ဆီဆိုင်မြို့တွင် ဂက်(စ်)အိုး ပေါက်ကွဲရာမှ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

ဆီဆိုင်      ၂၄   ဇန်နဝါရီ    

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၊ အောင်ချမ်းသာရပ်ကွက်တွင် ဇန်နဝါရီ ၂၄ ရက် ညနေ ၅ နာရီခန့်က ဂက်(စ်)အိုးပေါက်ကွဲရာမှ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

‌ေ

 

ဖြစ်စဉ်တွင် ဇန်နဝါရီ ၂၄ ရက် ညနေ ၅ နာရီခန့်က ဆီဆိုင်မြို့ အောင်ချမ်းသာရပ်ကွက်၊ နယ်မြေ(၁)၊ တောင်ကြီး-လွိုင်ကော် ကားလမ်းဘေးရှိ ဦးတင်စိန် (၆၈)နှစ်၏ နေအိမ်အောက်ထပ်ရှိ အရှည်(၄)ပေခန့် ဂက်(စ်)အိုးအကြီးတစ်လုံးမှ အဖွင့်အပိတ်ပြုလုပ်သောဘားမလုံ၍ ဓါတ်ငွေ့များ ယိုစိမ့်ရာမှ ရာသီဥတုအရှိန်ကြောင့် မီးထတောက်ပြီး  နေအိမ်အောက်ထပ်ရှိ လူသုံးကုန်ပစ္စည်းများ၊ တံခါးမကြီးများနှင့် ပြတင်းတံခါးများ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

 

  အဆိုပါမီးလောင်နေရာသို့  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သီဟန်၊ စခန်းမှူး ဒုရဲမှူး ဇော်မင်းလွင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ပြည့်စုံနှင့်တပ်ဖွဲ့ဝင်များ၊  အရန်မီးသတ်တပ်ဖွဲ့ဝင်များ မီးသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၁)စီး၊ စုစုပေါင်း(၄)စီးဖြင့် ရပ်ကွက်သူရပ်ကွက်သားများနှင့် ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီ ၃၀ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ပြီး အခြားနေအိမ်များသို့ မီးကူးစက်ခြင်းမရှိကြောင်း သိရသည်။

 

‌ေ

 

အဆိုပါမီးလောင်မှုကြောင့် ဈေးရောင်းအလုပ်သမားတစ်ဦးနှင့် ဆိုင်သို့အလည်လာသူ တစ်ဦးတို့က မီးလောင်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။

 

‌ေ

 

သို့ဖြစ်ပါ၍ မီးလောင်ကျွမ်းစေနိုင်သော ဂက်(စ်)အိုးများအား ပေါ့ဆစွာထားရှိမှုကြောင့် နေအိမ်နှင့် လူသုံးကုန်ပစ္စည်းများအား မီးလောင်ကျွမ်းစေခဲ့သူ အိမ်ပိုင်ရှင် ဦးတင်စိန်အား ဆီဆိုင်မြို့မရဲစခန်းမှ အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)