ဆီးသီးရာသီ ပျားရည်ထွက်ရှိမှုကောင်းမွန်သော်လည်း ၀ယ်လက်နည်းပါးလျက်ရှိဟုဆို

ကနီ ၁၀ နို၀င်ဘာ    

 

ကနီမြို့နယ်အတွင်း ဆီးပျားရည်ထုတ်လုပ်ငန်းကို စက်တင်ဘာလဆန်းပိုင်းမှ နို၀င်ဘာ ပထမပတ်အထိ လုပ်ကိုင်ကြရာ ယခုနှစ်တွင် မိုးရွာသွန်းမှုနည်းသော်လည်း ဆီးသီးပန်းပွင့်များခဲ့ရာ ပျားရည်အထွက်နှုန်း ကောင်းမွန်သော်လည်း ပျားရည်၀ယ်ယူမှုတွင် ဈေးနှုန်းကျဆင်းသည့်အပြင် ၀ယ်ယူမှုနည်းပါးခဲ့ကြောင်း သိရသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်နှင့် ယင်းမာပင်မြို့နယ်အတွင်း ယခုနှစ်ဆီးသီးပွင့်ချိန် ပျားရည် ထုတ်ရာသီတွင် ပျားရည်ထွက်ရှိမှုကောင်းမွန်သော်လည်း ပျားရည်၀ယ်ယူမှုနည်းပါးခဲ့ကြောင်း ပျားမွေးမြူရေး လုပ်ငန်းရှင်များ၏ ပြောကြားချက်များအရ သိရသည်။

 

“အခုနှစ်မှာ ပျားရည်ပုံး (၆၀၀)ကျော်လောက်ချတယ်၊ အခုနှစ်ပျားရည်အထွက်နှုန်းက သင့်တင့်မျှတတယ်လို့ ပြောလို့ရတယ်၊ ဒီနှစ်ရာသီဥတုက ပျားလုပ်ငန်းနဲ့ ကိုက်ညီတဲ့အတွက် ပျားရည်အထွက်နှုန်းကို သိပ်မထိခိုက်ဘူး၊ မနှစ်ကထက် အခုနှစ်မှာ ပျားရည်အထွက်နှုန်းပိုတယ်၊ မနှစ်က ပျားအုံ(၆၀၀)ကို ပျားရည်ပေပါ အလုံးရေ(၅၀)အောက်မှာပဲ ရှိခဲ့တယ်၊ အခုနှစ်မှာတော့ ပျားရည် ပေပါ အလုံးရေ(၆၀)လောက်အထိ ထွက်တယ်၊ ဈေးနှုန်းအနေနဲ့ကတော့ ဈေးကွက်အနေအထားကလည်းအေးတယ်၊ အခုနှစ်က ဈေးနှုန်းအနေနဲ့ သိပ်မကွာပေမဲ့ ၀ယ်လက်သိပ်မလိုက်ဘူး” ဟု “ သန့် ”ပျားမွေးမြူရေးလုပ်ကိုင်သူ ကိုကြည်စိုးဦးက ပြောသည်။

 

ယခုနှစ်ဆီးသီးပျားရည်ထုတ်ရာသီတွင် ပျားရည်(၆)ကြိမ်ထုတ်လုပ်ခဲ့ကြောင်း၊ ပြီးခဲ့သည့်နှစ် ပျားရည် ထုတ်ရာသီတွင် အများဆုံး(၅)ကြိမ်သာထုတ်လုပ်နိုင်ခဲ့ကြောင်း ဈေးနှုန်းအနေဖြင့် ယခုနှစ်တွင် ပျားရည် တစ်ပိဿာကို ငွေကျပ်(၂၈၀၀)အထိ အများဆုံးရရှိခဲ့ကြောင်း၊ ပြီးခဲ့သည့်နှစ်တွင် ပျားရည်အထွက် နည်းသော်လည်း တစ်ပိဿာငွေကျပ်(၂၉၀၀) အထိ ဈေးပေါက်ခဲ့ကြောင်း ပျားမွေးမြူရေးလုပ်ငန်းရှင်များ၏  ပြောကြားချက်များအရ သိရသည်။ 

 

၂၀၁၉ ခုနှစ် ဆီးသီးပျားရည်ထုတ်ရာသီတွင် ကနီမြို့နယ်အတွင် ပျားပုံး(၄၀၆၈၇)ပုံး၊ ယင်းမာပင်မြို့နယ်အတွင်း ပျားပုံး (၅၃၀၀)ပုံးအား ပျားလုပ်ငန်းရှင်(၁၄၃)ဦးတို့က ၀င်ရောက်လုပ်ကိုင်ခဲ့ကြောင်း ကနီမြို့နယ် ပျားလုပ်ငန်းဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။                                          

န်းဌေးအောင်(ကနီ)