ဗဟုသုတများ ဖြန့်ဝေပညာပေးရာ ပြတိုက်များတွင် ရှာဖွေလေ့လာ

ရှေးအခါက ပြတိုက်များဆိုသည်မှာ ကမ္ဘာတစ်ဝန်းမှ ထူးခြားဆန်းကြယ်သည့် သဘာဝပစ္စည်းများ၊ အဖိုးတန် အနုပညာလက်ရာများ၊ ရှေးဟောင်းပစ္စည်းများကို စုဆောင်းသိုလှောင်ပြသရာ နေရာများဖြစ်ကြပြီး လူတိုင်းနှင့်မသက်ဆိုင်သော နေရာများဖြစ်ကြသည်။ နောင်တွင် ပြတိုက်များသည် အများပြည်သူအကျိုးအတွက် ယဉ်ကျေးမှု၊ သမိုင်း၊ အနုပညာ၊ သိပ္ပံနှင့် သဘာဝဆိုင်ရာ ဒြပ်ရှိနှင့် ဒြပ်မဲ့ အမွေအနှစ်ပစ္စည်းများကို စုဆောင်းထိန်းသိမ်း၊ သုတေသနပြု၊ ခင်းကျင်းပြသ၍ လူထုအား ပညာပေးသော အဖွဲ့အစည်း သို့မဟုတ် နေရာဌာနများ ဖြစ်လာသည်။

 

ပြတိုက်များသည် စာသင်ခန်းများကဲ့သို့ စာအုပ်ကို အခြေခံ၍ သင်ကြားပေးခြင်းမျိုးမဟုတ်ဘဲ အမြင်၊ အကြား၊ အထိအတွေ့နှင့် ကိုယ်တိုင်ပါဝင်ခံစားနိုင်သော နည်းလမ်းများဖြင့် ဗဟုသုတများ ဖြန့်ဝေပညာပေးခြင်းဖြစ်သည်။ ကျောင်းသားလူငယ်များအတွက် သင်ရိုးညွှန်းတမ်းများနှင့် ကိုက်ညီသော အထူးလေ့လာရေးအစီအစဉ်များကို ပြတိုက်များက စီစဉ်ပေးနိုင်ပြီး အနုပညာ၊ ပန်းချီ၊ ရိုးရာလက်မှုပညာ သို့မဟုတ် သိပ္ပံဆိုင်ရာ စမ်းသပ်မှုများကို ကိုယ်တိုင် လက်တွေ့ ပြုလုပ်ကြည့်နိုင်သည့် Workshop များကိုလည်း ကျင်းပပေးသည်။ ခေတ်ပေါ်ပြတိုက်များတွင် Touchscreenများ၊ Simulation များ သို့မဟုတ် VR ( Virtual Reality) စနစ်များကို အသုံးပြုပြီး သမိုင်းဝင်နေရာများကို ကိုယ်တိုင်ရောက်ရှိသွားသကဲ့သို့ လေ့လာနိုင်သည့်အပြင် ကလေးငယ်များအတွက် ဂိမ်းများ၊ ဉာဏ်စမ်းပဟေဠိများဖြင့် ပျော်ပျော်ရွှင်ရွှင် သင်ယူနိုင်အောင် စီစဉ်ပေးကြသည်။

 

“နိုင်ငံ့အနာဂတ်ကို ပုံဖော်တည်ဆောက်ကြမည့် လူငယ်လူရွယ်များ၏ မျိုးချစ်စိတ်ဓာတ်၊ နိုင်ငံချစ်စိတ်ဓာတ်များကိုလည်း မြှင့်တင်ဆောင်ရွက်ပေးသွားကြရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရေး ကျောင်းသားကျောင်းသူများအား တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ယဉ်ကျေးမှုပြတိုက်များသို့ ပို့ဆောင်ပြသခြင်းများ ဆောင်ရွက်ပေးသွားရန်လိုပြီး တတ်နိုင်ပါက ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့ရှိ ပြတိုက်များသို့ ပို့ဆောင်ပြသခြင်းများကိုလည်း ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ယဉ်ကျေးမှုပြတိုက်၊ အမျိုးသားပြတိုက်၊ စစ်သမိုင်းပြတိုက်များသို့ လူငယ်လူရွယ်များ လာရောက်လည်ပတ် လေ့လာကြခြင်းဖြင့် မိမိတို့နိုင်ငံနှင့် လူမျိုးတို့၏ သမိုင်းကြောင်းအစဉ်အလာ၊ အမျိုးသားရေးလက္ခဏာ (National Identity)၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် ဘာသာ သာသနာ၊ ယဉ်ကျေးမှုတို့၏ ကြီးမြတ်သည့် ရိုးရာတန်ဖိုးများကို ပိုမိုနားလည်သဘောပေါက် သိရှိလာမည်ဖြစ်ပြီး နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးစိတ်များ၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို စဉ်ဆက်မပြတ် ဆက်လက် လက်ဆင့်ကမ်း ထိန်းသိမ်းလိုစိတ်များ ဖြစ်ပေါ်လာစေမည်ဖြစ်ကြောင်း” အောက်တိုဘာ ၂၈ ရက်က ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။

 

မိမိတို့နိုင်ငံတွင် သမိုင်း၊ ယဉ်ကျေးမှု၊ အနုပညာနှင့် အမျိုးသားရေးအမွေအနှစ်များကို အကြီးမားဆုံးနှင့် အစုံလင်ဆုံးပြသထားသည့် အမျိုးသားပြတိုက်(ရန်ကုန်)နှင့် အမျိုးသားပြတိုက်(နေပြည်တော်)၊ ပုဂံ၊ မြောက်ဦး၊ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ ရှေးဟောင်းသုတေသနပြတိုက်များ၊ ရှမ်းပြည်နယ်ယဉ်ကျေးမှုပြတိုက် (တောင်ကြီး)၊ ကချင်ပြည်နယ်ယဉ်ကျေးမှုပြတိုက်(မြစ်ကြီးနား)၊ မွန်ပြည်နယ်ယဉ်ကျေးမှုပြတိုက်(မော်လမြိုင်)၊ တိုင်းရင်းသားကျေးရွာ(ရန်ကုန်)နှင့် (နေပြည်တော်)၊ ရွှေတိဂုံစေတီတော်ဗုဒ္ဓပြတိုက်၊ မဟာမုနိရုပ်ပွား တော်မြတ်ကြီးရှိ ဗုဒ္ဓဝင်ပြတိုက်၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်) နှင့် (နတ်မောက်)၊ စစ်သမိုင်းပြတိုက် (နေပြည်တော်)၊ အာကာသပြတိုက်(ရန်ကုန်) စသည်ဖြင့် လေ့လာစရာ ပြတိုက်များစွာ ရှိနေသည်။ စာကြည့်တိုက်များကဲ့သို့ပင် ပြတိုက်များသည်လည်း ဗဟုသုတများ ရှာဖွေလေ့လာနိုင်သည့် နေရာများဖြစ်ရာ စေ့စေ့စပ်စပ် လေ့လာမှတ်သား၍ အကျိုးရှိရှိ အသုံးချနိုင်ကြရန်လိုသည်။

 

ပြတိုက်များကို သွားရောက်လေ့လာခြင်းက စာအုပ်ထဲတွင်သာ ဖတ်ဖူးသည့် သမိုင်းကြောင်း၊ ရှေးဟောင်းပစ္စည်းများနှင့် ရိုးရာယဉ်ကျေးမှုများကို မျက်မြင်ကိုယ်တွေ့ လေ့လာနိုင်ပြီး အတိတ်သမိုင်းကို ပိုမိုနက်ရှိုင်းစွာ နားလည်စေသည်။ နယ်ပယ်စုံမှ အဖိုးတန်အချက်အလက်များ စုစည်းထားရာ နေရာဖြစ်သောကြောင့် အသက်အရွယ်မရွေး စဉ်ဆက်မပြတ်သင်ယူမှုကို အထောက်အကူပြုသည်။ ထူးခြား ဆန်းသစ်သည့် အနုပညာလက်ရာများ၊ ရှေးဟောင်းပစ္စည်းများနှင့် သိပ္ပံနည်းကျ တီထွင်မှုများကို မြင်တွေ့ရခြင်းက ကိုယ်ပိုင်ဖန်တီးနိုင်စွမ်းနှင့် အတွေးအခေါ်သစ်များကို ပွင့်လန်းစေသည်။ မိမိတို့၏ ဘိုးဘွားများ ချန်ထားရစ်ခဲ့သည့် အမွေအနှစ်များကို မြင်တွေ့ရခြင်းဖြင့် အမျိုးသားရေးလက္ခဏာကို ပိုမိုတန်ဖိုးထားတတ်လာပြီး မျိုးချစ်စိတ်နှင့် အမျိုးသားရေးဂုဏ်ယူမှုကို တိုးပွားစေသည်ဖြစ်ရာ ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်များ ပြတိုက်များ ကြည့်ရှုလေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးကြရပါမည့်အကြောင်း။ ။