ကမ္ဘာ့လူဦးရေသည် တစ်နေ့တခြားတိုးပွားလျက်ရှိပြီး ယခုအခါ လူဦးရေ ရှစ်ဘီလီယံခန့်အထိ တိုးတက်ရောက် ရှိလာပြီဖြစ်သည်။ နောင်တွင်လည်း ဆက်လက် တိုးပွားလာနေဦးမည်ဖြစ်ပြီး အဓိက လိုအပ်ချက်မှာ လူဦးရေတိုးတက်လာမှုနှင့်အတူ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ စားရေရိက္ခာ လုံခြုံစိတ် ချရေး(Food Security)ဖြစ်၍ ယင်းလိုအပ်ချက်များအတွက် နိုင်ငံများက ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံအကျယ်အဝန်းနှင့် လူဦးရေအချိုးအစားမှာ မျှတလျက် ရှိပြီး နိုင်ငံလူဦးရေတိုးနှုန်း မမြင့်မားသောနိုင်ငံဖြစ်သည်။ သို့သော် ရန်ကုန်မြို့ကဲ့သို့ မြို့ကြီးများအနေဖြင့် လူဦးရေတိုးနှုန်း တစ်နေ့တခြား မြင့်မားလျက်ရှိသည့် အခြေအနေအပေါ်မူတည်၍ လိုအပ်သည်များကို သက်ဆိုင်ရာအဖွဲ့အစည်းများက စီမံဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံတွင် ရန်ကုန်မြို့သည် လူဦးရေအထူထပ်ဆုံး မြို့ကြီးတစ်မြို့ဖြစ်ပြီး ယခုအခါ လူဦးရေ ခုနစ်သန်းကျော်၊ ရှစ်သန်းခန့်အထိ နေထိုင်လျက်ရှိသည်။ နောင်တွင်လည်း လူဦးရေဆက်လက် တိုးပွားလာမည်ဖြစ်၍ ရန်ကုန်တိုင်းဒေသ ကြီးအတွင်း မြို့ပြအိမ်ရာတည်ဆောက်ရေးနှင့် စားရေရိက္ခာလုံခြုံရေးကို သက်ဆိုင်ရာအဖွဲ့အစည်းများက ကြိုးပမ်းတည်ဆောက် ဆောင်ရွက်လျက် ရှိသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဩဂုတ် ၂၉ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်အတွင်း မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူဦးရေ ခုနစ်သန်းကျော်၊ ရှစ်သန်းခန့််၏ နေ့စဉ် အသား၊ ငါး၊ ဥအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက် လိုအပ်ချက်များကို လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ရေး လမ်းညွှန်မှာကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးတွင် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် မွေးမြူရေးဇုန်များ တည်ထောင်ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်။ မွေးမြူရေးဇုန်များကို အပိုင်းလိုက် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ဇုန်များအလိုက် ကြက်၊ ဘဲ၊ ဝက်၊ ဆိတ်၊ နွား၊ ငါးနှင့် ငုံးများ မွေးမြူထားသည်။ မွေးမြူရေးဇုန်များတွင် အသား၊ ငါးနှင့်ဥများ ထုတ်လုပ်ရောင်းချပေးလျက်ရှိသည်။ မွေးမြူရေးဇုန်များတွင် ရေလုံလောက်စွာရရှိရေးအတွက် နေရောင်ခြည်စွမ်းအင်သုံး ရေတင်လုပ်ငန်း များဖြင့် ရေပေးဝေလျက်ရှိသည်။ ဇုန်များအလိုက် လျှပ်စစ်မီး ရရှိရေးကို ဆောင်ရွက်ပေးထားပြီး ကုန်ထုတ်လမ်းများနှင့် အရိပ်ရလေကာပင်များ ဆောင်ရွက်ထားသည်။ ဇုန်များအလိုက် တိရစ္ဆာန် အစားအစာ လုံလောက်စွာရရှိရေး အစာစပ်စက်ရုံများဖြင့် ထုတ်လုပ်ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော် အကြီးအကဲ က မွေးမြူရေးဇုန်များသို့ မကြာခဏလာရောက်ပြီး လိုအပ်သည်များကို လမ်းညွှန် မှာကြား ဖြည့်ဆည်းပေးလျက်ရှိသည်။
