စားသုံးသူကာကွယ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း) ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် အောက်တိုဘာ ၁၄

 

ပြည်ထောင်စုနယ်မြေ နေပြည်တော် စားသုံးသူရေးရာ ဦးစီးဌာနမှ စားသုံးသူကာကွယ်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ (မူကြမ်း) ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီ ဇမ္ဗူသီရိ ခန်းမ၌ ကျင်းပသည်။

 

ဦးစွာ နေပြည်တော်ကောင်စီ အတွင်းရေးမှူး ဦးသန်းဆွေဝင်းက စားသုံးသူကာကွယ်ရေး ဥပဒေသည် ၂၀၁၉ ခုနှစ် မတ်လ ၁၅ ရက်တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်(၉) ဖြင့် ပြဋ္ဌာန်းခဲ့သော ဥပဒေတစ်ရပ်ဖြစ်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စားသုံးသူရေးရာဦးစီး ဌာနက စီမံခန့်ခွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်သည့် ဥပဒေတစ်ရပ် ဖြစ်ပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေကို လက်တွေ့ကျင့်သုံးရာတွင် ထိရောက်မှုရှိ/မရှိ အခြေအနေ အရပ်ရပ်ကို ပြန်လည်သုံးသပ် လျက်ရှိကြောင်း၊ ခေတ်စနစ်နှင့် လျော်ညီပြီး လက်တွေ့ကျင့်သုံးရာတွင် ပိုမိုထိရောက် မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန်အတွက် စားသုံး သူကာကွယ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)ကို ရေးဆွဲရခြင်းဖြစ်ကြောင်း၊ စားသုံးသူ ကာကွယ်ရေး လုပ်ငန်းစဉ်များကို ပိုမိုထိရောက် အောင်မြင်စေရန် အတွက် သက်ဆိုင်ရာ အစိုးရဌာန များ၊ အစိုးရအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များနှင့် စားသုံးသူရေးရာ ကျွမ်းကျင် ပညာရှင်များ၏ ဝိုင်းဝန်းအကြံပြုချက်များသည် အလွန်ပင် အရေးကြီးကြောင်း၊ ယနေ့ဆွေးနွေးပွဲကို တက်ရောက်လာကြသူများ အနေဖြင့် ဥပဒေပြင်ဆင်မှုအပေါ် လိုအပ်ချက်များနှင့် အပြုသဘော ဆောင်သည့် အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းဆွေးနွေး ပေးကြပါရန် တိုက်တွန်းပြောကြားသည်။

 

ယင်းနောက် စားသုံးသူရေးရာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက စားသုံးသူကာကွယ်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ (မူကြမ်း)ကို ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ထွန်းလင်း(ဇေယျာမြေ)