တိုကျို ဩဂုတ် ၂၀
ဂျပန်နိုင်ငံသည် ဆော်ဒီအာရေဗျနှင့် အခြားပင်လယ်ကွေ့ငါးနိုင်ငံအတွက် စီးပွားရေးနှင့် စွမ်းအင်ကဏ္ဍတွင် ပိုမိုအားကောင်းစေရန် ဘက်စုံပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်ကို ရေးဆွဲသွားမည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီး မိုတီဂီတိုရှီမတ်ဆုက ပြောကြားသည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီးသည် ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး မင်းသား ဖိုင်ဇယ်ဘင်ဖာဟန်အယ်ဆွတ်နှင့် ရီယာ့ဒ်မြို့၌ ဩဂုတ် ၁၉ ရက်က တွေ့ဆုံခဲ့ကြရာ ၎င်းတို့သည် အလုပ်သဘော နေ့လယ်စာစားခြင်းအပါအဝင် နှစ်နာရီကြာဆွေးနွေးခဲ့ကြသည်။ ထို့နောက် အာရှဒေသရှိ အရန်ရေနံသိုလှောင် မှုများ မြှင့်တင်ရာတွင် အကူအညီပေးမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။ စွမ်းအင်အရင်းအမြစ် ကြွယ်ဝသည့်ဆော်ဒီနိုင်ငံနှင့်နီးကပ်သည့် ဆက်ဆံရေးတည်ဆောက်လိုကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးကလည်း ဂျပန်နိုင်ငံ၏ ပဏာမခြေလှမ်းကို ကြိုဆိုကြောင်းနှင့် အပြည်ပြည်ဆိုင်ရာဈေးကွက်အတွက် စွမ်းအင်ထောက်ပံ့မှုလုံခြုံမှုရှိရေး အပြုသဘောဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။
အင်န်အိတ်ချ်ကေ


