မြင့်မောင်စိုး
ဟိုးတစ်လောက ကျောက်တံတားမြို့နယ် ပြန်/ဆက် ဦးစီးရုံးမှာလုပ်တဲ့ စာဖတ်ဝိုင်းတစ်ခုကို တက်ရောက်ခဲ့ပါတယ်။ အဓိက ကတော့ စာဖတ်ဝိုင်းဆိုတာ ဘာလဲ၊ စာဖတ်ဝိုင်းရဲ့ သဘောသဘာဝ၊ အခြေအနေ စတာတွေကို တစ်ခုခုကို ရေးသားတင်ပြချင်လို့ပါ။
ဒီစာဖတ်ဝိုင်းကို တက်ရောက်လာသူ အများစုကတော့ စာရေးဆရာတွေပါ။ ဒါပေမယ့် လူသိများ အောင်မြင်နေတဲ့ စာရေးဆရာတွေတော့ မဟုတ်သေးပါဘူး။ တချို့ ကလောင်နု၊ တချို့ ကလောင်ရင့်၊ တချို့ ကလောင် မနုမရင့် စုံပါတယ်။ အများစုက ဝန်ထမ်းအငြိမ်းစား၊ ကျောင်းဆရာ ဆရာမ အငြိမ်းစားတွေပါ။ အငြိမ်းစားတွေဆိုတဲ့အတိုင်း သက်ဆိုင်ရာဌာနအလိုက် ရေးစရာအကြောင်းအရာတွေက ရှိနေကြတာပါ။
ဝန်ထမ်းလုပ်နေတုန်းကတော့ တာဝန်တွေက မအားမလပ်တာက တစ်ကြောင်း၊ ရေးဖို့ရာ အကြောင်းအရာတွေ စုစည်းရတာက တစ်ကြောင်း စတဲ့ အကြောင်းကြောင်းကြောင့် စာပေရေးသားမှု ကို ဝါသနာအခံ ရှိပင်ရှိငြားသော်လည်း စာမရေးဖြစ်ကြတာ ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အငြိမ်းစားယူ ပြီးတဲ့နောက်မှာတော့ ကိုယ့်ဝါသနာအခံ ရှိပြီးသူတွေအဖို့ စာရေးကြပါတယ်။
အခုစာဖတ်ဝိုင်းမှာတော့ စာရေးဆရာတစ်ဦးက သူရေးသားထားတဲ့ဆောင်းပါးတစ်ပုဒ်ကို ဖတ်ပြ တာပါ။ ဆောင်းပါးခေါင်းစဉ်က “မိခင်မေတ္တာ စမ်းရေပမာ”တဲ့။ ဒီဆောင်းပါးက မိခင်မေတ္တာ ကြီးမားပုံကို ရေးသားထားတယ်ဆိုတာ ရှင်းပါတယ်။ ဆောင်းပါးဖတ်အပြီးမှာတော့ တက်ရောက် လာတဲ့ စာရေးဆရာအချို့က ကောင်းတာတွေ ချီးကျူးတာရှိသလို တချို့ကြပြန်တော့လည်း အားမနာတမ်း ဝေဖန်ပြောဆိုတာလည်း ရှိပါတယ်။ ဘယ်နေရာလေးမှာတော့ ဘာလေးလိုနေတာ၊ စကားပြေနဲ့စကားပြောရောနေတာ၊ ရသမြောက်အောင်တော့ရေးသင့်တယ်။ သတ်ပုံသတ်ညွှန်းကိုတော့ ဂရုစိုက်သင့်တာပေါ့ စသဖြင့် အပြုသဘောနဲ့ ပြောဆိုကြတာလည်း ရှိပါတယ်။
စာဖတ်ဝိုင်းကို တက်ရောက်လာတဲ့ အသက် ၈၈ နှစ် ရှိနေပြီဖြစ်သော ကလောင်ရင့် စာရေးဆရာ ကျော်ဇင်ဝင်း(မရမ်းကုန်း)ကတော့“ဒီဆောင်းပါးက မိခင်မေတ္တာဆိုတော့ ရသဆောင်းပါးပါ။ ရသ ကိုးပါး ရှိပါတယ်။ ရယ်စရာဟာသဆိုရင် စိတ်ထဲမှာပြုံးလာအောင် ရေးရမယ်၊ ငိုရမယ့် နေရာမှာဆိုလည်း မျက်ရည်ကျလောက်အောင်ရေးဖို့ လိုပါတယ်။ ရသဟာ နှစ်သက်ခြင်းမှာ လမ်းဆုံးပါတယ်။ အဲဒီ နှစ်သက်တဲ့စိတ်ဟာ အဲဒီရသကို ခံစားသူရဲ့စိတ်ကို စာပေက ဆုံးမလိုက်တာပါ။ ရသစာပေက နှလုံးသားကို ရင့်ကျက်စေတယ်၊ နူးညံ့စေတယ်။ အဲဒါကြောင့် ဘာရေးရေး ရသမြောက်အောင်ရေးဖို့ အသိပေးလို ပါတယ်”လို့ ဆိုပါတယ်။ စာတစ်ပုဒ်မှာ ရသအရေးကြီးပုံကို ဆရာကျော်ဇင်ဝင်း (မရမ်းကုန်း) က ထောက်ပြသွားတာ ဖြစ်ပါတယ်။
ဒီနေရာမှာ ရသစာပေနဲ့ပတ်သက်လို့ ဆရာ ဇေယျရဲ့ အမြင်ကိုလည်း တင်ပြလိုပါတယ်။ ဆရာကြီးက “ဆား” ဟာ ဟင်းလျာရဲ့အချုပ်ဖြစ်သလို ရသဆိုတာလည်း အနုပညာရဲ့ အချုပ်ဖြစ်ပါသတဲ့။ ဒါ့ကြောင့် အနုပညာရှင်တို့အနေနဲ့ အနုပညာတစ်ခုခု ကို ဖန်တီးတော့မယ်ဆိုရင် ရသပါအောင် ထည့်သွင်း ဖို့လိုကြောင်း၊ အနုပညာဖြစ်တဲ့ စာပေ၊ ပန်းချီ၊ ပန်းပု တို့အားလုံးမှာ ရသမြောက်ဖို့လိုကြောင်း၊ အနုပညာ ကို ခံစားကြည့်ရှုသူ အဖို့မှာလည်း အနုပညာကိုခံစား တတ်ကြမှလည်း အနုပညာဟာ အထက်တန်းသို့ရောက်နိုင်ကြောင်း ထောက်ပြခဲ့ဖူးပါတယ်။
စာဖတ်ဝိုင်းမှာ စာရေးဆရာမ တင်တင်အေး (လူမှု)ကလည်း စာရေးဆရာတစ်ဦးရဲ့ ခံယူချက် သဘောသဘာဝကို ပြောပြပါတယ်။ “စာရေးဆရာ ဆိုတာကတော့ ကိုယ့်ရင်ထဲမှာ ဖြစ်ပေါ်လာတဲ့ အကြောင်းအရာကို ကိုယ့်တစ်ယောက်တည်း စိတ်ထဲမှာ ခံစားတာမဟုတ်ဘဲနဲ့ တခြားလူကို သိစေချင်လို့ သူရေးတတ်တဲ့ အရေးအဖွဲ့မျိုးနဲ့ ရေးပါတယ်။ ရေးတဲ့အခါမှာလည်း အဓိကအားဖြင့်တော့ စာကောင်းဖြစ်ဖို့ဆိုရင် စိတ်ကောင်းမွေးမြူရမယ်ဆိုတဲ့ အချက်ကို လက်ကိုင်ထားပါတယ်။ ကိုယ်ရေး လိုက်တဲ့စာက ဖတ်တဲ့လူကို ဘယ်လိုအကျိုးကျေးဇူးတွေရမလဲ။ အဆိပ်အတောက်ကင်းကင်းနဲ့ပေးချင် တဲ့အကြောင်းအရာကို နှလုံးသားထဲရောက်အောင် ပို့နိုင်တယ်၊ ရေးနိုင်တယ်ဆိုရင် စာရေးဆရာကောင်း တစ်ယောက်ပါပဲ”လို့ ဆိုပါတယ်။
ဆရာမကြီး တင်တင်အေး (လူမှု)က စာပေ ပလက်ဖောင်းနဲ့ပတ်သက်လို့ ဆက်လက်ရှင်းပြပါသေးတယ်။ စာပေပလက်ဖောင်းဆိုတာ စာရေးဆရာ ရေးသားထားတဲ့စာကို ဖော်ပြပေးတဲ့ သတင်း စာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ စာအုပ်၊ စာစောင်တွေကို ဆိုလိုကြောင်း၊ ယခုခေတ် ပုံနှိပ်ဖော်ပြတဲ့ ပုံနှိပ်စာပေမှ အွန်လိုင်းစာပေခေတ်သို့ ပြောင်းလဲလာကြောင်း၊ အွန်လိုင်းတွင် စာပေပြိုင်ပွဲများလည်းရှိကြောင်း