စာချုပ်သက်တမ်းကုန်ဆုံးနေသည့် ကစားသမားများကို လာမည့်ရာသီစတင်မည့်ကာလ သတ်မှတ်ပြီးမှသာ စာချုပ်ချုပ်ဆိုမည်

၁၆ နိုဝင်ဘာ

၂၀၂၀ ရာသီအစတွင် MNL ပြိုင်ပွဲ၌ အသင်းပေါင်း ၁၂ သင်းရှိခဲ့သော်လည်း ကိုဗစ်-၁၉ ရောဂါကြောင့် ပြိုင်ပွဲရပ်နားသည့်ကာလ ဇွဲကပင်နှင့် ချင်းယူနိုက်တက်အသင်း ပြိုင်ပွဲပြီးဆုံးချိန်တွင် မကွေးအသင်းတို့ ဖျက်သိမ်းသွားသဖြင့် ကိုးသင်းသာ ကျန်ရှိတော့ပြီး ကလပ်အသင်းအများစုသည် ကပ်ရောဂါကာလ ဖြစ်သောကြောင့် အသုံးစရိတ်လျှော့ချထားကာ စာချုပ်သက်တမ်းကုန်ဆုံးနေသည့် ကစားသမားများကိုလည်း လာမည့်ရာသီစတင်မည့်ကာလ သတ်မှတ်ပြီးမှသာ စာချုပ်ချုပ်ဆိုမည်ဖြစ်သည်။

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲကို အောက်တိုဘာ ၁ ရက်တွင် ပြီးဆုံးခဲ့သလို ကြားကာလတွင်လည်း ငါးလကြာရပ်နားခဲ့ရသည်။ မြန်မာနေရှင်နယ်လိဂ်က ကျင်းပသည့်ပြိုင်ပွဲများအနက် MNL အမှတ်ပေးပြိုင်ပွဲကိုသာ ပြီးဆုံးအောင်ကျင်းပနိုင်ခဲ့ပြီး MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲ၊ MNL ယူ-၂၁ လိဂ်ပြိုင်ပွဲနှင့် MNL ယူ-၁၉ လိဂ်ပြိုင်ပွဲတို့ကို ပြီးဆုံးအောင်ကျင်းပနိုင်ခြင်းမရှိဘဲ ဖျက်သိမ်းထားခဲ့ရသလို ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲကိုလည်း ကျင်းပနိုင်ခြင်းမရှိခဲ့ပေ။

လာမည့်ရာသီကျင်းပမည့်အစီအစဉ် MNL အမှတ်ပေးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့်အသင်းများ၊ တန်းတက်၊ တန်းဆင်းအသင်းများအပါအဝင် ၂၀၂၁ ရာသီတွင် ပြုလုပ်မည့်အစီအစဉ်များကို ယခုလကုန်ပိုင်းတွင်ပြုလုပ်မည့် လိဂ်ကော်မတီအစည်းအဝေးတွင် အတည်ပြုမည်ဖြစ်သည်။

လာမည့်ဘောလုံးရာသီကို ကပ်ရောဂါအခြေအနေအပေါ်မူတည်၍ ကျင်းပဖွယ်ရှိပြီး လိဂ်ကော်မတီအစည်းအဝေးပြီးမှသာ အတည်ပြုနိုင်မည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်