ဘိုကလေးမြို့နယ်တွင် အမျိုးသားတစ်ဦး ချောင်းအတွင်း ရေချိုးဆင်းရာမှ မိကျောင်းကိုက်ခံရ

ဘိုကလေး  ၁၅  ဇူလိုင်

 

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ်၊ သရော်ချောင်းကျေးရွာ အုပ်စု၊ ဘောဂဝတီချောင်း ကျေးရွာနေသူ အမျိုးသားတစ်ဦး ဇူလိုင်(၁၄)ရက်နေ့ ညနေ (၆)နာရီခန့်တွင် ချောင်းအတွင်း ရေချိုးဆင်းရာမှ မိကျောင်းကိုက်ခံရကြောင်း သိရသည်။

 

မိကျောင်းဆွဲခံရသူမှာ ဘောဂဝတီချောင်း ကျေးရွာနေသူ  ကိုမျိုးဇော်၊ ၃၃နှစ်၊ ဖြစ်ပြီး လယ်အငှား လုပ်ကိုင်နေသူဖြစ်ကာ လုပ်ငန်းပြီးစီး၍ လယ်နှင့်ကပ်လျက်ရှိသည့် သဲဖြူချောင်းအတွင်း ရေချိုးဆင်းစဉ် မိကျောင်းကိုက်ခံရခြင်းဖြစ်ကြောင်း၊ ၎င်းအား လယ်ပိုင်ရှင် ဦးလှထွန်းကြည်မှ လိုက်လံဆွဲယူသဖြင့် မိကျောင်းမှာ ကိုက်ထားသည့် ခြေထောက်အား လွှတ်ကာ ပြန်လည်ဆင်းပြေးသွားကြောင်း ကာယကံရှင် ၏ ပြောကြားချက်အရ သိရသည်။

 

မိကျောင်းကိုက်ခံရခြင်းကြောင့် ကိုမျိုးဇော်မှာ ယာဘက်ခြေသလုံးတွင် (၃)လက်မခန့်ရှိ ပေါက်ပြဲဒဏ်ရာ(၃)ချက်၊ ယာဘက်ဒူးခေါင်းအောက်(၂)လက်မခန့် စုတ်ပြဲဒဏ်ရာ (၁)ချက်၊ ယာဘက်ခြေကျင်း ဝတ်(၂)လက်မခန့် စုပ်ပြဲဒဏ်ရာ (၁)ချက်၊ဝဲဘက်ဖနောင့် (၁)လက်မခန့် စုတ်ပြဲဒဏ်ရာ(၁)ချက်ရရှိခဲ့ပြီး ယခုအခါ ကဒုံကနိတိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံလျက်ရှိသည်။

 

ဘိုကလေးမြို့နယ် မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော ကဒုံကနိကြိုးဝိုင်း၊ ပျဉ်ဒရယ် ကြိုးဝိုင်းတိုနှင့် ဆက်စပ်ရာ သဘာဝဒီရေတောများသည် ရေချိုရေငံစပ် မိကျောင်းများ မျိုးပွားခိုလှုံရာ ဒေသများဖြစ်သည့်အတွက် အဆိုပါဒေသအတွင်းရှိ မိကျောင်းများအနေဖြင့် ဧပြီလမှ ဇွန်လအထိ မိတ်လိုက်ပြီး ဇွန်လမှ ဩဂုတ်လအထိ အသိုက်ပြုလေ့ရှိကြောင်း။

 

၎င်းတို့၏ သဘာဝအမူအကျင့်အရသော်လည်းကောင်း၊ မိခင်စိတ်ကြောင့်သော်လည်းကောင်း၊ အစာအာဟာရကြောင့်သော်လည်းကောင်း ယခုအချိန်တွင် လူနှင့် အိမ်မွေးတိရစ္ဆာန်များအတွက် မိကျောင်းအန္တရာယ်ရှိနေကြောင်း သိရှိရပြီး ယခုနှစ် ဇွန်လ(၂၉)ရက်နေ့တွင်လည်း ဘိုကလေးမြို့နယ်၊ ဂရမ်းကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာတွင် မြစ်ဆိပ်၌ ရေချိုးနေသည့် ကလေးတစ်ဦး မိကျောင်းကိုက်ခံခဲ့ရကြောင်းလည်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

 

မိုးစက်(ဘိုကလေး)