စသဖြင့် ရှင်းပြပါတယ်။ မှန်ပါတယ်။ အွန်လိုင်းမှာ စာပေကို အရေးအသားပုံစံမျိုးနဲ့သာမက ဟောမှု၊ ပြောမှုတွေကလည်း စာပေတွေပါပဲ။ ဖေ့စ်ဘွတ်၊ ယူကျူ၊ တစ်တော့တွေမှာ စာပေပုံစံမျိုးနဲ့ တစ်ဖုံ၊ အဟောအပြောတွေနဲ့တစ်နည်း ဖော်ပြနေတာဟာ စာပေပလက်ဖောင်းရဲ့ နယ်ပယ်က အတော်လေး ကျယ်ပြန့်လာနေတာကို တွေ့နိုင်ပါတယ်။
စာရေးဆရာမ ညွန့်ညွန့် (ကလော)ကလည်း စာရေးရာမှာ စု၊ တု၊ ပြု အရေးကြီးကြောင်း ပြောပြပါ တယ်။ “စာရေးဆရာ ဆိုတာကတော့ လူတွေကို သိစေချင်တဲ့အကြောင်းအရာ၊ ကိုယ်ကိုယ်တိုင်ခံစားတွေ့ရှိတဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို အများသိရှိအောင်၊ ပညာရအောင် တစ်ထောင့်တစ်နေရာကနေ ဆောင်းပါး၊ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ကဗျာ စတဲ့ စာပေ အမျိုးအစားတွေအလိုက် ရေးသားကြပါတယ်။ ရေးသားတဲ့အခါ ကိုယ်ပိုင်အသိပညာနဲ့ရေးပါ။ လိုအပ်တဲ့အကိုးအကားတွေကိုတော့ စာအုပ်တွေထဲက ဖတ်၊ မှတ် ရှာဖွေဆည်းပူးပြီး စု၊ တု၊ ပြု ဆိုတာ လုပ်ရပါတယ်”ဟု ရှင်းပြပါတယ်။
စာရေးသားရာမှာ အရေးအသားပိုင်းကျွမ်းကျင် မှုနဲ့သတ်ပုံသတ်ညွှန်းမှန်ကန်ရေးသည် အရေးကြီး တဲ့အကြောင်း စာရေးဆရာစိုးမိုး(ပါရဒိုင်း)က ဆိုပါတယ်။ “စာဖတ်ဝိုင်း အတော်များများကို ရောက်ပါ တယ်။ ရောက်တဲ့အခါတိုင်း ကျွန်တော်ဆွေးနွေးဖြစ်တဲ့ အကြောင်းအရာကတော့ စာလုံးပေါင်း သတ်ပုံမှန်ကန်ရေးကိစ္စတွေပါ။ ကျွန်တော်တို့မှာ စာလုံးပေါင်းသတ်ပုံကို အဓိကထားမှု နည်းပါတယ်။ စာရေးတဲ့သူကြောင့် မှားနိုင်တယ်။ ကွန်ပျူတာစာစီတဲ့အခါမှာ မှားနိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာစာကို တန်ဖိုးထားတဲ့အနေနဲ့ စာလုံးပေါင်း သတ်ပုံမှန်ကန်ရေးကို အလေးထားသင့်ပါတယ်”ဟု ထောက်ပြ ဆွေးနွေးခဲ့တာပါ။
မြန်မာစာအသုံးအနှုန်း မှန်ကန်ရေးအတွက် ဆရာကြီး ဒေါက်တာထွန်းတင့်ရဲ့ စည်းနဲ့ကမ်းနဲ့ မြန်မာစာ၊ ဆရာကြီး မောင်ခင်မင် (ဓနုဖြူ) တို့ရဲ့ စာအုပ်စာပေများကို လေ့လာဆည်းပူးသင့်ပါတယ်။
စာရေးသားမှုနဲ့ပတ်သက်ပြီး မင်းကွန်းဆရာတော်ကြီး တိုက်တွန်းထားတာကတော့ - ဘယ်သူ ဖတ်ဖတ် မဖတ်ဖတ်၊ ရေးသာရေး၊ အနည်းဆုံး ကိုယ့်အတွက် မှတ်တမ်းကျန်တယ်တဲ့။ ။


