ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ များနေပေမယ့် ဗြိတိန်နိုင်ငံက ကျောင်းတွေပြန်ဖွင့်

၁၂ ဩဂုတ်

 

စကော့တလန် ကျောင်းသူကျောင်းသားတွေဟာ ငါးလကြာ ပိတ်ထားတဲ့ကျောင်းတွေဆီကို မနေ့(အင်္ဂါနေ့)က ပြန်လည်ရောက်ရှိလာကြပြီ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ များနေပေမယ့် ဗြိတိန်နိုင်ငံတစ်ဝန်းက ကျောင်းတွေ ပြန်ဖွင့်ဖို့ ခေါင်းဆောင်တွေက ကြိုးစားနေပါတယ်။

 

စကော့တလန်မှာ ကျောင်းတွေကို မနေ့ကစပြီး တဖြည်းဖြည်းချင်း ဖွင့်ပေးနေရာ လာမယ့်အင်္ဂါနေ့မှာ အတန်းပေါင်းစုံ ဖွင့်သွားနိုင်မယ်လို့ သိရပါတယ်။

 

အင်္ဂလန်အတွင်းရှိကျောင်းတွေကို ဇွန်လအတွင်းမှာ ပြန်ဖွင့်ဖို့ စီစဉ်ခဲ့ပေမယ့် ဆရာ၊ ဆရာမများ သမဂ္ဂနဲ့ မိဘတချို့က လက်မခံနိုင်တဲ့အတွက် ကျောင်းတွေကို စက်တင်ဘာလဆန်းမှာ ဖွင့်သွားဖို့ အစိုးရက စီစဉ်နေပါတယ်။

 

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဗြိတိန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၂၄ နာရီအတွင်း ၁,၀၀၀ ကျော်ရှိကြောင်း၊ အဲဒီပမာဏဟာ ဇွန်လတွင် အသွားအလာကန့်သတ်မှုတွေ တဖြည်းဖြည်း စတင်ဖြေလျော့ချိန်ကစပြီး အများဆုံး ပြန်လည်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

 

စကော့တလန်မှ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၁၉,၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၂,၄၉၁ ဦးရှိပေမယ့် ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ မရှိတာ သီတင်းသုံးပတ်ရှိပြီလို့ သိရပါတယ်။

 

စကော့တလန်က ပြန်ဖွင့်တဲ့ကျောင်းတွေမှာ ကျောင်းသူကျောင်းသားတွေဟာ မျက်နှာဖုံးဝတ်ဆင်စရာ မလိုသလို တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေရေး မလိုအပ်တဲ့အတွက် ဝန်ထမ်းတချို့ကတော့ စိုးရိမ်မှုတွေ ရှိနေပါတယ်။

 

ပြီးခဲ့တဲ့သီတင်းပတ်က စကော့တလန် ပညာရေးအဖွဲ့က ပြုစုတဲ့ သုတေသနမှာ ပညာရေးဝန်ထမ်း ၂၄,၀၀၀ ပါဝင်ရာ ၁၈ ရာခိုင်နှုန်းက ကျောင်းပြန်ဖွင့်ဖို့ လုံခြုံမှုရှိတယ်လို့ ဆိုပါတယ်။

 

MDN

ကိုးကား- AFP

 

mdn