ ဒေသတော်တော်များများတွင် သောက်သုံးရေမရှိခြင်း၊ လျှပ်စစ်မီး ပြတ်တောက်ခြင်းနှင့် တံတားများလည်း ပြတ်ကျသွားခဲ့သည်ဟု ဘာနာဂျီက ဆိုသည်။

 

အမ်ဖန်မုန်တိုင်းသည် နှစ်များစွာအတွင်း ဘင်္ဂဘားပင်လယ်အော်တွင် တိုက်ခတ်ခဲ့သော အဆိုးရွားဆုံး မုန်တိုင်းများအနက် တစ်ခုဖြစ်သည်။

 

ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ဖြစ်ပွားနေချိန်အတွင်း အမ်ဖန်မုန်တိုင်း တိုက်ခတ်သဖြင့် နိုင်ငံအတွင်း လူပေါင်း ၁၀၆၇၅၀ ဦး ထက်မနည်း ထိုရောဂါကူးစက်ခဲ့ပြီး ၃၃၀၃ ဦး သေဆုံးခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို