ပါမောက္ခ ဒေါက်တာမျိုးခိုင် (ကွန်ပျူတာတက္ကသိုလ်)
နံနက်ခင်းအိပ်ရာမှ နိုးထလာချိန်တွင် မိမိ၏ လက်ကောက်ဝတ်ရှိ စမတ်နာရီလေးမှ “ယမန်နေ့ ညက သင် အိပ်စက်မှုအားနည်းခဲ့သဖြင့် ယနေ့တွင် အပန်းဖြေမှု ပိုမိုပြုလုပ်ပါ” ဟု အကြံပြုသတိပေး လာခြင်း၊ သို့မဟုတ် အိမ်တွင် သက်ကြီးရွယ်အိုတစ်ဦး တည်းရှိနေစဉ် မတော်တဆလဲကျသွားပါက အနား တွင် လူမရှိသော်လည်း စက္ကန့်ပိုင်းအတွင်း မိသားစု ဆရာဝန်၊ ဆေးရုံနှင့် မိသားစုဝင်များ၏ လက်ကိုင် ဖုန်းများထဲသို့ အရေးပေါ်သတိပေးချက် အလိုအလျောက် ရောက်ရှိသွားခြင်း စသည်တို့ကို ကြုံဖူး ပါသလား။
ဤအခြင်းအရာများသည် ယခင်က သိပ္ပံ စိတ်ကူးယဉ်ရုပ်ရှင်များထဲတွင်သာ တွေ့မြင်ခဲ့ရသည့် ဇာတ်ဝင်ခန်းများ ဖြစ်သော်လည်း ယခုအခါ တွင်မူ ကျွန်ုပ်တို့၏ နေ့စဉ်လူနေမှုဘဝထဲသို့ အမှန်တကယ်ရောက်ရှိလာခဲ့ပြီ ဖြစ်ပါသည်။ ယင်းကို Smart Healthcare (ခေါ်) AI နည်းပညာသုံး ကျန်းမာရေးစောင့်ရှောက်မှုစနစ်ဟု ခေါ်ဆိုကြပါ သည်။
အရိုးရှင်းဆုံး အဓိပ္ပာယ်ဖွင့်ရလျှင် Smart Healthcare ဆိုသည်မှာ အင်တာနက်၊ အလို အလျောက်တွက်ချက်နိုင်သောစနစ်များ (AI)၊ စမတ် ဖုန်းများနှင့် လူ့ခန္ဓာကိုယ်တွင် ဝတ်ဆင်နိုင်သော နည်းပညာပစ္စည်းများ (Wearable Devices) ကို အသုံးပြု၍ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍကို ပိုမိုမြန်ဆန်ထိရောက်ပြီး တိကျလာအောင် လုပ်ဆောင်ပေးသည့်စနစ်ကို ခေါ်ဆိုခြင်းဖြစ်ပါ သည်။
သမားရိုးကျ ကျန်းမာရေးစနစ်တွင် လူနာတစ်ဦး သည် နေမကောင်းဖြစ်မှသာ ဆေးရုံ၊ ဆေးခန်းသို့ သွားရောက်ကာ ဆရာဝန်နှင့် ပြသကြပါသည်။ သို့သော် စမတ်ကျန်းမာရေးစနစ်တွင်မူ ရောဂါ မဖြစ်ပွားမီ ကြိုတင်ကာကွယ်နိုင်ခြင်း၊ ဖြစ်ပွားလာပါ ကလည်း အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ခြင်း၊ မိမိ၏ နေအိမ်မှာပင် စောင့်ကြည့်ကုသနိုင်ပြီး အမှန် တကယ် လိုအပ်မှသာ ဆေးရုံသို့သွားရောက်ရန် လိုအပ်ခြင်း စသည့်ထူးခြားသော အားသာချက်များ ကို ပေးစွမ်းနိုင်ပါသည်။ ထို့ကြောင့် ဉာဏ်ရည်တု နည်းပညာသည် နေမကောင်းမှသာ ဆေးကုသသည့် ‘Sick-Care’ စနစ်မှသည် အချိန်ပြည့်စောင့်ကြပ် ကြည့်ရှုပေးသည့် ‘True Healthcare’ စနစ်သို့ အောင်မြင်စွာ ကူးပြောင်းပေးခဲ့ပြီ ဖြစ်ပါသည်။
