စောစောပြော၊ စောစောသိ အားလုံးအကျိုးရှိ

၃၁  မတ်

ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် covID-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုသည့်လုပ်ငန်းများအား သက်ဆိုင်ရာဌာနများက အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်များ၊ ဆေးရုံများ၊ ပြည်သူ လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများ၊ ပုဂ္ဂလိကဆေးရုံများ၊ လူမှုရေးအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ နေ့စဉ်အချိန်ပြည့် အထူးဂရုစိုက်၍ ပိုမိုအလေးထားလုပ်ဆောင်လျက်ရှိသည်။ ။

မြန်မာနိုင်ငံတွင် အဆိုပါရောဂါပိုးရှိသူနှစ်ဦးကို မတ်လ ၂၃ ရက်နေ့က စတင်တွေ့ရှိပြီး မတ်လ ၃၀ ရက်နေ့အထိ တစ်ပတ်ကြာကာလတွင် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများအပါအဝင် စုစုပေါင်း ၁၄ ဦးတွင် ရောဂါပိုး တွေ့ရှိရကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်တွင် ပြည်ပမှရောက်ရှိခဲ့ကြသူများအနက် နယ်စပ်မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိလာသူတစ်ဦးတွင် ပထမဆုံးစတင်တွေ့ရှိခဲ့ရာ ရောဂါနှင့်ပတ်သက်၍ ပိုမိုအလေးထား ဂရုစိုက်ရတော့မည်ဖြစ်ကြောင်း အချက်ပေးခေါင်းလောင်းထိုးလိုက်ခြင်း ပင် ဖြစ်သည်။ ။

ပြည်တွင်း၌ ရောဂါထပ်ဆင့်ကူးစက်မှုအနေဖြင့် မတ်လ ၂၉ ရက်နေ့တွင် တွေ့ရှိသည့်လူနာအမှတ်(၁၀) သည် မတ်လ၂၇ ရက်နေ့တွင်တွေ့ရှိသည့် လူနာအမှတ် (၅) မှတစ်ဆင့် ပြည်တွင်း၌ ပထမဆုံးကူးစက်ခံရသည့်လူနာ ဖြစ်သည်။ လူနာအမှတ် (၉) သည် မတ်လ ၂၃ ရက်နေ့တွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ မြဝတီမြို့မှတစ်ဆင့် ရောက်ရှိလာကြသူများအနက်မှ တစ်ဦးဖြစ်ရာ ထိုလူနာနှင့် ထိတွေ့ဆက်ဆံခဲ့ကြသူများကိုလည်းကောင်း၊ ထိုလူနာနှင့် အလားတူရောက်ရှိလာသူများကိုလည်းကောင်း စောင့်ကြပ်ကြည့်ရှုရမည် ဖြစ်သည်။ မတ်လ ၂၈ ရက်နေ့က ပြည်ပသို့သွားရောက်ခြင်းမရှိဘဲ ပြည်တွင်း၌ နိုင်ငံခြားသားများနှင့် အနီးကပ်နေထိုင်ခဲ့သည့် အတည်ပြုလူနာအမှတ် (၈) နှင့်ထိတွေ့ခဲ့သူများကို သက်ဆိုင်ရာက ရှာဖွေထောက်လှမ်းခဲ့ရာ လူ ၄၇၀ ကျော်တွေ့ရှိခဲ့သည်ဟု ဆိုထားသည်။

