ဗိုင်းရပ်စ်ကာကွယ်ဆေးများ ဝယ်ယူရန် ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ကန်ဒေါ်လာ ၁၂ ဘီလီယံ မတည်ရန် ကမ္ဘာ့ဘဏ် အတည်ပြု

ဝါရှင်တန် ၁၅ အောက်တိုဘာ

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဝယ်ယူဖြန့်ဖြူးရန်၊ စမ်းသပ်မှုနှင့် ကုသမှုပြုလုပ်ရန်အတွက် အမေရိကန်ဒေါ်လာ ၁၂ဘီလီယံမတည်ရန် အတည်ပြုခဲ့ကြောင်း ကမ္ဘာ့ဘဏ်က ပြောကြားခဲ့သည်။

ယခုငွေကြေးထောက်ပံ့မှုသည် ကမ္ဘာ့ပြည်သူ သန်း ၁၀၀၀ အတွက် ကာကွယ်ဆေးထိုးရေးအစီအမံအား ပံ့ပိုးကူညီရန် ရည်ရွယ်ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်ချက် တစ်ခုအတွင်း ပြောကြားသည်။ ယခုငွေကြေးက ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါတိုက်ဖျက်ရန် ၂၀၂၁ ခုနှစ် ဇွန်လမှစ၍ ဖွံ့ဖြိုးဆဲနိုင်ငံများသို့ကူညီမည့် ကမ္ဘာ့ဘဏ်အုပ်စု (WBG)၏ ဒေါ်လာ ၁၆၀ ဘီလီယံတန် စီမံကိန်း၏တစ်စိတ်တစ်ဒေသ ဖြစ်သည်။ ယခုကဲ့သို့ ငွေကြေးပံ့ပိုးမှုက သုတေသနနှင့် ဆေးဝါးလုပ်ငန်းကို အထောက်အပံ့ဖြစ်စေသလို ဖွံ့ဖြိုးဆဲ နိုင်ငံများရှိ ပြည်သူများအနေဖြင့် ဘေးအန္တရာယ်ကင်း၍ ထိရောက်မှုရှိသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ရရှိရန်ဖြစ်ကြောင်း ထုတ်ပြန်ချက်က ဖော်ပြသည်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေက နိုင်ငံတကာမိတ်ဖက်တွေနဲ့ ညှိနှိုင်းဆောင်ရွက်ပြီး ဗိုင်းရပ်စ်ကာကွယ်ဆေးတွေ ထိထိရောက်ရောက်အသုံးချရေး ပြင်ဆင်မှုပြုလုပ်နိုင်ဖို့ ငွေကြေးနဲ့ နည်းပညာအကူအညီ ပံ့ပိုးပေးမှာဖြစ်ပါတယ် ဟု ထုတ်ပြန်ချက်က ဆိုသည်။ ဘေးအန္တရာယ်ကင်း၍ ထိရောက်မှုရှိသော ကာကွယ်ဆေးများရရှိရေးနှင့် ခိုင်မာသော ဖြန့်ဖြူးရေးစနစ်တို့က ကပ်ရောဂါဖြစ်ပွားမှုကို ပြောင်းစေပြီး စီးပွားရေးကျဆင်းမှု ကြုံတွေ့နေရသော နိုင်ငံများ၏ ပြန်လည်ထူထောင်ရေး အတွက်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်အုပ်စုဥက္ကဋ္ဌ ဒေးဗစ်မောပက်စ်က ထုတ်ပြန်ချက် အတွင်း ပြောကြားခဲ့သည်။

ယခုငွေကြေးထောက်ပံ့မှုက ကိုဗစ်-၁၉ ရောဂါ စစ်ဆေးမှုနှင့် ကုသမှုပြုလုပ်ရာတွင် ဖွံ့ဖြိုးဆဲနိုင်ငံများကို အကူအညီပေးမည်ဖြစ်ပြီး ကာကွယ်ဆေးများ ထိရောက်စွာ အသုံးချနိုင်မည့် ကျန်းမာရေးစနစ်ကို အထောက်အပံ့ ဖြစ်စေသည့် ကာကွယ်ဆေးထိုးနှံမှုပမာဏကို တိုးချဲ့ဆောင် ရွက်စေနိုင်မည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ကိုးကား-အေအက်ဖ်ပီ

ဘာသာပြန်-ကျော်ထိုက်စိုး