အောက်တိုဘာ ၁၆
ဩစတြေးလျနိုင်ငံ အရှေ့ပိုင်းရှိ နယူးဆောက်ဝေးလ်ပြည်နယ်တွင် ယနေ့ မွန်းလွဲပိုင်းက ဆစ်ဒနီမြို့၏ အနောက်မြောက်ဘက်၌ လေယာဉ်ငယ်တစ်စင်း ပျက်ကျခဲ့ရာ အမျိုးသားနှစ်ဦး သေဆုံးခဲ့သည်။
ဆစ်ဒနီမြို့၏ အနောက်မြောက်ဘက် ကီလိုမီတာ ၂၀၀ ခန့်အကွာရှိ စကွန်မြို့တွင် လေယာဉ်ငယ်တစ်စင်း ပျက်ကျကြောင်း ယနေ့ မွန်းလွဲ ၁ နာရီ ၅၅ မိနစ်ခန့်က သတင်းပေးပို့မှုများအရ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များကို လေယာဉ်ကွင်းငယ်တစ်ခုအနီးသို့ စေလွှတ်ခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။
ရဲတပ်ဖွဲ့တာဝန်ရှိသူများ ရောက်ရှိလာချိန်တွင် လေယာဉ်ငယ်တစ်စင်း ပျက်ကျနေသည်ကို တွေ့ရှိခဲ့ကြပြီး လေယာဉ်ပေါ်လိုက်ပါလာသူ အမျိုးသားနှစ်ဦးမှာ ပျက်ကျရာနေရာမှာပင်သေဆုံးခဲ့ကြောင်းနှင့် မည်သူမည်ဝါအတည်ပြုဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
ရဲတပ်ဖွဲ့သည် စုံစမ်းစစ်ဆေးရေးလုပ်ငန်းများဆောင်ရွက်ရန် မှုခင်းဖြစ်ပွားရာနေရာအဖြစ် ထိန်းသိမ်းသတ်မှတ်ခဲ့ပြီး ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ ဩစတြေးလျသယ်ယူပို့ဆောင်ရေး ဘေးကင်းလုံခြုံရေးဗျူရိုနှင့် အပျော်တမ်းလေကြောင်းပျံသန်းရေးအဖွဲ့အစည်းတို့ကို အကြောင်းကြား ခဲ့သည်ဟု သိရသည်။
ဩစတြေးလျသယ်ယူပို့ဆောင်ရေး ဘေးကင်းလုံခြုံရေးဗျူရိုကလည်း လေယာဉ်ပျက်ကျမှုနှင့်ပတ်သက်သည့် အချက်အလက်များကို စုဆောင်းလျက်ရှိကြောင်း ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