ကျွန်ုပ်တို့၏ နေ့စဉ်ဘဝထဲက
စမတ်ကျန်းမာရေး နည်းပညာများ
စမတ်ကျန်းမာရေးစနစ်သည် ဝေးလံလွန်း သော အနာဂတ်တစ်ခုမဟုတ်ပါ။ ယခုလက်ရှိ တွင်ပင် ကျွန်ုပ်တို့သည် နည်းပညာအထောက်အကူ ပြု ကျန်းမာရေးစောင့်ရှောက်မှုစနစ်၏ အသီးအပွင့် များကို ခံစားနေကြရပြီ ဖြစ်ပါသည်။ ယင်းတို့အနက် ထင်ရှားသော သာဓကအချို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
(က) ခန္ဓာကိုယ်တွင် ဝတ်ဆင်နိုင်သော စမတ်နာရီ များနှင့် ကျန်းမာရေးခြေရာခံစနစ်။ ယနေ့ခေတ် စမတ်ကျန်းမာရေးနည်းပညာတွင် အများပြည်သူနှင့် အနီးစပ်ဆုံးအရာမှာ လူနေမှုဘဝပုံစံကို စောင့်ကြည့် ပေးသည့် စမတ်နာရီများနှင့် ကျန်းမာရေးခြေရာခံ ကိရိယာများဖြစ်ကြသည်။ အဆိုပါစမတ်ပစ္စည်းများ သည် သာမန်နာရီများကဲ့သို့ အချိန်ပြရုံတင်မကဘဲ နေ့စဉ်လမ်းလျှောက်သည့် ခြေလှမ်းအရေအတွက်၊ လောင်ကျွမ်းသွားသည့် ကယ်လိုရီပမာဏ၊ သွေး တွင်း အောက်ဆီဂျင် (SpO2) နှင့် ညဘက်အိပ်စက်မှု အရည်အသွေး (Sleep Quality) တို့ကို အချိန်ပြည့် တိုင်းတာမှတ်တမ်းတင်ပေးနိုင်ပါသည်။
ထို့ပြင် စနစ်အတွင်းပါဝင်သော အာရုံခံ ကိရိယာများကြောင့် သက်ကြီးရွယ်အိုများ သို့မဟုတ် လူနာများမတော်တဆ လဲကျသွားပါက စက္ကန့်ပိုင်းအတွင်း အလိုအလျောက်သိရှိပြီး အရေးပေါ်ဖုန်းနံပါတ်များထံ ဆက်သွယ်အကြောင်း ကြားပေးသည့်စနစ် (Fall Detection) များပါ ပါဝင် သဖြင့် မိသားစုဝင်များအတွက် စိတ်အေးရစေသော နေ့စဉ်အဖော်မွန်ပစ္စည်းများ ဖြစ်လာကြသည်။
(ခ) ခန္ဓာကိုယ်တွင် ဝတ်ဆင်နိုင်သော စမတ်အီးစီဂျီ စက်များ။ စမတ်နာရီများက အခြေခံကျန်းမာရေးကို စောင့်ကြည့်ပေးသကဲ့သို့ ရင်ဘတ်တွင်ကပ်၍ ဝတ်ဆင်ရသော စမတ်အီးစီဂျီ (Wearable ECG Patch) စက်များမှာမူ ပိုမိုနက်ရှိုင်းသော ဆေးဘက် ဆိုင်ရာ တိုင်းတာမှုများအတွက် သီးသန့်ပေါ်ထွက် လာခြင်းဖြစ်ပါသည်။ ယခင်က နှလုံးလှိုင်း (ECG) စစ်ဆေးရန် ဆေးရုံသို့သွားကာ ဝိုင်ယာကြိုးများစွာ ရှုပ်ထွေးလှသော စက်ကြီးများဖြင့်သာ တိုင်းတာခဲ့ ရပြီး ထိုသို့ တိုင်းတာစဉ်ဖြစ်ပေါ်နေသည့် ခဏတာ အခြေအနေကိုသာ ဖော်ပြနိုင်ခဲ့သော်လည်း ယခုအခါ တွင်မူ သေးငယ်ပေါ့ပါးသောစတစ်ကာကဲ့သို့ ပစ္စည်း လေးအား ရင်ဘတ်တွင်ကပ်ထားရုံမျှဖြင့် ၂၄ နာရီ ပတ်လုံး နှလုံးလှိုင်းပုံစံကို မိနစ်စက္ကန့်မလပ် တိကျ စွာ ဖမ်းယူပေးနိုင်ပြီဖြစ်သည်။
ဤစမတ်ပစ္စည်းများသည် ရုတ်တရက် အသက် အန္တရာယ်ဖြစ်စေနိုင်သည့် ပုံမှန်မဟုတ်သော နှလုံး ခုန်နှုန်းပြောင်းလဲမှု အချက်အလက်များကို ဆရာဝန် များထံ တိုက်ရိုက်ပေးပို့နိုင်စွမ်းရှိသဖြင့် နှလုံး ဝေဒနာရှင်များအတွက် အလွန်အားကိုးရသော နည်းပညာတစ်ခုဖြစ်ပါသည်။
(ဂ) အဝေးရောက် ကျန်းမာရေးစောင့်ရှောက်မှု။ ဒီဂျစ်တယ်စနစ် ထွန်းကားလာခြင်းကြောင့် လူနာ သည် ဆရာဝန်ရှိရာဆေးခန်းသို့ လူကိုယ်တိုင် သွားရောက်ရန်မလိုတော့ဘဲ စမတ်ဖုန်း သို့မဟုတ် ကွန်ပျူတာမှတစ်ဆင့် ဗီဒီယိုကောလ် (Video Call) ခေါ်ဆိုကာ ဆွေးနွေးကုသနိုင်ပြီဖြစ်ပါသည်။
ဤစနစ်သည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲ သော အလှမ်းဝေးသည့်ဒေသများမှ လူနာများ၊ သွားလာရခက်ခဲသော မသန်စွမ်းသူများနှင့် သက်ကြီး ရွယ်အိုများအတွက် များစွာအထောက်အကူ ပြုနိုင်ပါသည်။ ဆရာဝန်နှင့် တိုက်ရိုက်ဆွေးနွေးပြီး နောက် အွန်လိုင်းမှတစ်ဆင့် ဆေးညွှန်းစာ ထုတ်ပေး ကာ အိမ်တိုင်ရာရောက် ဆေးဝါးပို့ဆောင်ပေးသည့် ဝန်ဆောင်မှုများနှင့် ချိတ်ဆက်လုပ်ဆောင်နိုင်ပါ သည်။
(ဃ) အီလက်ထရောနစ် ကျန်းမာရေးမှတ်တမ်း။ ယခင်က ဆေးရုံပြလျှင် လူနာမှတ်တမ်း စာအုပ်ကြီး များကို ကိုင်ဆောင်သွားရပြီး ပျောက်ဆုံးသွားပါက ရောဂါရာဇဝင် ရှာမရတော့သည့်ဒုက္ခများ ရှိခဲ့ပါ သည်။ စမတ်ကျန်းမာရေးစနစ်တွင်မူ လူနာ၏ ရောဂါရာဇဝင်၊ ဆေးစစ်ချက်ရလဒ်များ၊ ဓာတ်မှန် များနှင့် သောက်သုံးခဲ့သည့် ဆေးဝါးမှတ်တမ်း အားလုံးကို ကွန်ပျူတာကလောက်ဒ် (Cloud) စနစ် ပေါ်တွင် လုံခြုံစွာသိမ်းဆည်းထားပါသည်။ သို့ဖြစ်ရာ လူနာသည် မည်သည့်ဆေးရုံ၊ မည်သည့်မြို့သို့ ရောက်ရှိသွားပါစေ ဆရာဝန်က ကွန်ပျူတာဖြင့် စက္ကန့်ပိုင်းအတွင်း ရောဂါရာဇဝင်ကို ကြည့်ရှု စစ်ဆေးနိုင်မည် ဖြစ်ပါသည်။
(င) နေအိမ်အခြေပြု စမတ်ပတ်ဝန်းကျင် ကျန်းမာ ရေးစနစ်။ နည်းပညာ၏ အရှိန်အဟုန်သည် ဝတ်ဆင်နိုင်သော စမတ်ပစ္စည်းများအဆင့်မှသည် ကျွန်ုပ်တို့ နေ့စဉ်အသုံးပြုနေသည့် အိမ်တွင်း ပရိဘောဂများနှင့် အသုံးအဆောင်ပစ္စည်းများအထိ တိုးတက်စိမ့်ဝင်လာခဲ့ပြီ ဖြစ်ပါသည်။ ယင်းတို့ အနက် အံ့ဩဖွယ်အကောင်းဆုံး တိုးတက်မှုတစ်ခု မှာ စမတ်အိမ်သာကမုတ်များ (Smart Toilets) တွင် ဆီးနှင့်ဝမ်းကို အလိုအလျောက် စစ်ဆေးပေး နိုင်သည့် ဓာတ်ခွဲအာရုံခံကိရိယာ (Sensors) များ တပ်ဆင်လာနိုင်ခြင်းဖြစ်ပါသည်။ လူနာသည် သီးသန့်ဓာတ်ခွဲခန်းသွားရန်မလိုတော့ဘဲ နေ့စဉ် အိမ်သာအသုံးပြုရုံမျှဖြင့် ဆီးတွင်းသကြားဓာတ်၊ ပရိုတင်းပမာဏနှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါ လက္ခဏာများကို စက်ပစ္စည်းများက အလိုအလျောက် ခွဲခြမ်းစိတ်ဖြာ မှတ်တမ်းတင်ပေးသွားမည်ဖြစ် သည်။
ထို့ပြင် ကျွန်ုပ်တို့ နေ့စဉ်လဲလျောင်းအိပ်စက် သည့် အိပ်ရာခင်းများနှင့် ခေါင်းအုံးများတွင်လည်း ခန္ဓာကိုယ်နှင့် တိုက်ရိုက်ထိတွေ့ရန်မလိုသော (Non-contact) အဆင့်မြင့် အီးစီဂျီ (ECG) လှိုင်း တိုင်းကိရိယာများနှင့် အသက်ရှူနှုန်းတိုင်း ကိရိယာ များကို ထည့်သွင်းတည်ဆောက်လာကြပြီ ဖြစ်ပါ သည်။ ဤစနစ်သည် အိပ်စက်နေစဉ်အတွင်း နှလုံးခုန်နှုန်းမမှန်ခြင်းနှင့် အိပ်ပျော်နေစဉ် အသက် ရှူရပ်တန့်ခြင်းကဲ့သို့သော အသက်အန္တရာယ်ရှိသည့် လက္ခဏာများကို အချိန်ပြည့် စောင့်ကြည့်စစ်ဆေး ပေးနိုင်သဖြင့် သက်ကြီးရွယ်အိုများနှင့် နာတာရှည် လူနာများအတွက် ဆေးရုံအိပ်ရာတစ်ခုကဲ့သို့ စိတ်ချ ရသော အကာအကွယ်ကို မိမိတို့အိမ်ခန်းအတွင်း ၌ပင် ရရှိစေနိုင်မည်ဖြစ်ပါသည်။
(စ) စက်ရုပ်အသုံးပြု၍ ခွဲစိတ်ကုသခြင်း။ စမတ် ကျန်းမာရေးစနစ်၏ အမြင့်မားဆုံးသော နည်းပညာ တိုးတက်မှုတစ်ခုမှာ ဆေးဘက်ဆိုင်ရာ ခွဲစိတ်ကုသမှု များတွင် စက်ရုပ်လက်တံများကို အသုံးပြုလာနိုင် ခြင်းဖြစ်ပါသည်။ ဤစနစ်သည် လူသားဆရာဝန် များ၏ နေရာတွင် စက်ရုပ်များက အလိုအလျောက် အစားထိုးခွဲစိတ်ခြင်းမျိုး မဟုတ်ဘဲ၊ ကျွမ်းကျင်ခွဲစိတ် ဆရာဝန်ကြီးများက ကွန်ပျူတာထိန်းချုပ်မော်နီတာ မှတစ်ဆင့် စက်ရုပ်လက်တံများကို တိကျစွာ မောင်းနှင်ခွဲစိတ်ခြင်းဖြစ်ပါသည်။ စက်ရုပ်လက်တံ များသည် လူသားတို့၏ လက်ချောင်းများ မဝင်ရောက် နိုင်သော၊ မြင်ကွင်းကျဉ်းမြောင်းလွန်းသည့် ခန္ဓာကိုယ် အတွင်းပိုင်းနေရာများအထိ စက္ကန့်မလပ် ငြိမ်သက်စွာဖြင့် အနုစိတ်ခွဲစိတ်နိုင်စွမ်းရှိကြပါ သည်။
သို့ဖြစ်ရာ ခွဲစိတ်ဒဏ်ရာ သေးငယ်ခြင်း၊ သွေးထွက်နည်းခြင်း၊ ပိုးဝင်မည့်အန္တရာယ်သက်သာ ခြင်းနှင့် လူနာများအနာကျက်မြန်ခြင်း စသည့်ထူးကဲ လှသော ရလဒ်များကို ပေးစွမ်းနိုင်သည့်အပြင် အဝေးရောက်ကွန်ရက် (5G) မှတစ်ဆင့် ကမ္ဘာ့ တစ်ဖက်ခြမ်းရှိ လူနာကို အခြားတစ်ဖက်ခြမ်းမှ ဆရာဝန်ကြီးက လှမ်းမျှော်ခွဲစိတ်ပေးနိုင်သည့် စမတ်ခွဲစိတ်မှုများကိုပါ လက်တွေ့အကောင်အထည် ဖော်လာနိုင်ပြီ ဖြစ်ပါသည်။
Smart Healthcare ၏
အဓိကအကျိုးကျေးဇူးများ
နည်းပညာကို အခြေခံထားသည့် စမတ် ကျန်းမာရေးစောင့်ရှောက်မှုစနစ်သည် သာမန် ပြည်သူများနှင့် ဆေးဘက်ဆိုင်ရာ ပညာရှင်များ အတွက် အဘယ်ကြောင့် ဤမျှအရေးပါလာရ သနည်းဟုဆိုပါက ၎င်းကပေးစွမ်းနိုင်သည့် ထူးကဲ လှသော ကောင်းကျိုးများကြောင့်ဖြစ်ပါသည်။ အဆိုပါ အကျိုးကျေးဇူးများကို အဓိကအားဖြင့် အောက်ပါအတိုင်း ခွဲခြားတွေ့မြင်နိုင်ပါသည် -
(က) လူနာများအတွက် အချိန်နှင့် ကုန်ကျစရိတ် သက်သာစေခြင်း။ စမတ်ကျန်းမာရေးစနစ်သည် လူနာများအတွက် ဆေးရုံ၊ ဆေးခန်းများတွင် နာရီ ပေါင်းများစွာတန်းစီစောင့်ဆိုင်းရမည့် အချိန်များနှင့် ဝေးလံသောဒေသများမှ လာရောက်ရသည့် သွားလာ ရေးခရီးစရိတ်များကို သိသိသာသာ လျှော့ချပေးနိုင် ပါသည်။ ထို့ပြင် သွေးတိုးနှင့် ဆီးချိုကဲ့သို့သော နာတာရှည် ရောဂါဝေဒနာရှင်များအနေဖြင့် မိမိတို့ ၏ ခန္ဓာကိုယ်အခြေအနေကို စမတ်ပစ္စည်းများဖြင့် နေ့စဉ်မပြတ် စောင့်ကြည့်စစ်ဆေးနေနိုင်သဖြင့် အခြေအနေဆိုးရွားမလာမီ ကြိုတင်သိရှိပြီး အချိန်မီ ကာကွယ်ကုသနိုင်သည့် အခွင့်အလမ်းကိုလည်း ရရှိစေနိုင်ပါသည်။
(ခ) ပိုမိုတိကျသော ကုသမှုနှင့် ဆေးဘက်ဝန်ထမ်း များ၏ ဝန်ထုပ်ဝန်ပိုးကို လျှော့ချနိုင်ခြင်း။ လူနာ များအတွက် ပိုမိုတိကျသော ကုသမှုများကို ပေးစွမ်း နိုင်ခြင်းသည် စမတ်ကျန်းမာရေးစနစ်၏ ပြိုင်ဘက် ကင်းသော အားသာချက်တစ်ခုဖြစ်ပါသည်။ အတုယူ ဖန်တီးထားသောဉာဏ်ရည်တု (AI) နည်းပညာများသည် လူနာ ပေါင်းသန်းနှင့်ချီ၍ ဆေးဘက်ဆိုင်ရာ အချက် အလက်များကို စက္ကန့်ပိုင်းအတွင်း ခွဲခြမ်းစိတ်ဖြာ နိုင်စွမ်းရှိကြသဖြင့် ဓာတ်မှန်များ သို့မဟုတ် ကင်ဆာ ဆဲလ်များကို ရှာဖွေစစ်ဆေးရာတွင် ပိုမိုတိကျ မြန်ဆန်စွာ အဖြေထုတ်ပေးနိုင်စွမ်း ရှိလာပါသည်။ တစ်ချိန်တည်းမှာပင် လူနာများ၏ အခြေခံကျန်းမာ ရေး အချက်အလက် တိုင်းတာခြင်းနှင့် မှတ်တမ်း တင်ခြင်းကဲ့သို့သော အလုပ်များကို စမတ်စက် ပစ္စည်းများက စနစ်တကျ တာဝန်ယူပေးထားသဖြင့် ဆရာဝန်များနှင့် သူနာပြုများသည် မိမိတို့၏ပိပြား နေသော ဝန်ထုပ်ဝန်ပိုးများ လျော့ကျသွားကာ လူနာ တစ်ဦးချင်းစီအပေါ် ပိုမိုအာရုံစိုက်ပြီး ထိရောက် စွာ ကုသစောင့်ရှောက်ခွင့် ရရှိလာကြပြီဖြစ်ပါ သည်။
ရင်ဆိုင်ရမည့် စိန်ခေါ်မှုများနှင့်
သတိပြုစရာများ
ကောင်းကျိုးချမ်းသာများစွာ ရှိသကဲ့သို့ပင် Smart Healthcare စနစ်ကို အပြည့်အဝ အကောင် အထည်ဖော်ရာတွင် ရင်ဆိုင်ရမည့် စိန်ခေါ်မှုအချို့ လည်း ရှိနေပါသည်-
(က) ဒီဂျစ်တယ် အသိပညာကွာဟမှု ။ နည်းပညာ နှင့် ရင်းနှီးမှုမရှိသော သက်ကြီးရွယ်အိုများနှင့် ဝေးလံခေါင်ဖျားဒေသမှ ပြည်သူများသည် စမတ်ဖုန်း နှင့် စမတ်ပစ္စည်းများကို အသုံးမချတတ်ကြသေးပေ။ ထို့ကြောင့် ဤစနစ်ကို လူတိုင်းလက်လှမ်းမီရန် လေ့ကျင့်သင်ကြားပေးမှုများ လိုအပ်ပါသည်။
(ခ) ကိုယ်ရေးအချက်အလက် လုံခြုံမှု ။ ကျန်းမာရေး မှတ်တမ်းများသည် အလွန်တန်ဖိုးရှိပြီး ထိခိုက် လွယ်သော ကိုယ်ရေးအချက်အလက်များဖြစ်ပါ သည်။ ထို့ကြောင့် အဆိုပါ အချက်အလက်များအား ဟက်ကာ (Hacker) များ လက်ထဲမရောက်စေရန်နှင့် ခွင့်ပြုချက်မရှိဘဲ အလွဲသုံးစားမလုပ်နိုင်ရန် အဆင့် မြင့် ဆိုက်ဘာလုံခြုံရေးစနစ်များ လိုအပ်ပါ သည်။
