စေတနာ သမ္ပဒါ

၂၃ ဇန်နဝါရီ

မြန်မာနိုင်ငံသို့ အိန္ဒိယလေကြောင်းဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်သန်းခွဲ ရောက်ရှိလာပြီ ဖြစ်၏။ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံသို့ ပေးလှူသောကာကွယ်ဆေးဖြစ်ပါသည်။ ယခုရက်သတ္တပတ်တွင်း မှာပင်လူခုနစ်သန်းခွဲကို ဦးစားပေးအဆင့်အလိုက် ကာကွယ်ဆေး စတင်ထိုးနှံတော့မည်ဖြစ်၏။ နောက်ထပ် လာရန်ရှိသည့် ကာကွယ်ဆေးအစီအစဉ်များကလည်း ဆွေးနွေးပြင်ဆင်ထားပြီး ဖြစ်သည်ဟုလည်း သိရပါသည်။

မြန်မာနိုင်ငံသည် ဆင်းရဲချို့ငဲ့သည့် နိုင်ငံဖြစ်သည့်ပြင် အရာရာတွင် နောက်တန်းရောက်နေသော တိုင်းပြည်ဖြစ်သည့်အတွက် နောက်နှစ် ၂၀၂၂ ခုနှစ်ရောက်သည့်တိုင် ကာကွယ်ဆေး စတင်ထိုးနှံနိုင်ဖို့ မလွယ်သေးဟူသည့် အတွေးများ အပြောများကြောင့် စိုးရိမ်ပူပန်စိတ် များနေကြသောသူတို့ အတန်အသင့် စိတ်အေးကြရပြီဖြစ်ပါသည်။

ယခုဆိုလျှင် အရှေ့တောင်အာရှနိုင်ငံများထဲတွင် မြန်မာနိုင်ငံသည် ဆောလျင်စွာ ကာကွယ်ဆေးထိုးနိုင်သည့် နိုင်ငံတစ်ခု ဖြစ်လာပြီ။ ကိုဗစ်ရောဂါကာကွယ်ဆေးသည် ကပ်ရောဂါနှင့် ပတ်သက်၍ ပြီးပြည့်စုံသော ဖြေရှင်းနိုင်မှုမဟုတ်သော်လည်း အရေးပါသော အဆင့်တစ်ခုကို တက်လှမ်းနိုင်သည့် ခြေလှမ်းတစ်ခုဟု ဆိုနိုင်ပါသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး၏ အစွမ်းထက်ထိရောက်မှု အာနိသင်နှင့် ပတ်သက်၍ စမ်းသပ်မှုများစွာပြုလုပ်ပြီး သုံးစွဲနိုင်ကြောင်း ခွင့်ပြုချက်ပေးလိုက်ပြီဆိုသော်လည်း ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းသည် တစ်ကမ္ဘာလုံးအတွက် ပထမဆုံးခြေလှမ်းသာ ဖြစ်ပါသည်။ ကာကွယ်ဆေး၏ထိရောက်မှု၊ အချိန်မည်မျှကြာအောင်ကာကွယ်ထိန်းထားနိုင်မည် စသည်တို့မှာ ကမ္ဘာတစ်ခုလုံးအတွက် ခြေလှမ်းသစ်များ စတင်ချိန်ဖြစ်ပါသည်။ ကမ္ဘာတစ်ဝန်းလုံးက သတိဖြင့် လျှောက်လှမ်းနေကြရချိန် ဖြစ်ပါသည်။

