ဘဝ သေးသေးလေးများ …..

နောင်ရင်း

ဘဝဟူသည် လိုချင်တပ်မက်မှုဆန္ဒများနှင့် လက်တွေ့ရုန်းကန်မှုတို့အကြား တဝဲလည်လည် ရှင်သန်နေရသော ခရီးရှည်ကြီးတစ်ခုမဟုတ်ပါလား။ ညက တိတ်ဆိတ်စပြုလာသည်နှင့်တစ်ပြိုင်နက် အတွေးစုတို့သည်လည်း ညင်သာစွာ နိုးထလို့လာခဲ့၏။ အလုပ်ခွင်မှ ပြန်ရောက်ခါစ ကျွန်ုပ်သည် တစ်ဦးတည်းနေသော တိုက်ခန်းအတွင်း ဆိုဖာပေါ်သို့ ပစ်ထိုင်ချလိုက်သည်။ မီးရောင်မှိန်ပျပျအောက်တွင် ဖုန်းကိုဖွင့်ကြည့်လိုက်ရာ “အဖေ” ဆိုသည့်နာမည်တစ်ခုက ဖုန်းမျက်နှာပြင်ပေါ်၌ ထင်ရှားစွာပေါ်နေခဲ့သည်။ ကျွန်ုပ်ပြန်ခေါ်ဖြစ်လိုက်သည်။ တစ်ဖက်မှ ထုံးစံအတိုင်း ထွက်လာမည့်အသံများကို ကြိုတင်နားစွင့်ရင်း... “သား... စားပြီးပြီလား”ဟူသော အမေ့အသံ။ ပြီးလျှင်... “အလုပ်တွေ အဆင်ပြေရဲ့လား”ဟူသော အဖေ့၏စကားသံများကို ကြားရသည်။

ဟုတ်ပါသည်။ ထိုစကားသံများသည် ကျွန်ုပ်ဘဝ၏နေ့စဉ် ဖြစ်တည်မှုများကို အဓိပ္ပာယ်ရှိစေသော အရာများပင်ဖြစ်၏။ ဤဖြစ်ရပ်သည် အခြားသူ တစ်ဦးတစ်ယောက်အနေဖြင့် သာမန်လွဲချော်သွားသော ဖုန်းခေါ်ဆိုမှု တစ်ခုမျှသာဖြစ်ပေလိမ့်မည်။ ကျွန်ုပ်အတွက်မူ အတွေးပေါင်းစုံမှ ဦးနှောက်အတွင်းသို့ တိုးနှိုးစီးဝင်လာခဲ့ပြီး အတိတ်ဘဝများဆီသို့ ပြန်လည်ခေါ်ဆောင်ခြင်းခံလိုက်ရသော အခိုက်အတန့် လေးတစ်ခု ဖြစ်ခဲ့ရလေသည်။

အတ္တဖြင့် စတင်ခဲ့သော ကလေးဘဝဆန္ဒများ

ငယ်စဉ်က ကျောင်းသွားသည့်အခါ မုန့်ဖိုးပေးရန် အဖေစည်းကမ်းထုတ် ကန့်သတ်ခဲ့သော ငွေကျပ်တစ်ဆယ်၏တန်ဖိုးကို အကြီးအကျယ် သိမ်ငယ်ခဲ့ဖူးသည်။ ဂျုံယိုတစ်ပွဲလောက်နှင့် မည်သို့မျှ သည်းမခံနိုင်ခဲ့ပေ။ ဘိန်းမုန့်ဆို ငါးကျပ်သားမျှပင်ရပါ့မလားဟု တွေးခဲ့မိသည်။ ကျွန်ုပ်၏ တပ်မက်မှုလားရာများသည် အရောင်အသွေးစုံလင်လှသော ကျောင်းမုန့်ဈေးတန်းကြီးမှ မုန့်လက်ကောက်၊ မုန့်ဖက်ထုပ်များဆီသို့ ဦးတည်လျက်ရှိသည်။ သို့သော် ငွေတစ်ဆယ်၏တန်ဖိုးသည် ကျွန်ုပ်၏ ကြီးမားလှစွာသော ဆန္ဒများကို ရက်ရက်စက်စက်ပင် ဟန့်တားပစ်ခဲ့သည်။

ညစ်နွမ်းနွမ်း စွပ်ကျယ်အင်္ကျီသာ အမြဲဝတ်လေ့ရှိသည့် အဖေ့၏ဆန္ဒတွေကိုလည်း မမြင်မိခဲ့ချေ (“အဖေ ဤအင်္ကျီကို အလွန်ကြိုက်လို့ပါလို့” ထင်မှတ်ခဲ့မိသည်)။ လက်ကြမ်းကြမ်းများဖြင့် အဖေ ကျီစယ်လျှင်လည်း နာတတ်ခဲ့သည်။ အသားမာဖြစ်နေတတ်သည့် အဖေ့ပခုံးများကိုလည်း ဖြစ်ရိုးဖြစ်စဉ်တစ်ခုထက် ပို၍မတွေးနိုင်ခဲ့ပါ။ အဖေ့အပေါ် လွန်စွာငြိုငြင်ခဲ့မိသည်။ တစ်နေ့နေ့တွင် ကျွန်ုပ်မှာသာ ပိုက်ဆံအများကြီးရှိလာပါက ကျောင်းမုန့်ဈေးတန်းကြီး သိမ်းပစ်မည်၊ ဗိုက်ကားအောင် စားပစ်မည်ဟု ကြုံးဝါးခဲ့ဖူးသည်။ အဖေ့ကိုမကျွေးဘဲ နေမည်ဟုပင် တွေးမိခဲ့လေလား မသိပေ။

ငယ်စဉ်က အသားကောင်းချက်သည့်အခါ အမေကျွေးသည့် ဟင်းနှစ်တုံးစကေးကို လွန်စွာမုန်းခဲ့ဖူးသည်။ ကျွန်ုပ်၏ဆန္ဒများသည်က ထိုအသားနှစ်တုံးမျှ စကေးဖြင့် လုံးဝမတင်းတိမ်နိုင်ခဲ့ချေ။ ပျစ်ချွဲနေအောင် ချက်ထားတတ်သည့် ချဉ်ပေါင်ဟင်းရည် ပျစ်ချွဲချွဲက အလွန်ပင် ချဉ်လွန်းသည်ဟု တွေးခဲ့မိသည်။ ကျွန်ုပ်၏ ဆန္ဒများသည် အမေသိမ်းထားတတ်သော ပျားရည်ပုလင်း၊ ပုစွန်ခြောက်ထုပ်နှင့် ဘီစကွတ်မုန့်အချို့နောက် လိုက်ခဲ့မိသည်။ အမေ့ထဘီပါးပါးက ဘာမှ မဟုတ်ခဲ့ပေ။ အမေ့အတွက်မဟုတ်ဘဲ ခေါင်းစဉ်အမျိုးမျိုး‌ ပေးထားတတ်သည့် စုဘူးများကိုလည်း အသားဟင်းတစ်ပွဲလောက် တန်ဖိုးမထားမိခဲ့ချေ။ (ထိုအထဲသာ ထည့်မစုလျှင် အသားဟင်းတွေ အများကြီးစားရမည်ဟု တွေးမိခဲ့သည်)။ အမေ့ကိုလည်း ငြိုငြင်ခဲ့မိပြန် သည်။ ကျွန်ုပ်ကြီးပြင်းလာ၍ ငွေရှာနိုင်သည့်အခါ အသားဟင်းတွေ အများကြီး ချက်ပြုတ်ပြီး အမေ့ရှေ့မှာ စားပြမည်ဟုပင် တေးမှတ် ထားခဲ့ဖူးသည်။

အတ္တကင်းသော စွန့်လွှတ်မှုများ

ဤအရာများသည် ကလေးသဘာဝ မျက်စိရှေ့မှ လိုအင်တွေကိုသာ မြင်တတ်သော၊ ကိုယ်ဗဟိုပြုဆန္ဒများနောက်ကိုသာ လိုက်တတ်သော၊ အလွန်ထိလွယ်ရှလွယ်သော မကျေနပ်ချက် တုံ့ပြန်မှုများသာဖြစ်၏။ အဖေ့ဘက်တွင်မူ... ယင်းငွေတစ်ဆယ်ကျပ်သည် လက်ရှိအခြေအနေအရ ပေးနိုင်သည့် အတိုင်းအတာနှင့် ကန့်သတ်ချက်တစ်ခုဖြစ်နေခဲ့သည်ကို နားမလည်ခဲ့ချေ။ မိမိ၏အတ္တကိုသာ ရှေ့တန်းတင်ခဲ့ပြီး မုန့်ဖိုးငွေကျပ်တစ်ဆယ်မျှသာ ပေးနိုင်ခဲ့ခြင်းကြောင့် ခံစားနေရမည့် ဖခင်တစ်ယောက်၏ အဆမတန်သော သိမ်ငယ်မှုများကိုလည်း မမြင်မိခဲ့ပါ။ အဖေ တင်းကျပ်လွန်းသည်ဟုသာ ထင်မြင်ခဲ့မိသည်။ အမှန်စင်စစ်တွင်မူ ထိုတင်းကျပ်မှုများက ဖခင်တစ်ယောက်၏ မေတ္တာနှင့်ယှဉ်သော စည်းကမ်းတစ်ခု၏ သင်္ကေတသာဖြစ်ခဲ့သည်။

ထို့အပြင် ညစ်နွမ်းနွမ်း အင်္ကျီတစ်ထည်၏ နောက်ကွယ်တွင်လည်း မိမိကိုယ်ကိုပင် ဂရုမစိုက်နိုင်သော ဖခင်တစ်ယောက်၏ချွေတာမှု၊ ပေးဆပ်မှုနှင့် နွေးထွေးမှုတို့ရှိနေခဲ့ပြန်သည်။ ကျွန်ုပ်ငြိုငြင်ခဲ့မိသည့် လက်ကြမ်းကြမ်းကြီးများနှင့် သာမန်မျှသာဟုထင်ခဲ့မိသည့် ပခုံးထက်မှ အသားမာများသည်လည်း အလုပ်ကြမ်းများ၏ သင်္ကေတ၊ ပင်ပန်းကြီးစွာ ရုန်းကန်နေရသည့် သက်သေများသာလျှင်ဖြစ်ခဲ့၏။ ထိုအချိန်က နားမလည်နိုင်ခဲ့သည့်အတွက် နောင်တကြီးစွာ ရမိပြန်သည်။

တစ်ဖန် မိခင်တစ်ယောက်၏ အနှိုင်းမဲ့သော မေတ္တာ... အမေ့၏ ဟင်းနှစ်တုံးစကေးသည် မိသားစုဝင်တိုင်း မျှမျှတတ စားသုံးနိုင်ရန်၊ နေ့ဖို့ညစာချန်ထားနိုင်ရန်၊ သို့မဟုတ်ရှိသည်နှင့် လောက်ငအောင် ချက်ပြုတ်ရသည့် အိမ်ရှင်မတစ်ယောက်၏ စီမံမှုအမြော်အမြင်ဆိုသည် ကိုလည်းမသိခဲ့ပါ။ ဤမျှလောက်အောင် ဖြူစင်သန့်ရှင်းသော ချစ်ခြင်း မေတ္တာများသည် ကျစ်လျစ်တိကျလွန်းသည့် မိခင်တစ်ဦး၏ချွေတာရေး စည်းမျဉ်းများအောက်တွင်သာ တိတ်တဆိတ် ပုန်းလျှိုးကွယ်လျှိုး ဖြစ်နေခဲ့ရသည်။

အဆိုးဆုံးမှာ အမေ့ထဘီနွမ်းပါးပါးနှင့် အမည်မဲ့ စုဘူးတို့၏တန်ဖိုးကို နားမလည်နိုင်ခဲ့ခြင်းပင်ဖြစ်သည်။ ထိုနွမ်းပါးသည့် ထဘီပါးပါး တစ်ထည်သည် မိခင်တစ်ယောက်၏ ကိုယ်ကျိုးမငဲ့သော၊ တိတ်ဆိတ်သည့် ပေးဆပ်မှုအမှတ်အသားတစ်ခုပင်ဖြစ်ခဲ့ပြီး အမည်မဲ့စုဘူးများ သည်လည်း မိသားစု အနာဂတ်အတွက်၊ အရေးပေါ် လိုအပ်ချက်များ အတွက်၊ သားသမီးများ၏ ပညာရေးနှင့် ကျန်းမာရေးတစ်ခုခုအတွက် ရည်ရွယ်ထားသော မိခင်တစ်ဦး၏ မျှော်လင့်ချက်များ၊ ချစ်ခြင်းမေတ္တာများ၏ စုဆောင်းမှုပြယုဂ်တစ်ခုသာ ဖြစ်ခဲ့သည်။ ယခုအချိန်တွင်မူ ထိုအမှတ်တရများအတွက်ပင် အမေ့ကို အားနာမိပြန်၏။

နက်နဲသော လွမ်းဆွတ်မှု

ယခုအချိန်မှာတော့ ဆန္ဒနှင့်ဘဝကို ကျွန်ုပ်အတော်လေးနားလည် သဘောပေါက်ခဲ့ပါပြီ။ ငွေကျပ်တစ်ဆယ်အပေါ်ထားရှိသည့် ဖခင်တစ်ယောက်၏ဆန္ဒသည် ကျွန်ုပ်တို့၏ ဘဝများအတွက်ဖြစ်သည်။ အတ္တကင်းစင်ခဲ့သည်။ ထို့အတူပင် ဟင်းနှစ်တုံးစကေးနှင့် အမည်မဲ့ စုဘူးများအပေါ်ထားရှိသည့် မိခင်တစ်ယောက်၏ ဆန္ဒ‌များကလည်း ကျွန်ုပ်တို့ဘဝများအတွက်ဆိုသည်မှာ သေချာနေခဲ့သည်။ ကျွန်ုပ်၏ ဆန္ဒများကမူ မိမိအတွက်သာလျှင် ဦးတည်ခဲ့သည်။ လိုချင်တပ်မက်မှု အပြည့်နှင့်အတ္တများ ထုံမွမ်းကြီးစိုးနေခဲ့သည်။

ထိုစဉ်က ရယူလိုမှု အသေးအဖွဲလေး တစ်ခုချင်းစီတိုင်းသည် ကျွန်ုပ်အတွက် ဘဝတစ်ခုဖြစ်ခဲ့သည်။ တစ်ကိုယ်ကောင်းဆန်ခဲ့သည်။ အစွဲအလမ်းကြီးစွာဖြင့် အတ္တကြီးခဲ့သည်။ ယခုအချိန်တွင်မူ ယခင်က လုံးဝသည်းမခံနိုင်ခဲ့သော၊ စိတ်တိုဒေါသထွက်ခဲ့ရသော ထိုဘဝ သေးသေးလေးများထဲတွင်ပင်လျှင် မိဘနှစ်ပါး၏ စစ်မှန်သောစေတနာနှင့် ချစ်ခြင်းမေတ္တာတို့၏ တိတ်ဆိတ်သော အတ္ထုပ္ပတ္တိတို့ရှိနေခဲ့သည်ကို နားလည်ခဲ့ပြီမဟုတ်ပါလား။

လောကဓံတို့ရွေ့၊ သက္ကရာဇ်တို့ ကြွေလေတော့... အခုဆို ဆယ်ခေတ်က သိန်းခေတ်သို့ ပြောင်းလဲခဲ့ပြီး အိမ်ဆိုသည့်အရာနှင့် ဧည့်သည်ဖြစ်ခဲ့ရသည်မှာ နှစ်ပေါင်း ၂၀ ကျော်ကြာမြင့်ခဲ့ပါပြီ။ မပြောင်းလဲနိုင်သေးသည်မှာ ယခုအချိန်တိုင် အဖေက အင်္ကျီနွမ်းနွမ်း ဝတ်ဆင်နေဆဲ၊ အမေကလည်း အမည်မဲ့ စုဘူးတစ်လုံးနှင့် အလုပ်ရှုပ်နေဆဲဖြစ်သည်။ မေတ္တာသည် အချိန်နှင့်ငွေကြေးအပေါ်တွင် မူတည်ခြင်းမရှိဘဲ ထာဝရစွန့်လွှတ်အနစ်နာခံခြင်းသဏ္ဌာန်ဆောင်ကြောင်း ထင်ရှားစေသည်။ မိဘတို့၏ မေတ္တာများက ဤမျှပင် နက်ရှိုင်းပြီး ရိုးသားခဲ့ကြသည်။ အတိတ်က ကျွန်ုပ်ငြိုငြင်ခဲ့သောအရာများသည် ယခုအခါတွင်မူ နက်နဲသောလွမ်းဆွတ်မှုများအဖြစ် ပြန်ပေါ်လာခဲ့ သည်။

“ဘဝဆိုသည်က ငွေကြေးမည်လား၊ ရာထူးဂုဏ်ရှိန်သည်လား၊ စားကောင်းသောက်ဖွယ်များလား...” ကျွန်ုပ်မှာဖြင့် ယခုအချိန်အထိ ဆန္ဒနှင့်ဘဝကို ရှာဖွေနေရဆဲပင်ဖြစ်ပါသည်။ ဖုန်းဆက်ဖြစ်သည့်အခါ အမေ့၏ ချဉ်ပေါင်ဟင်းရည် ပျစ်တွဲတွဲကို ပူဆာမိသည်။ ယခုခေတ် သရေစာများသည်လည်း ဆယ်ခေတ်က ဂျုံယိုတစ်ပွဲလောက် မချိုမြိန်တော့ကြောင်း အဖေ့ကိုပြောဖြစ်သည်။ မျှော်လင့်ချက်အပြည့်နှင့် ထမင်းလက်ဆုံစားရရန် ခက်ခဲနေသည့် မိသားစုထမင်းဝိုင်းအကြောင်း အဖေနှင့်အမေ့ထံမှ ကြားရပြန်တော့ ဘဝဆိုတာကြီးက စကားတစ်လုံး၊ စာတစ်စုထက် ပိုပါလားဆိုသည်ကို သိခဲ့ရသည်။

ချစ်ခြင်းမေတ္တာ၏ နက်နဲသောအဓိပ္ပာယ်သည် မိဘများ၏ ဘဝသေးသေးလေးများမှ မွေးဖွားလာသော သားသမီးများ၏ ဘဝများအတွက် မိမိတို့၏ဆန္ဒကို ရိုးသားစွာ စွန့်လွှတ်ခဲ့ကြခြင်းပင်ဖြစ်သည်။ ထိုမေတ္တာများသည် အင်္ကျီနွမ်းနွမ်း၊ ထဘီပါးပါး၊ လက်ကြမ်းကြမ်းကြီးများနှင့် အမည်မဲ့စုဘူးတို့ထဲ၌ ထာဝရကိန်းအောင်းလျက်ရှိပြီး ကျွန်ုပ်ဘဝ၏ တန်ဖိုးမဖြတ်နိုင်သောကြီးမားသည့် အမှတ်တရများအဖြစ် ထာဝရတည်ရှိနေပါတော့သည်။ ။