စိုက်ပျိုးမွေးမြူရေးဇုန်များ အကောင်အထည်ဖော် ဆောင်ရွက်ထားခြင်းသည် ထုတ်ကုန်များကို ဈေးနှုန်းသက်သက်သာသာဖြင့် ပြည့်ပြည့်ဝဝ ဝယ်ယူစားသုံးနိုင် ရေးအတွက်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် မြေပြင်အခြေခံ ကိန်းဂဏန်းအချက် အလက်များ ပြည့်စုံ မှန်ကန်ရေးသည် အဓိကကျပြီး ယင်းအချက်အလက်များကိုအခြေခံ၍ စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရခြင်းဖြစ်သည်။ ပြည်သူများ သက်သာသော ဈေးနှုန်းများဖြင့် အသား၊ ငါးနှင့် ဥအမျိုးမျိုး လုံလောက်စွာဝယ်ယူစားသုံး နိုင်ရေးကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များမှ တာဝန်ရှိ သူများက စီမံတွက်ချက် လျာထားဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မြေနေရာများ ခွဲဝေချထားပေးထားပြီး အဆိုပါမြေကို အခြားနည်းဖြင့် အသုံးမပြုစေရန် ကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း စသည့် နည်းလမ်း(၄)သွယ်သည် မဖြစ်မနေလိုအပ်သည်။ မွေးမြူသည့်တိရစ္ဆာန် အမျိုးအစားအလိုက် မျိုးကောင်းမှသာ ထုတ်လုပ်မှု တိုးတက်လာမည်ဖြစ်သည်။ စိုက်ပျိုးရေး လုပ်ငန်းတွင် မြေပြုပြင်ခြင်းနှင့် မြေဩဇာများ ထည့်သွင်းအသုံး ပြုရသကဲ့သို့ မွေးမြူရေးလုပ်ငန်းတွင်လည်း တိရစ္ဆာန်အစာကို လုံလောက်အောင်ကျွေးမွေးနိုင်ရန် တိရစ္ဆာန်အစာများကို စဉ်ဆက်မပြတ် ထုတ်လုပ်ရမည်ဖြစ်သည်။ စိုက်ပျိုးရေး လုပ်ငန်းများအတွက် စိုက်ပျိုးရေနှင့်အောင်ရေ လုံလောက်စွာရရှိရေး လိုအပ်သကဲ့သို့ တိရစ္ဆာန်များအတွက်လည်း သန့်ရှင်းသောရေ လုံလောက်စွာရရှိရန်လိုအပ်သည်။ မွေးမြူရေးလုပ်ငန်းများ အထွက်နှုန်းကောင်းမွန် စေရေးအတွက် မွေးမြူမည့်နေရာ၊ ပမာဏ၊ ရေ၊ အစာနှင့် ကျန်းမာရေးဆိုင်ရာလိုအပ်ချက်၊ စဉ်ဆက်မပြတ် မွေးမြူ ထုတ်လုပ်မှုစသည်တို့ကို စနစ်တကျ စီမံဆောင်ရွက်ရမည်ဖြစ်သည်။
သို့ဖြစ်ရာ ရန်ကုန်မြို့သည် လူဦးရေအထူထပ်ဆုံးမြို့ဖြစ်၍ ပြည်သူများ နေ့စဉ် လိုအပ်လျက်ရှိသည့် စားရေရိက္ခာများ လုံလောက်ဖူလုံစေရေး၊ ဈေးနှုန်းသက်သာစွာ ဖြင့် စဉ်ဆက်မပြတ် ဝယ်ယူစားသုံး နိုင်ရေးအတွက် မွေးမြူရေးဇုန်များအတွင်း ဆောင်ရွက်နေသည့် မွေးမြူရေးလုပ်ငန်းများ တိုးတက် အောင်မြင်အောင် ကြိုးပမ်း ဆောင်ရွက်ပြီး ပြည်သူများလိုအပ်သည့် အသား၊ ငါးနှင့် ဥအမျိုးမျိုးတို့ကို စနစ်တကျ ထုတ်လုပ်၍ စားရေရိက္ခာလုံခြုံဖူလုံမှုကို စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖြင့် တွန်းအားပေး ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။


