ဆိုက်ဘာတိုက်ခိုက်မှုများကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ကွန်ပျူတာလုံခြုံရေးဆိုင်ရာ အရေးပေါ် တုံ့ပြန်ရေး စီမံခန့်ခွဲမှုသင်တန်း ဖွင့်လှစ်

နေပြည်တော်  ၄   နိုဝင်ဘာ 

ဆိုက်ဘာတိုက်ခိုက်မှုများကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ကွန်ပျူတာလုံခြုံရေးဆိုင်ရာ အရေးပေါ် တုံ့ပြန်ရေး စီမံခန့်ခွဲမှုသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

 

a

 

အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ယနေ့ဖွင့်လှစ်သည့်သင်တန်းသည် မိမိတို့ ဝန်ကြီးဌာနအတွက် အရေးကြီးသည့် သင်တန်း တစ်ခုဖြစ်ပါ ကြောင်း၊ နိုင်ငံတော်အနေဖြင့်  e-government စနစ်ကို  အကောင်အထည် ဖော်လျက်ရှိပါ ကြောင်း၊ ယနေ့ခေတ်တွင် စတုတ္ထမြောက် စက်မှုတော်လှန်ရေးသည် အရှိန် အဟုန်ဖြင့် ပြောင်းလဲလာပါကြောင်း၊ နည်းပညာသည် လူတိုင်းနှင့် ထိတွေ့ လာပြီး နည်းပညာ တိုးတက်မြင့်မားလာမှုကြောင့် လူအများ၏ သတင်းအချက်အလက် ရယူသုံးစွဲမှု အပါအဝင် လူနေမှု ပုံစံတို့သည်လည်း များစွာ ပြောင်းလဲလာခဲ့ပြီဖြစ်ပါကြောင်း။

ထို့ကြောင့် ဆိုရှယ်မီဒီယာများပေါ်တွင်ပျံ့လွှင့်နေသည့် သတင်းမှားများ၊ ကောလာဟလများ၊ လုပ်ကြံသတင်းများ စသည်တို့ကို ခွဲခြားသိရှိ စနစ်တကျအသုံးချနိုင်ရန်အတွက် မီဒီယာနှင့် သတင်းအချက် အသိပညာကို ဝန်ထမ်းများအပါအဝင် ဆိုရှယ်မီဒီယာအသုံးပြုသူတိုင်းက သိရှိတတ်မြောက်ထားရန်လိုအပ်လာပါကြောင်း၊ ထို့ပြင် မိမိတို့အကောင်အထည်ဖေါ်လျက်ရှိသည့် e-government ကို ချောမွေ့အောင်မြင်ရန်အတွက် ဝန်ကြီးဌာနများတွင် အသုံးပြုလျက်ရှိသည့် ကွန်ပျူတာစနစ်များ၏ ဆိုက်ဘာလုံခြုံရေးကိုစနစ် ကောင်းမွန်ရန်အလွန်အ ရေးကြီးပါကြောင်း။ ထို့ကြောင့် ဆိုက်ဘာတိုက်ခိုက်မှုများကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းရန်နှင့် ကွန်ပျူတာလုံခြုံရေး ဆိုင် ရာ အရေးပေါ် တုံ့ပြန်မှုများကိုလည်း စနစ်တကျ စီမံခန့်ခွဲရန် လိုအပ်လာသည့်အတွက် ယခုသင်တန်းကို ပို့ချရခြင်းဖြစ်ပါကြောင်း။

သင်တန်းတက်ရောက်သည့်သူများအနေဖြင့် သင်တန်းတွင် ပို့ချပေးမည့် ဘာသာရပ်များကို အလေးအနက်ထား သင်ယူကြပြီး ရရှိလာသည့် အသိပညာများကို နိုင်ငံတော်အတွက် အကောင်းဆုံးဖြစ် အောင် အသုံးချစေလိုပါကြောင်း ပြောကြားသည်။

 

a

 

ထို့နောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးရဲနိုင်မိုးက သင်တန်း ဖွင့်လှစ်ရခြင်းနှင့် သင်တန်းတွင် ပို့ချသွားမည့် ဘာသာရပ်များနှင့် စပ်လျဉ်း၍  ရှင်းလင်း ပြောကြားသည်။

အဆိုပါသင်တန်းသို့ ပြန်ကြားရေးဝန်ကြီးဌာနမှ သင်တန်းသား၊ သင်တန်းသူ ၁၈ ဦး ပါဝင်တက်ရောက်မည်ဖြစ်ကြောင်းနှင့်  သင်တန်းကို နိုဝင်ဘာ ၈ ရက်အထိ ၅ ရက်ကြာ ဖွင့်လှစ် မည်ဖြစ်ကြောင်း  သိရသည်။ 

(သတင်းစဉ်)