(ဂ) နည်းပညာအပေါ် အလွန်အကျွံအမှီပြုခြင်း။ စမတ်နာရီ သို့မဟုတ် စမတ်စက်ပစ္စည်းများ၏ တိုင်းတာချက်များသည် ရာနှုန်းပြည့်အမြဲတမ်း မမှန်ကန်နိုင်ပါ။ ထို့ကြောင့် စက်ပစ္စည်းပြသချက် ကိုသာကြည့်ပြီး မိမိဘာသာ ဆေးသောက်ခြင်း၊ ရောဂါသတ်မှတ်ခြင်းမျိုးမလုပ်ဘဲ ကျွမ်းကျင် ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးကာ သူတို့၏ ဆင်ခြင်တုံတရားနှင့် လမ်းညွှန်မှုကိုလည်း ရယူရန် လိုအပ်ပါသည်။
နည်းပညာကြောင့် ဆရာဝန်နှင့် သူနာပြုများ ပျောက်ကွယ်သွားနိုင်ပါလား
စမတ်ကျန်းမာရေးစနစ်နှင့် ဉာဏ်ရည်တု (AI) နည်းပညာများ တစ်ဟုန်ထိုးတိုးတက်လာချိန်တွင် ပြည်သူများနှင့် ဆေးဘက်ဆိုင်ရာ ပညာရှင်အချို့ ကြား၌ “နောင်အနာဂတ်မှာ စက်ရုပ်တွေနဲ့ နည်းပညာတွေက ဆရာဝန်၊ သူနာပြုတွေရဲ့ နေရာ ကို အစားထိုးသွားပြီး ဆရာဝန်၊ သူနာပြုတွေ ပျောက်ကွယ်သွားနိုင်သလား” ဟူသော စိုးရိမ် ပူပန်မှုများရှိလာကြပါသည်။ အမှန်တကယ်တွင်မူ နည်းပညာသည် ကျန်းမာရေးပညာရှင်များကို အစားထိုးရန်ပေါ်ပေါက်လာခြင်းမဟုတ်ဘဲ ၎င်းတို့ ၏ လုပ်ငန်းဆောင်တာများကို ပိုမိုပံ့ပိုးကူညီရန် သာဖြစ်ပါသည်။
ဆေးပညာဟူသည် သီအိုရီနှင့် ဒေတာအချက် အလက်များအပြင် လူနာအပေါ် စာနာနားလည်မှု၊ ကြင်နာယုယမှုနှင့် စိတ်ပိုင်းဆိုင်ရာ နွေးထွေးမှုပေး နိုင်မှု စသည့် “လူသားဆန်မှု” အပေါ်တွင်လည်း များစွာအခြေခံနေပါသည်။ ဉာဏ်ရည်တု စက်ပစ္စည်းများသည် ရောဂါရှာဖွေခြင်းနှင့် အချက် အလက်တွက်ချက်ခြင်းကို လူသားထက် မြန်ဆန်စွာ လုပ်ဆောင်နိုင်သော်လည်း ကြောက်ရွံ့ထိတ်လန့်နေ သော လူနာတစ်ဦးအား စိတ်ပိုင်းဆိုင်ရာ အားပေး နှစ်သိမ့်ရန်နှင့် အရေးကြီးသော အခြေအနေများတွင် လူသားချင်းစာနာထောက်ထားပြီး ဆုံးဖြတ်ချက် ချရန် အကန့်အသတ်ရှိနေဆဲဖြစ်ပါသည်။
ထို့ကြောင့် စမတ်ကျန်းမာရေးစနစ်သည် ဆရာဝန်နှင့် သူနာပြုများကို ပျောက်ကွယ်သွားစေ မည် မဟုတ်ဘဲ ၎င်းတို့၏ လုပ်ငန်းဆောင်တာများကို နည်းပညာဖြင့် ကူညီပေးကာ လူနာများကို ပိုမို ကောင်းမွန်စွာ ပြုစုကုသပေးနိုင်မည့် “အဆင့်မြင့် လူသားဆရာဝန်များ” ဖြစ်လာစေရန်သာ တွန်းအား ပေး မြှင့်တင်ပေးမည် ဖြစ်ပါသည်။
