ဆောက်သမ်တန်နှင့်ပွဲတွင် ချယ်လ်ဆီး ကစားသမားများ  မိမိ၏ နည်းဗျူဟာပိုင်း ညွှန်ကြားချက်များကို လိုက်နာခြင်း မရှိဟု နည်းပြ လမ်းပတ်ဖွင့်ဟ

၁၉ အောက်တိုဘာ

 

 

ချယ်လ်ဆီးနဲ့ ဆောက်သမ်တန်တို့ သုံးဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့တဲ့ ပွဲမှာ  ချယ်လ်ဆီး အနေနဲ့ ဦးဆောင်ဂိုးတွေ အကြိမ်ကြိမ် ရခဲ့ပေမယ့် ဆောက်သမ်တန်ကို ချေပဂိုးတွေ ပြန်လည်ခွင့်ပြုခဲ့ရတာက  ချယ်လ်ဆီး ကစားသမားတွေဟာ ပွဲကစားချိန်အတွင်း နည်းဗျူဟာပိုင်း ညွှန်ကြားချက်တွေကို လိုက်နာခဲ့ခြင်း မရှိတာကြောင့်လို့ နည်းပြ လမ်းပတ်က ဖွင့်ဟလိုက်ပါတယ်။

 

 

လမ်းပတ်ကတော့ “ ကျွန်တော်က နောက်ဆုံး မိနစ်တွေမှာ ဖွင့်မကစားဖို့ ပြောပါတယ်။ ဒါက သူတို့ကို ကျွန်တော် ပြောချင်တဲ့ အဓိက အကြောင်းတရားပါ။ ပွဲချိန်ပြီးဆုံးခါနီးဆို ပြိုင်ဘက်အသင်းရဲ့ဖိအားပေးမှုတွေကို ဖြတ်တောက် ကစားနိုင်ဖို့ လိုတာပါ” လို့ ဆိုပါတယ်။ ချယ်လ်ဆီး အသင်းဟာ ဝါနာရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့်  ဆောက်သမ်တန်ကို ချေပဂိုး နှစ်ဂိုးကို ပြန်လည်ခွင့်ပြုခဲ့ရသလို ဒုတိယပိုင်းမှာ သွင်းယူခဲ့တဲ့ ဟာဗက်ရဲ့ ဦးဆောင်ဂိုးကိုလည်း ဆောက်သမ်တန်ကစားသမား ဗက်စတီဂါ့ခ်က နာကျင်အချိန်ပိုမှာ ခေါင်းတိုက်ပြီး ချေပဂိုးသွင်းယူခဲ့လို့ ချယ်လ်ဆီးတို့ သရေတစ်မှတ်နဲ့ပဲ ကျေနပ်လိုက်ရပါတယ်။

 

 

လမ်းပတ်က ဒီပွဲဟာ သူ့အတွက် စိတ်အပျက်ရဆုံး ပွဲစဉ်တွေထဲ တစ်ပွဲဖြစ်ကြောင်းလည်း ဆိုပါတယ်။ ယခု ရက်သတ္တပတ်အတွင်း ချယ်လ်ဆီးဟာ ယူရိုပါလိဂ်ချန်ပီယံ  ဆီဗီလာနဲ့ ချန်ပီယံလိဂ်ပွဲ ကစားရဖို့ ရှိနေသလို အဲဒီပွဲအပြီး   မန်ယူအသင်းကို အိုးထရက်ဖို့ဒ်ကွင်းမှာ သွားရောက် ရင်ဆိုင်ရဦးမှာဖြစ်လို့  တောက်လျောက်ပွဲကျပ် အနေအထားဖြစ်ပါတယ်။ ဒါကြောင့်  ဆောက်သမ်တန်ကို သရေသာ ကစားနိုင်ခြင်းက ချယ်လ်ဆီးအသင်း အတွက်တော့ ရှုံးပွဲတစ်ပွဲကို ကြုံတွေ့ခဲ့ရသလို နည်းပြ လမ်းပတ်အတွက် ခံရခက်ခဲ့တာပါ။

 

 

မေလဲ့သင်း