ထို့ကြောင့် အထက်တွင်ဆိုသကဲ့သို့ ကာကွယ်ဆေး ရောက်ရှိလာမှု၊ ကာကွယ်ဆေးထိုးမှုတို့သည် ကပ်ရောဂါနှင့် ပတ်သက်၍ ပြီးပြည့်စုံသည့် ဖြေရှင်းမှုမဖြစ်နိုင်သေးသည့်အတွက် ပြည်သူလူထုအဖို့ ပေါ့ပေါ့ဆဆမနေကြဖို့သည် အရေးကြီးသော ကိစ္စဖြစ်ပါ၏။ ကျန်းမာရေးဆိုင်ရာ အခြေခံစည်းမျဉ်း များကို ဆက်လက်စောင့်ထိန်းလိုက်နာကြရန် လိုနေဦးမည်ဖြစ်ပါသည်။ ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာနှင့်ချီ၍ ဖြစ်နေသော ကပ်ရောဂါဖြစ်၏။ ထို့ပြင် အချို့သော နိုင်ငံကြီးများတွင် ယနေ့ချိန်အထိ ကူးစက်မှုပြင်းထန်ဆဲ၊ ရောဂါဖြစ်ပွားသူများနှင့် ဆေးရုံနေရာမှအစ ပြုစုစောင့်ရှောက် တာဝန်ယူကြမည့် ကျန်းမာရေးဝန်ထမ်းအရေအတွက်မှအစ အကျပ်အတည်းများ တွေ့နေချိန် ဖြစ်ပါသည်။

မြန်မာနိုင်ငံအနေဖြင့် အထူးဂရုပြုကာ တစ်ဦးချင်း အသိစိတ်ဓာတ်ဖြင့် ကာကွယ်စောင့်ရှောက် နေထိုင်ကြခြင်းဖြင့်သာ အတော်အတန် စိတ်ချနေနိုင်မည့် အခြေအနေဖြစ်ပါသည်။

ဤနေရာတွင် မြန်မာပြည်သူလူထု၏ အရေးကြီးလျှင်  အရေးကြီးသလို သွေးစည်းကြ၊ တစ်ဦးနှင့်တစ်ဦး ဖေးမကူညီ စောင့်ရှောက်ကြ စသည့် စိတ်ဓာတ်နှင့် သဘောထားကမူ အထူးပင်လေးစားဖွယ်၊ အားရကျေနပ်ဖွယ်၊ ကျေးဇူးတင်ဖွယ်ဟု ဆိုရပါမည်။

နိုင်ငံတော်အစိုးရကကာကွယ်ဆေးအတွက် ရန်ပုံငွေတစ်ရပ်  ထူထောင်လိုက်သည်နှင့် ပြည်သူလူထု အစိတ်အပိုင်းအသီးသီးက ဝိုင်းဝန်းပါဝင်ကြသည်မှာ အံ့ချီးဘနန်းဖြစ်ပါသည်။ နိုင်ငံတော်က  ကျပ်ငွေတစ်ဘီလီယံ (သန်းတစ်ထောင်) ထည့်ပြီး မကြာမီမှာပင်  ပြည်သူလူထု၏ ရန်ပုံငွေ ထည့်ဝင်မှုက ၁၈ ဒသမ ၇၈ ဘီလီယံ ဖြစ်လေသည်။ အမေရိကန်ဒေါ်လာ ထည့်ဝင်မှုတွင်လည်း အစိုးရက သန်း ၂၅၀ ထည့်ဝင်ပြီးနောက် ပြည်သူလူထု၏ ထည့်ဝင်မှုမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၉၇ သန်းကျော် ဖြစ်ပေသည်။

ထိုထိုသော ရန်ပုံငွေများအား ပြည်သူလူထုကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေးအတွက် အသုံးပြုသွားမည် ဖြစ်ပါသည်။ ပြည်သူလူထု၏ ထည့်ဝင်မှုမှာ စေတနာသုံးတန် ထက်သန် ညီညွတ်ခြင်းဖြင့် ပြည့်စုံသော၊ သာဓုအနုမောဒနာ ခေါ်ရမည့် မြင့်မြတ်သော လှူဒါန်းမှုအဖြစ် ဂုဏ်ယူမိပါကြောင်း။       ။

မြန်မာ့အလင်း