ထို့ကြောင့် ပြည်ပမှလေကြောင်းခရီးဖြင့် မြန်မာနိုင်ငံသို့ရောက်ရှိလာ သူများအား ရောဂါပိုး ရှိ၊ မရှိ ရှာဖွေစိစစ်ရေး အခက်အခဲထက် ပြည်တွင်း၌ ရောဂါရှိနိုင်သူများနှင့် နယ်စပ်မှတစ်ဆင့် မြန်မာနိုင်ငံသို့ သောင်းနှင့်ချီ ဝင်ရောက်လာသူများတွင် ရောဂါရှိ၊ မရှိ ရှာဖွေထောက်လှမ်းရေးမှာ အလွန်ခက်ခဲပြီး ရောဂါဘေးနှင့်ပတ်သက်၍ ကြီးမားသော စိန်ခေါ်မှုကြီးဖြစ်လာသည်။ ယခုအချိန်တွင် ရောဂါဖြစ်ပွားမှုကျယ်ပြန့်မလာစေရန် အထူးအလေးထားဆောင်ရွက်နေရာ ကျန်းမာရေးဌာနက သံသယလူနာ၊ စောင့်ကြည့်လူနာများကို ဂရုစိုက်နေရသည်။ ရောဂါပြန့်ပွားကူးစက်မှုကို ထိန်းချုပ်ရန် သတ်မှတ်အဆောက်အဦတွင် ထားရှိ၍ အသွားအလာ ကန့်သတ်ခြင်း၊ ဟိုတယ်တွင်အသွားအလာကန့်သတ်ခြင်း၊ ပြည်သူလူထု၏ ဝိုင်းဝန်းပူးပေါင်းကူညီ စောင့်ရှောက်ပေးမှုဖြင့် သတ်မှတ်နေရာ၊ အဆောက်အဦတွင် ထားရှိပြီး အသွားအလာကန့်သတ်ခြင်းနှင့် ဆေးရုံတွင် အသွားအလာ ကန့်သတ်ခြင်းတို့ကို စနစ်တကျတင်းကျပ်စွာ လုပ်ဆောင်လျက်ရှိသည်။

ဆိုခဲ့သည့်အတိုင်း ရှာဖွေထောက်လှမ်းထားသော အမှတ်(၈)လူနာနှင့် ထိတွေ့ခဲ့သူ ၄၇၀ ကျော်နှင့် နယ်စပ်ဂိတ်မှတစ်ဆင့် ပြည်ပမှ ပြည်တွင်းသို့ ပြန်လည်ရောက်ရှိလာကြသောသူများနှင့် ပတ်သက်ဆက်နွှယ်ခဲ့သူများ အားလုံးကို စောင့်ကြည့်ရှာဖွေစစ်ဆေး ကြည့်ရှုနိုင်ရန်အလုပ်မှာ အလွန် ကြီးမားသော စိန်ခေါ်မှုကြီး ဖြစ်နေသည်။ ထို့ကြောင့် ပြည်သူလူထုသာလျှင် အဓိကဖြစ်၍ ရောဂါမကူးစက်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနကထုတ်ပြန်ထားသော လိုက်နာရမည့် အချက်များကို အလေးထားလိုက်နာ တိတိကျကျဆောင်ရွက်ကြပါရန်နှင့် အသွားအလာကန့်သတ်ခြင်းခံရသည့် ဦးရေ၊ ၎င်းတို့၏ ကျန်းမာရေးအခြေအနေနှင့် ဆောင်ရွက်ရန်အချက်များကို နေ့စဉ်ဆိုင်ရာသို့ သတင်းပို့ကြရန် ဖြစ်သည်။

သို့ဖြစ်ရာ covID-19 ရောဂါသည် ယနေ့အချိန်တွင် ကမ္ဘာ့နိုင်ငံများ အားလုံးနှင့် မြန်မာနိုင်ငံအတွက် အရေးကြီးဆုံး အချိန်ဖြစ်နေသဖြင့် ပြည်သူများအနေဖြင့် တစ်မျိုးသားလုံး အရေးဖြစ်နေသည်ကို အထူးသိရှိနားလည်ပြီး ကျန်းမာရေး၊ အထွေထွေအုပ်ချုပ်ရေးဌာနများနှင့်လက်တွဲပူးပေါင်းကာ မိမိတို့ ၏ရပ်ရွာဒေသများအတွင်း သတ်မှတ်ချက်များကိုလိုက်နာရန်ပျက်ကွက်မှုများ၊ မသင်္ကာဖွယ်အခြေအနေများကို တွေ့ရှိရပါက စောစောပြော၊ စောစောသိ အားလုံးအကျိုးရှိသည် ဆိုသည့်အတိုင်း ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများကို ဖိဖိစီးစီး လုပ်ကိုင်ကြရမည် ဖြစ်ပါကြောင်း။ ။

ကြေးမုံ