ဗန်းမော်မြို့၌ ဇနီးဖြစ်သူကို သတ်သည့်ခင်ပွန်းအား ရဲတပ်ဖွဲ့က  ဖြစ်စဉ်အမှန် ဖော်ထုတ်ဖမ်းဆီး

နေပြည်တော် ၃၁  အောက်တိုဘာ 

 

ကချင်ပြည်နယ် ဗန်းမော်မြို့၌ ဇနီးဖြစ်သူကိုသတ်သည့် ခင်ပွန်းအား ရဲတပ်ဖွဲ့က ဖြစ်စဉ်အမှန် ဖော်ထုတ်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

 

ဗန်းမော်မြို့၊ မင်းကုန်းရပ်ကွက်၌ မြန်မာအမျိုးသားလေကြောင်းလိုင်း လက်မှတ်အရောင်းဌာန  မန်နေဂျာ ဦး----- (၄၅) နှစ်အား လက်/ပါးစပ်တွင် တိပ်ဖြင့် ချည်နှောင်ပတ်လျက် နောက်စေ့ဖူးရောင် ဒဏ်ရာ (မစိုးရိမ်ရ) ဖြင့်လည်းကောင်း၊ ၎င်း၏ဇနီးဖြစ်သူ ဒေါ်----- (၄၅) နှစ်အား လက်တွင် တိပ်ဖြင့် ချည်နှောင်ပတ်လျက် နောက်စေ့/မေးစေ့ ပေါက်ပြဲဒဏ်ရာများ (စိုးရိမ်ရ)ဖြင့်လည်းကောင်း နေအိမ် အောက်ထပ်၌ လဲကျနေသည်ကို အောက်တိုဘာ ၃၀ ရက် နံနက်ပိုင်းက နေအိမ်အပေါ်ထပ်မှ ဆင်းလာသည့် သမီးဖြစ်သူက တွေ့မြင်ခဲ့ကြောင်း သတင်းပေးပို့တိုင်ကြားသဖြင့် ပူးပေါင်းအဖွဲ့က အခင်းဖြစ်နေအိမ်သို့ သွားရောက်စစ်ဆေးပြီး ဒဏ်ရာရရှိသူနှစ်ဦးအား ဗန်းမော်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသနေစဉ် ဒေါ်-----သည် ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း၊ ဦး-----၏ ပြောပြချက်အရ နေအိမ်သို့ အမျိုးသားသုံးဦး ရောက်ရှိလာပြီး လေယာဉ်လက်မှတ်ရှိလားဟုမေး၍ တုတ်ဖြင့်ရိုက်ကာ မီးခံသေတ္တာသော့ဖွင့်ခိုင်းပြီး ငွေကျပ် သိန်း ၂၀ နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့အား ယူဆောင်ကာ ၎င်းတို့ နှစ်ဦးအား ချုပ်နှောင်ထားရှိခဲ့ကြောင်း သိရှိရသဖြင့် ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၄ ဖြင့် အမှုဖွင့် စုံစမ်းခဲ့ကြောင်း။

 

အခင်းဖြစ်နေအိမ်နှင့် မျက်နှာချင်းဆိုင်ရှိ CCTV မှတ်တမ်းများကို စိစစ်ချက်အရ အခင်းဖြစ်နေအိမ်သို့ အမျိုးသား သုံးဦး ဝင်/ထွက်သည်ကို မတွေ့ရကြောင်း၊ နံနက်ပိုင်းတွင် မြန်မာအမျိုးသားလေကြောင်း လိုင်းမှ သန့်ရှင်းရေးလုပ်သား အယ်ကြိုင် (၂၄) နှစ်သည် ဆိုင်ကယ်ဖြင့် အခင်းဖြစ်နေအိမ်သို့ ရောက်ရှိလာကာ ၅ မိနစ်ခန့်အကြာတွင် နေအိမ်အတွင်းမှ ပြန်လည်ထွက်ခွာသွားသည်ကို တွေ့ရှိရ သောကြောင့် အယ်ကြိုင်အား စစ်ဆေးရာ ဦး-----က ၎င်း၏နေအိမ်သို့ လာရောက်ရန် ဖုန်းဆက်ခေါ်၍ သွားရောက်ခဲ့ကြောင်း၊ တိပ်၊ တိပ်ဖြတ်သည့် ခေါက်ဓားအသေး၊ လက်အိတ်များအား လွှင့်ပစ်ခိုင်းသဖြင့် ယူဆောင်ခဲ့ကြောင်း၊ ၎င်းနောက် ဂေါ်ရာကန်အနီးရှိ အမှိုက်ပုံဘေးတွင် ရပ်ထားသော စည်ပင်သာယာ အမှိုက်သိမ်းယာဉ်ပေါ်သို့ သွားရောက်လွှင့်ပစ်ခဲ့ကြောင်း ဖော်ထုတ်သိရှိရ၍ သက်သေခံပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း။

 

ယနေ့ နံနက်ပိုင်းတွင် ဦး-----သည် ဆေးရုံမှဆင်းခွင့်ရရှိသဖြင့် သက်သေအထောက်အထားများနှင့် တကွစစ်မေးရာ ၎င်းတို့ပိုင်ဆိုင်သော တာမွေမြို့နယ် ကျောက်မြောင်းရှိ နေအိမ်တိုက်ခန်းနှင့် ပတ်သက်ပြီး  လင်မယားစကားများရန်ဖြစ်ရာမှ တုတ်ဖြင့်ရိုက်နှက် လက်လွန်သွားခဲ့ကြောင်း ဝန်ခံထွက်ဆိုသဖြင့် အမှုဖြင့်ဖမ်းဆီးပြီး ဉပဒေနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ 

 

သတင်းစဉ်