နိဂုံးချုပ်အနေဖြင့်ဆိုရသော် Smart Healthcare ဆိုသည်မှာ ဆေးပညာနှင့် နည်းပညာတို့၏ လှပ သော ပေါင်းစပ်မှုတစ်ခု ဖြစ်ပါသည်။ ယင်းသည် ဆေးရုံ၊ ဆေးခန်း စသည့်ကျန်းမာရေးစောင့်ရှောက်မှု ဌာနများ၏ အရည်အသွေးကို မြှင့်တင်ပေးရုံသာမက ဘဲ ပြည်သူတစ်ဦးချင်းစီအား မိမိတို့၏ ကျန်းမာရေး ကို မိမိတို့ကိုယ်တိုင် စမတ်ကျကျထိန်းကျောင်း စောင့်ကြည့်နိုင်မည့် အခွင့်အရေးကိုလည်း ပေးစွမ်း ထားခြင်းဖြစ်ပါသည်။ အနာဂတ်တွင် နည်းပညာ များ ယခုထက်ပိုမိုတိုးတက်လာသည်နှင့်အမျှ Smart Healthcare သည် လူသားတိုင်းကျန်းမာ အသက်ရှည်စွာ နေထိုင်နိုင်ရေးအတွက် မရှိမဖြစ် လိုအပ်သော အခန်းကဏ္ဍမှ ပါဝင်လာမည်မှာ မလွဲ ဧကန်ပင်ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့အနေဖြင့် လည်း ဤနည်းပညာသစ်များကို လေ့လာဆည်းပူး ကာ မိမိတို့၏ကျန်းမာရေးအတွက် ထိရောက်စွာ အသုံးချသွားကြရမည် ဖြစ်ပါတော့သည်။ ။
ကိုးကား
“A Comprehensive Review on Smart Health Care: Applications, Paradigms, and Challenges with Case Studies”, S. A. Alasmari, Journal of Healthcare Engineering, Oct. 2022.
“Electrocardiogram Monitoring Wearable Devices and Artificial-Intelligence-Enabled Diagnostic Capabilities: A Review”, J. Wang, S. Zhang, and L. Taylor, Sensors, May 2023.
“AI-Assisted IoT-Enabled ECG and Robotic Surgical Monitoring Trends for Sustainable Smart Healthcare”, A. Choudhury, AI in Medicine, Jan. 2024.
“A Comprehensive review on 5G-based Smart Healthcare Network Security: Taxonomy, Issues, and Human Factors”, T. Chen and L. Smith, Computer Networks, Mar. 2024.
“Focus Areas for AI Intervention: Healthcare”, National Strategy for Artificial Intelligence, The Government of India, June 2018.
Personal Field Experience on “Seminar on Telecommunication New Technology & Equipment Maintenance”, Wuhan, China, July-August 2023.


