ဆော်ဒီဆိပ်ကမ်းအနီးတွင် အီရန်ရေနံတင်သင်္ဘော ဒုံးကျည်ဖြင့်တိုက်ခိုက်ခံရ

၁၂ အောက်တိုဘာ

 

ဆော်ဒီအာရေဗျနိုင်ငံအနီး ပင်လယ်နီအတွင်း ဖြတ်သန်းနေသည့် အီရန် ရေနံတင်သင်္ဘောမှာ ဒုံးကျည်နှစ်စင်းဖြင့် ပစ်ခတ်ခံရသည့်အတွက် ပျက်စီးခဲ့ရကြောင်း အီရန်မီဒီယာများက အောက်တိုဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်။ အီရန်အမျိုးသားရေနံ တင်သင်္ဘောကုမ္ပဏီမှပိုင်ဆိုင်သည့် အဆိုပါသင်္ဘောမှာ ဆော်ဒီဆိပ်ကမ်းဖြစ်သည့် ဂျက်ဒါမှ ကီလိုမီတာ ၁၀ဝ အကွာတွင် ဒုံးကျည်နှစ်စင်း ထိမှန်ခဲ့ကြောင်း၊ ဒုံးကျည်များမှာ သီးခြားစီ ကျရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

 

ဒုံးကျည်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ပင်လယ်နီအတွင်းသို့ ရေနံများယိုစီးခဲ့ရသည်။ အီရန်အမျိုးသား ရေနံတင်သင်္ဘောကုမ္ပဏီ (အင်န်အိုင်တီစီ)၏ အီရန်ရေနံတင်သင်္ဘောအုပ်စုမှ အော်ပရေတာက သင်္ဘောကိုယ်ထည်တွင် ပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့ကြောင်းနှင့် ဒုံးကျည်ဖြင့် တိုက်ခိုက်မှုဟု ယူဆရကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ဖော်ပြခဲ့သည်။ သင်္ဘောပေါ်ရှိ အမှုထမ်းများအားလုံးမှာ ဘေးအန္တရာယ်ကင်းရှင်းပြီး သင်္ဘောအခြေအနေမှာ စိတ်ချရကြောင်း အဆိုပါ ကုမ္ပဏီက သတင်းထုတ်ပြန်သည်။ သင်္ဘောပေါ်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်း မရှိကြောင်းလည်း ကုမ္ပဏီဘက်မှ ပြောကြားခဲ့သည်။ အီရန်နိုင်ငံပိုင် သတင်းဌာနကမူ အဆိုပါတိုက်ခိုက်မှုမှာ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်သည်ဟု ဖော်ပြကြသည်။ အခြေအနေများအားလုံးကို ထိန်းချုပ်နိုင်ပြီဖြစ်သော်လည်း ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းကို ဆက်လက်စုံစမ်းနေဆဲဖြစ် သည်။

 

ပင်လယ်ကွေ့ဒေသတွင်း တင်းမာမှုများ မြင့်တက်နေချိန် ပထမဆုံးအကြိမ်အဖြစ် အီရန်ရေနံတင်သင်္ဘော တိုက်ခိုက်ခံရခြင်းဖြစ်သည်။ အဆိုပါသတင်းကြောင့် ရေနံဈေး နှစ်ရာခိုင်နှုန်းအထိ တက်သွားခဲ့သည်။ လွန်ခဲ့သည့်လအတွင်း ဆော်ဒီရေနံစက်ရုံနှစ်ခု တိုက်ခိုက်ခံရပြီးနောက် ရေနံထောက်ပံ့မှုပြတ်တောက်သွားမည်ကို နောက်ထပ် စိုးရိမ်နေရခြင်းဖြစ်သည်။ တက္ကဆက်ပြည်နယ် အနောက်ပိုင်းတွင် ရေနံဈေး ၂ ဒသမ ၁ ရာခိုင်နှုန်း တက်သွားသည်။ တရုတ်နှင့် အမေရိကန် ကုန်သွယ်ရေးဆွေးနွေးပွဲ အတွက် အခက်အခဲများနှင့် ကြုံတွေ့ကတည်းက ရေနံဈေးမှာ မြင့်တက်နေသည်။

 

ဆင်ဟွာ၊ အေအက်ဖ်ပီ