ဘရာဇီးနိုင်ငံက ကမ္ဘာကျော် carnival ပွဲတော် ရွှေ့ဆိုင်း

၂၅ စက်တင်ဘာ

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမှာ ကျင်းပတဲ့ ကမ္ဘာကျော် carnival ပွဲတော်ကို ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် ရွှေ့ဆိုင်းလိုက်ကြောင်း ကြာသပတေးနေ့မှာ တာဝန်ရှိသူတွေက ကြေညာလိုက်ပါတယ်။ 

ဘရာဇီးနိုင်ငံမှာ နှစ်စဉ် ဖေဖော်ဝါရီလမှာ ကျင်းပနေကျ carnival ပွဲတော်ကို ၂၀၂၁ ခုနှစ်အတွက် ပွဲတော်ကို ရွှေ့ဆိုင်းကြောင်း ပြောပါတယ်။ ပွဲတော်ကို Independent League of Rio de Janeiro Samba Schools (LIESA) ရီယို ဒီဂျနေးရိုး ဆမ်ဘာကျောင်းက ဦးဆောင်ကျင်းပတာဖြစ်ပြီး ကမ္ဘာတစ်ဝန်းက ခရီးသွားတွေနဲ့အတူ ဘရာဇီနိုင်ငံတစ်ဝန်းကနေ ရီယိုကိုလာရောက်တဲ့ သန်းချီတဲ့လူတွေ တက်ရောက်လေ့ရှိတဲ့ ပွဲတော်ဖြစ်ပါတယ်။

carnival ပွဲတော်ဟာ လူအများစုပါဝင်တဲ့ ပွဲတော်ဖြစ်ပြီး ရပ်ကွက်တွေကို ပိတ်ကာ ညလုံးပေါက် အတီးအမှုတ်တွေ ကပြဖျော်တဲ့ ပွဲအတွက် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုကို ထိန်းချုပ်တဲ့ စည်းမျဉ်းကို လိုက်နာဖို့ဆိုတာ မဖြစ်နိုင်တဲ့ ပွဲတော်ဖြစ်ပါတယ်။

ပွဲတော်ဦးဆောင်ကျင်းပတဲ့ LIESAရဲ့ ဉက္ကဋ္ဌက ဖေဖော်ဝါရီမှာ ကျင်းပဖို့ဆိုတာ မဖြစ်နိုင်ကြောင်း၊ ကျောင်းမှာပြင်ဆင်ဖို့ အချိန်မရှိသလို ဘဏ္ဍာငွေလည်း မရှိကြောင်း ပြောပါတယ်။

အစိုးရတာဝန်ရှိသူတွေက ၂၀၂၁ carnival ပွဲတော်ကို ကျင်းပခွင့်မပေးနိုင်ဘူး သို့မဟုတ် အချိန်ရွှေ့ဆိုင်းနိုင်တယ်လို့ ထင်ကြေးပေးနေချိန်မှာ အခုလို ကြေညာလိုက်တာ ဖြစ်ပါတယ်။

ဘရာဇီးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၄ ဒသမ ၇ သန်းထဲမှ သေဆုံး ၁၄၀,၀၀၀ နီးပါး ရှိနေကြောင်း ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

MDN

ကိုကား - AFP