ဗင်နီဇွဲလားနိုင်ငံသို့ ရေကြောင်းမှ ကျူးကျော်ရန် ကြိုးပမ်းခဲ့သူ ၁၁ ဉီးကို ဖမ်းဆီး

ကရာကတ်   ၁၂  မေ

ဗင်နီဇွဲလားနိုင်ငံသို့ ရေကြောင်းမှ ကျူးကျော်ဝင်ရောက် ရန်ကြိုးပမ်းမှု မအောင်မမြင်ဖြစ်ခဲ့ပြီးနောက်တွင် ယင်းကြိုးပမ်းမှုနှင့် ပါဝင်ဆက်နွှယ်နေသူ ၁၁ ဦးကို အကြမ်း ဖက်သမားများအဖြစ် ဖမ်းဆီးအရေးယူခဲ့ကြောင်း ဗင်နီ ဇွဲလားအာဏာပိုင်များက ပြောကြားခဲ့သည်။

ယခုအခါ အစိုးရက ဖမ်းဆီးထားသူ အရေအတွက်မှာ ၄၀ ကျော်အထိ ရှိလာခဲ့ကြောင်း သိရသည်။

မေ ၁ဝ ရက်တွင် ကရာကတ်မြို့မှ တစ်နာရီခန့်ကြာ အောင်သွားရသည့် ကိုလိုနီရာတိုဗာရှိ နောက်ထပ် အကြမ်းဖက်သမားသုံးဦးကို ဖမ်းဆီးခဲ့ကြောင်း စစ်ဘက်အကြီးအကဲ ရီမီဂျီ ယိုစီဘာလိုစ်က ပြောကြားခဲ့သည်။

နာရီအနည်းငယ်ကြာပြီးနောက်တွင် စစ်ဘက် တာဝန်ရှိသူများက မြောက်ပိုင်းကမ်းခြေဒေသဖြစ်သည့် ဗာဂက်စ်၌ နောက်ထပ် အကြမ်းဖက်သမားရှစ်ဦးကိုထပ်မံ ဖမ်းဆီးခဲ့ကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြားမှတစ်ဆင့် ထုတ်လွှင့်ဖော်ပြခဲ့သည်။

ဗင်နီဇွဲလားကို ကျူးကျော်ဝင်ရောက်ကာ အစိုးရကို ဖြုတ်ချရန် ကြိုးပမ်းရာတွင် ပါဝင်သူမှန်သမျှကို မြေလှန်ရှာဖွေကာ တစ်ယောက်မကျန် ဖမ်းဆီးမည်ဖြစ်ကြောင်း ဗင်နီဇွဲလား သမ္မတ နီကိုလပ်စ်မာဒူရိုက ရုပ်သံမိန့်ခွန်းတွင် ပြောကြားခဲ့သည်။

လက်ရှိ ဖမ်းဆီးထိန်းသိမ်းထားသူများထဲတွင် အမေရိကန်တပ်ဖွဲ့ဝင်ဟောင်း နှစ်ဦးပါဝင်ပြီး ၎င်းတို့ကို အကြမ်းဖက်မှုနှင့် လျှို့ဝှက်ပူးပေါင်း ကြံစည်မှု၊ တရားမဝင် လက်နက်မှောင်ခိုသွင်းမှုစွပ်စွဲချက်များဖြင့် အရေးယူ ဆောင်ရွက်ထားကာ ထောင်ဒဏ်၂၅ နှစ်နှင့် ၃၀ အတွင်း ကျခံရလိမ့်မည်ဖြစ်ကြောင်း သိရသည်။

သမ္မတမာဒူရိုက ရေကြောင်းမှ ဝင်ရောက်ရန် ကြိုးပမ်းမှုသည် ၎င်းကိုဖြုတ်ချကာ အတိုက်အခံခေါင်းဆောင် ဂျူအန်ဒွိုက်ဒိုကို တင်မြှောက်ရန် ကြိုးပမ်းသည့် အစီအစဉ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဗင်နီဇွဲလား အတိုက်အခံ ခေါင်းဆောင် ဂျူအန်ဒွိုက်ဒိုကို အမေရိကန်ပြည်ထောင်စုနှင့် အခြားသောနိုင်ငံပေါင်း ၅၀ ကျော်တို့က ကြားဖြတ်အစိုးရအဖြစ် အသိအမှတ်ပြု လက်ခံထားသည်။ သမ္မတမာဒူရိုက ၎င်းအားဖြုတ်ချရန် ကြိုးပမ်းသည့်လှုပ်ရှားမှုတွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့် ပါဝင်ပတ်သက်နေသည်ဟု ယုံကြည်လျက်ရှိသည်။

အေအက်ဖ်ပီ