ညောင်ဦး စက်တင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းရှိ ဗူးဘုရားစေတီ ဗုဒ္ဓပူဇနိယပွဲတော်၌ ပင့်သံဃာတော်အရှင်သူမြတ်များအား ဆွမ်းသပိတ်လုံးလောင်းလှူပူဇော်ခြင်းကို စက်တင်ဘာ ၁၉ ရက်က ကျင်းပသည်။
အဆိုပါ ပွဲတော်တွင် ညောင်ဦးမြို့နယ် နတ်ထောင့်ကျောင်းဆရာတော် ဘဒ္ဒန္တသုန္ဒရထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး ကြွရောက်လာသည့် ဆရာတော်များထံမှ မေတ္တသုတ်ပရိတ်တရားတော်များ နာယူကြည်ညိုကြကာ ဗူးဘုရားစေတီတော် ဂေါပကအဖွဲ့နှင့် ဗုဒ္ဓပူဇနိယပွဲတော်လာဧည့်ပရိသတ်များက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် နတ်ထောင့်ကျောင်း ဆရာတော်ထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေကြသည်။ ဆက်လက်၍ ပင့်သံဃာ ၄၅ ပါးတို့အား ဗူးဘုရားစေတီရင်ပြင်တော်ပေါ်၌ ဆွမ်းသပိတ်လုံးများ လောင်းလှူခဲ့ကြကြောင်း သိရသည်။
ဒီပါလင်း


