ဆီဆိုင်၊ နမ့်ခမ်းနှင့် တာချီလိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၂၅ ဇန်နဝါရီ

 

ဘန်းယဉ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၄ ရက် ညနေ ၆ နာရီခွဲက ဆီဆိုင်မြို့နယ်၊ နောင်မွန်ကျေးရွာအုပ်စု၊ နားစိုင်းကျေးရွာနေ စိုင်းရင်ထွေး၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၂၀၀ ကိုလည်းကောင်း။

 

အလားတူ ယင်းနေ့မွန်းလွဲ ၂ နာရီက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နမ့်ခမ်းမြို့နယ်၊ ဟိုဆိုင်းကျေးရွာရှိ ကူးတို့ ဆိပ်အနီး၊ နမ့်ခမ်း-ဟိုဆိုင်း ကူးတို့ဆိပ်သွားလမ်းတွင် မဆိုင်းမိုင် မောင်းနှင်လာသော TOYOTA Mark II မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၀၀၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း။

 

ထို့အတူ ထိုနေ့ညနေပိုင်းတွင် တပ်မတော်နှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ တာချီလိတ်- မိုင်းဆတ်သွားကားလမ်း၊ ရွှေတောင်ရွှေနီတပ်စခန်းရှေ့တွင် ရှာဖွေစစ်ဆေးရေး ဆောင်ရွက်နေစဉ် TOYOTA HILUX REVO မော်တော်ယာဉ်မှာ စစ်ဆေးသည့် နေရာနှင့် မီတာ ၂၀၀ ခန့်အကွာ၌ ယာဉ်အားရပ်တန့်၍ ယာဉ်မောင်းမှာ လျှိုအတွင်းသို့ ထွက်ပြေးသွားခဲ့သဖြင့် မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ငွေကျပ် သိန်း ၆၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀၀၀ သိမ်းဆည်းရမိသဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား