ဆာလာ လီဗာပူးကို စတင်ရောက်ရှိလာသည့် ရာသီကထက် ပိုကောင်းလာဟု ဟန်ဒါဆန် ချီးကျူးခဲ့ပြီး ဂျိုးဂိုးမက်စ်နဲ့ ဂျိုရယ်မက်တစ်တို့ကို ဗဟိုခံစစ်တွင် တွဲဖက်အသုံးပြုရန် နည်းပြ ကလော့ပ် စီစဉ်

mdn

၂၇ အောက်တိုဘာ

 

တိုက်စစ်မှူး ဆာလာဟာ လီဗာပူးကို စတင်ရောက်ရှိလာခဲ့တဲ့ ၂၀၁၇ ခုနှစ်ကထက် ယခုအချိန်မှာ များစွာ ပိုကောင်းလာခဲ့ပြီ ဖြစ်တယ်ဆိုတာ သူ့ရဲ့ ဂိုးသွင်းနှုန်းကို ကြည့်ရင် သိနိုင်တယ်လို့ လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က ချီးကျူးစကားဆိုလိုက်ပါတယ်။

 

ဆာလာဟာ ၂၀၁၇ ခုနှစ် ရိုးမားအသင်းကနေ လီဗာပူးကို ရောက်ရှိလာချိန်ကတည်းက အသင်းကို များစွာအကျိုးပြုခဲ့ပြီး အဲဗာတန်ကို နှစ်ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ လီဗာပူးအတွက် ဂိုး ၁၀၀ ပြည့်မြောက်ခဲ့ပါတယ်။

 

ဟန်ဒါဆန်ကမိုရဲ့မှတ်တမ်းတွေကို ကြည့်လိုက်ရင် ခင်ဗျား အတော့်ကို အံ့ဩရပါလိမ့်မယ်။ သူက ၁၅၉ ပွဲ ကစားထားရုံနဲ့ သွင်းဂိုး ၁၀၀ ပြည့်မြောက်ခဲ့တဲ့ တိုက်စစ်မှူး ဖြစ်ပါတယ်။ သူက လီဗာပူးအသင်း သမိုင်းမှာ မှတ်တမ်းရေးထိုးထားပြီး ကလပ်အသင်းအတွက် ကစားခဲ့တဲ့ နှစ်ရာသီအတွင်း ချန်ပီယံလိဂ်ဖလားတစ်လုံး၊   ပရီးမီးယားဖလားတစ်လုံး ရယူပေးနိုင်ခဲ့ပါတယ်လို့ ပြောကြားခဲ့ပါတယ်။

 

လီဗာပူးဟာ ဒိန်းမတ်ချန်ပီယံ မက်ဂျယ်လန်းနဲ့ ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ နည်းပြ ကလော့ပ်ဟာ သူ တစ်ကြိမ်တစ်ခါမျှ တွဲဖက် အသုံးပြုခြင်းမရှိဘူးသေးတဲ့ ဂျိုးဂိုးမက်စ်နဲ့ ဂျိုရယ်မက်တစ်တို့ကို ဗဟိုခံစစ်ကြောင်းမှာ တွဲဖက်အသုံးပြုနိုင်ခြေရှိကြောင်း အရိပ်အမြွတ် ဆိုခဲ့ပေမယ့် ဖာဘင်ညိုနဲ့ ဂျိုးဂိုးမက်စ်တို့ကိုလည်း တွဲဖက်အသုံးပြုနိုင်သေးကြောင်း ဆိုပါတယ်။

 

အသင်းရဲ့ အားထားရတဲ့ ဗဟိုခံစစ်မှူး ဗန်ဒိုက် ရာသီကုန်အထိ အနားယူရတော့မှာ ဖြစ်တာကြောင့် လီဗာပူးဟာ ဗဟိုခံစစ်ကြောင်းနေရာအတွက် ကစားသမား အသုံးပြုမှု  မတည်ငြိမ်သေးဘဲ စမ်းသပ်သုံးစွဲနေရတဲ့ အနေအထားပါ။ သို့ပေမယ့် ဖာဘင်ညိုဟာ သူကစားနေကျ မဟုတ်တဲ့ ဗဟိုခံစစ်ကြောင်းမှာ အကောင်းဆုံး ဖြည့်ဆည်းကစားပေးနေတာကြောင့် လီဗာပူးအသင်းမှာ ခံစစ်ပိုင်း ပြဿနာကြီးကြီးမားမား ကြုံတွေ့ခြင်းတော့ မရှိသေးပါဘူး။ ကလော့ပ်ကိုယ်တိုင်ကတော့ အသင်းရဲ့ ခံစစ်ကြောင်းတည်ငြိမ်ဖို့  ကစားသမားတွေကို  ခဏခဏ နေရာအပြောင်းအလဲလုပ် မကစားခိုင်းဘဲ သေချာအထိုင်ချ ကစားခိုင်းဖို့ လိုအပ်တယ်လို့ ဝန်ခံခဲ့တာကြောင့်  လာမယ့်ပွဲစဉ်အနည်းငယ်အတွင်း လီဗာပူးဗဟိုခံစစ်မှာ ကစားသမား သုံးစွဲမှု တည်ငြိမ်လာဖို့တော့ ရှိပါတယ်။

 

မေလဲ့သင်း