ဟနွိုင်း စက်တင်ဘာ ၃
ဗီယက်နမ်နိုင်ငံက ဩဂုတ် ၂၉ ရက်မှ စက်တင်ဘာ ၂ ရက်အထိ ငါးရက်ကြာမြင့်သော အမျိုးသားနေ့ အားလပ်ရက်ကာလအတွင်း ခရီးသွားဧည့်သည် ခန့်မှန်းခြေ ၆ ဒသမ ၅ သန်းခန့်ကို ကြိုဆိုခဲ့ပြီး ယင်းပမာဏမှာ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၁၈ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း ဗီယက်နမ်ခရီးသွားလုပ်ငန်းဆိုင်ရာ အမျိုးသားအာဏာပိုင်အဖွဲ့ကို ကိုးကား၍ ဗီယက်နမ်သတင်းဌာနက ယနေ့ သတင်းဖော်ပြခဲ့သည်။
တောင်ပိုင်းဒေသ၏ အဓိကမြို့ကြီးဖြစ်သော ဟိုချီမင်းမြို့သည် ခရီးသွားဧည့်သည်ဝင်ရောက်မှု အများဆုံးဖြစ်ပြီး အဆိုပါကာလအတွင်း ခန့်မှန်းခြေခရီးသွားဧည့်သည် ၁ ဒသမ ၇၁ သန်းခန့် ဝင်ရောက်ခဲ့ရာ ယခင်နှစ်ကာလတူထက် ၁၇ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။
ဟိုချီမင်းမြို့၏ စုစုပေါင်းခရီးသွားလုပ်ငန်းမှရရှိသည့် ဝင်ငွေမှာ ဗီယက်နမ် ဒေါင် ၄ ဒသမ ၉ ထရီလီယံခန့် (အမေရိကန်ဒေါ်လာ ၁၉၁ ဒသမ ၃ သန်းခန့်) ရှိခဲ့ပြီး ၁၈ ဒသမ ၃၆ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း သိရသည်။
ထို့ပြင် အခြားသော ဒေသပေါင်း ၁၀ ခုမှလည်း ခရီးသွားလုပ်ငန်းမှ ဝင်ငွေရရှိမှုပမာဏသည် ဗီယက်နမ်ဒေါင် ၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃၉ သန်းခန့်) ကျော် ရရှိခဲ့သည်။
မြို့တော် ဟနွိုင်း၊ ဟိုချီမင်းမြို့နှင့် အလယ်ပိုင်းဒေသရှိ ဒါနန်းမြို့တို့သည် ခရီးသွားဧည့်သည်ဝင်ရောက်မှု အများဆုံးစာရင်းတွင် ရပ်တည်နေပြီး မြို့တစ်မြို့ချင်းစီ၏ ခရီးသွားလုပ်ငန်းဆိုင်ရာဝင်ငွေမှာ ဗီယက်နမ်ဒေါင် ၃ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၁၇ သန်းခန့်) ကျော်စီရှိခဲ့ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်


