ဘက်မျှပြီး ဟန်ချက်ညီသည့် နိုင်ငံတကာဆက်ဆံရေး

မိမိတို့နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒသည် လွတ်လပ်၍ တက်ကြွပြီးဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒဖြစ်သည်။ ၎င်းမူဝါဒအရ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ပေါင်းဖက်ဆက်ဆံရေးကို ရှေးရှု၍ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးမူများကို စောင့်ထိန်းလျက်ရှိသည်။

 

မြန်မာနိုင်ငံက ကျင့်သုံးခဲ့သည့် နိုင်ငံခြားရေးမူဝါဒသည် နိုင်ငံ၏သမိုင်းကြောင်း တိုးတက်ဖြစ်ပေါ်မှုများနှင့်အတူ ပြောင်းလဲလာခဲ့သည်များကို နိုင်ငံလွတ်လပ်ရေးရပြီး အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် ရပ်တည်ခဲ့ချိန်မှ စတင်တွေ့ရှိနိုင်သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိချိန်တွင် ကမ္ဘာ့နိုင်ငံတကာမျက်နှာစာတွင် အရှေ့နှင့်အနောက် အင်အားကြီးအုပ်စုနှစ်စု အားပြိုင်လျက်ရှိသည်ကို ရှောင်ရှားနိုင်ရန် ‘‘အပြုသဘောထားသည့် ကြားနေဝါဒ’’ (Positive Neutrality) ကို ကျင့်သုံးခဲ့သည်။ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်တွင် တော်လှန်ရေးကောင်စီ အစိုးရတက်လာသည့်အခါ အဆိုပါမူဝါဒကိုပင် ဆက်လက်ကျင့်သုံးခဲ့သည်။ ၁၉၇၁ ခုနှစ်၊ လမ်းစဉ်ပါတီခေတ် ပထမအကြိမ် ပါတီညီလာခံတွင် ‘‘လွတ်လပ်သည့် နိုင်ငံခြားရေးဝါဒ’’ (Indepen-dence Foreign Policy) ကိုလည်းကောင်း၊ ၁၉၈၁ ခုနှစ်၊ လမ်းစဉ်ပါတီ စတုတ္ထအကြိမ် ပါတီညီလာခံတွင် ‘‘လွတ်လပ်၍ တက်ကြွသော နိုင်ငံခြားရေးဝါဒ’’ (Independence and Active Foreign Policy) ကိုလည်းကောင်း၊ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အမိန့်ကြေညာချက် (၃/၈၈) ဖြင့် ‘‘လွတ်လပ်၍တက်ကြွသော နိုင်ငံခြားရေးဝါဒ’’ ကို ပြန်လည်အတည်ပြု၍လည်းကောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ (ပုဒ်မ ၄၁ အရ ) ‘‘လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒ’’ (Independent, Active and Non- aligned Foreign Policy) ကိုလည်းကောင်း ချမှတ်၍ ကျင့်သုံးခဲ့ခြင်းဖြစ်သည်။ မိမိတို့ချမှတ်ကျင့်သုံးသော နိုင်ငံခြားရေးမူဝါဒအပေါ်တွင် ရပ်တည်၍ နိုင်ငံတကာနှင့်ဆက်ဆံရာတွင် နှစ်နိုင်ငံဆက်ဆံရေး (Bilateral relations)၊ ဒေသတွင်းနိုင်ငံများနှင့် ပေါင်းစပ်ဆက်ဆံရေး (Regional integration) နှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး (Multilatera-lism) စသည့် နယ်ပယ်များတွင် ကျင့်သုံးလျက်ရှိသည်။

 

မြန်မာ့နိုင်ငံခြားရေးမူဝါဒကို ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ချက်ဖြစ်သည့် (က) တစ်နိုင်ငံ၏ နယ်မြေတည်တံ့မှုနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို တစ်နိုင်ငံကလေးစားရန်၊ (ခ) တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကျူးကျော်တိုက်ခိုက်မှုမပြုလုပ်ရန်၊ (ဂ) တစ်နိုင်ငံနှင့်တစ်နိုင်ငံ ပြည်တွင်းရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုရန်၊ (ဃ) တစ်နိုင်ငံနှင့်တစ်နိုင်ငံ တန်းတူရည်တူရှိရန်နှင့် နှစ်ဦးနှစ်ဖက်အကျိုးဖြစ်ထွန်းရန်၊ (င) ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရန်ဟူသည့် အချက်များနှင့်အညီ ကျင့်သုံးနေခြင်းဖြစ်သည်။

 

‘‘မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားများကို ကာကွယ်မြှင့်တင်သည့်နေရာတွင် အခြေခံဥပဒေပါ နိုင်ငံခြားရေးမူဝါဒဖြစ်သည့် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သည့်မူဝါဒကိုစွဲကိုင်ပြီး နိုင်ငံတကာဆက်ဆံရေးတွင် ဘက်မျှပြီးဟန်ချက်ညီသည့် ဆက်ဆံရေးကိုတည်ဆောက်သွားမည်ဖြစ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းမိတ်ဆွေနိုင်ငံများနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍအသီးသီးတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ်နှင့်အညီ နိုင်ငံတကာဆက်ဆံရေးကို ခိုင်မာအောင်တည်ဆောက်သွားမည်ဖြစ်ကြောင်း’’ နိုင်ငံတော်သမ္မတက နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

 

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့ပြီး ပြည်သူကရွေးချယ်တင်မြှောက်သည့် လွှတ်တော်များနှင့် အစိုးရသစ်တစ်ရပ်တို့ ပေါ်ပေါက်လာပြီးနောက် မိမိတို့နိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေးမှာ အရှိန်အဟုန်ဖြင့် တိုးတက်ဖြစ်ထွန်းလျက်ရှိသည်။ အစိုးရသစ်၏ ရက်ပေါင်း ၁၅၀ ခန့်ကာလအတွင်းမှာပင် နိုင်ငံတော်သမ္မတသည် အိမ်နီးချင်းနိုင်ငံလေးနိုင်ငံနှင့် မိတ်ဖက်နိုင်ငံနှစ်နိုင်ငံ စုစုပေါင်းနိုင်ငံခြောက်နိုင်ငံသို့ တရားဝင်ခရီးစဉ်များ သွားရောက်ခဲ့ပြီး မိတ်ဖက်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်ဦးနှစ်ဖက်အကျိုးစီးပွားတိုးတက်ဖြစ်ထွန်းရေးတို့ကို တက်ကြွစွာဆောင်ရွက်ခဲ့သည်။ ဆက်လက်၍လည်း ဒေသတွင်းနိုင်ငံများမှ တရားဝင်ဖိတ်ကြားလျက်ရှိရာ တိုးတက်ဖြစ်ပေါ်လာသည့် ချစ်ကြည်ရင်းနှီးမှုနှင့် မိတ်ဖက်ဆက်ဆံမှု၊ ပူးပေါင်းဆောင်ရွက်မှုများက နိုင်ငံ၏အကျိုးစီးပွားကို မြင့်မားအောင်မြှင့်တင်ပေးပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်မြင့်မားစေနိုင်မည်ဖြစ်သည်။

 

မိမိတို့နိုင်ငံက ကျင့်သုံးနေသည့် နိုင်ငံခြားရေးမူဝါဒသည် အမျိုးသားအကျိုးစီးပွားကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့်အတူ အိမ်နီးချင်းနိုင်ငံများ၊ မိတ်ဆွေနိုင်ငံများနှင့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် အကျိုးစီးပွားဖြစ်ထွန်းရေး၊ နိုင်ငံတကာငြိမ်းချမ်းရေးတို့ကို ဖြစ်ပေါ်စေမည်ဖြစ်ပါကြောင်း။ ။