ဆွစ်ဇာလန်နိုင်ငံကို ဗြိတိန်နဲ့ တခြား ၁၄ နိုင်ငံတွေကနေ လာရောက်မယ့်သူတွေ သီးသန့်နေထိုင်ရမယ်လို့ ပြဋ္ဌာန်း

၂၆ စက်တင်ဘာ

ဆွစ်ဇာလန်နိုင်ငံကို ဗိုင်းရပ်စ်ပိုးကူးစက်သူများနေတဲ့ ဗြိတိန်၊ ဘယ်လ်ဂျီယံနဲ့ နယ်သာလန်နိုင်ငံတွေ အပါအဝင် နိုင်ငံပေါင်း ၁၅ နိုင်ငံမှ နိုင်ငံသားတွေအား သီးသန့်ခွဲခြားစောင့်ကြည့်မှုအောက်မှာ နေထိုင်ရမယ်လို့ သောကြာနေက ပြဋ္ဌာန်းလိုက်ပါတယ်။

အထက်ဖော်ပြပါနိုင်ငံတွေမှ လာရောက်ခဲ့မယ်ဆိုရင် ဆွစ်ဇာလန်နိုင်ငံမှာ အသီးသန့်ခွဲခြား စောင့်ကြည့်မှုအောက်တွင် ၁၀ ရက် နေထိုင်ရမှာဖြစ်ပြီး အဲဒီစည်းမျဉ်းဟာ လာမယ့် တနင်္လာနေ့မှာ စတင်အသက်ဝင်မယ်လို့ သိရပါတယ်။

ထပ်တိုး နိုင်ငံ ၁၅ နိုင်ငံထဲမှာ ဉရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်တဲ့ ဒိန်းမတ်၊ ဟန်ဂေရီ၊ အိုက်စ်လန်၊ အိုင်ယာလန်၊ လူဇင်းဘတ်၊ ပေါ်တူဂီနဲ့ စလိုဗေးနီးယားနိုင်ငံတွေနဲ့အတူ အီကွေဒေါ၊ ဂျမေကာ၊ မော်ရော့ကို၊ နီပေါနဲ့ အိုမန်နိုင်ငံတွေ ပါဝင်တာပဲ ဖြစ်ပါတယ်။

အမေရိကန်၊ ဘရာဇီး၊ စပိန်၊ အိန္ဒိယနိုင်ငံတွေ အပါအဝင် တခြားနိုင်ငံ ၄၄ နိုင်ငံကနေ ဆွစ်ဇာလန်နိုင်ငံကို လာရောက်မယ့် သူတွေအပေါ်မှာ အရင်ကတည်း သီးသန့်ခွဲခြားစောင့်ကြည့်မှုအောက်မှာ နေရမယ်လို့ စည်းမျဉ်းရှိပြီး ဖြစ်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံရဲ့ ဗိုင်းရပ်စ်ပိုးနဲ့ ပတ်သတ်တဲ့ စည်းမျဉ်းဟာ ၁၄ ရက်အတွင်း နိုင်ငံတစ်နိုင်ငံမှာ လူဦးရေ ၁၀၀,၀၀၀ တွင် ၆၀ ကျော်မှာ ပိုးတွေ့ရှိတဲ့နှုန်းထား ရှိခဲ့မယ်ဆိုရင် အဲဒီနိုင်ငံကို သီးသန့်စောင့်ကြည့်မှုအောက်မှာ နေထိုင်ရမယ်လို့ သတ်မှတ်ထားပါတယ်။

လူဦးရေ ၈ ဒသမ ၅ သန်းနေထိုင်တဲ့ ဆွစ်ဇာလန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၅၁၇၄၇ ရှိပြီး သေဆုံးသူ ၁,၇၇၇ ဦးရှိကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

MDN

ကိုးကား - AFP