မော်လမြိုင် စက်တင်ဘာ ၂
ဘီးလင်းမြို့နယ်ရှိ အမှတ်(၂၂) အကြီးစားစက်ရုံ(ဘီးလင်း) မှ မော်တော်ယာဉ်နှင့် မော်တော် ဆိုင်ကယ်တာယာ အမျိုးအစားအလိုက် ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
မှာကြား
အဆိုပါ စက်ရုံသို့ ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းသည် ပြည်နယ်ဝန်ကြီးများနှင့်အတူ သွားရောက် ကြည့်ရှုစစ်ဆေးပြီး သဘာဝ ရော်ဘာထွက်ရှိသည့် အဓိက ပြည်နယ်တစ်ခုဖြစ်သည်နှင့်အမျှ တန်ဖိုးမြှင့်ကုန်ချောများ ပိုမို ထုတ်လုပ်နိုင်ရေး၊ ထုတ်လုပ်လိုက် သည့်တာယာများ၏ အရည်အသွေး ကောင်းမွန်မှန်ကန်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရေးအတွက် တာဝန်ရှိသူများ အနေဖြင့် ကြိုးပမ်း ဆောင်ရွက်ကြရန် မှာကြားသည်။
ထို့ပြင် ဘီးလင်းသကြားစက်ရုံသို့ရောက်ရှိပြီး ပြည်နယ်ဝန်ကြီးချုပ်က စက်ရုံရပ်နားထားစဉ် ကာလအတွင်း စက်ပစ္စည်းများ ရေရှည်ကြံ့ခိုင်မှုရှိစေရန် စနစ်တကျ ထိန်းသိမ်းရန်လိုအပ်ကြောင်း မှာကြားကာ စက်ရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ဆက်လက်၍ ဘီးလင်းမြို့ သာသနာ့ဗိမာန်၌ ရေဘေးရှောင် ပြည်သူများအား တွေ့ဆုံ၍ အခြေခံ စားသောက်ကုန်နှင့် ထောက်ပံ့ငွေများကိုလည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်နယ်အစိုးရအဖွဲ့၊ အလှူရှင်များက လှူဒါန်းသော ဆန်ရိက္ခာ၊ အလှူငွေနှင့် စားသောက်စရာများကိုလည်းကောင်း ပေးအပ် လှူဒါန်းကြပြီး ကယ်ဆယ်ရေး စခန်းရှိ ရေဘေးသင့်ပြည်သူများအား အားပေးစကား ပြောကြားသည်။
ဆက်လက်၍ ဘီးလင်းမြို့နယ် ဇုတ်သုတ်ကျေးရွာအုပ်စု ကွင်းအမှတ် (၂၆၇+၂၆၇ က) တွင် ဇုတ်သုတ် စက်မှုဇုန်ဖော်ဆောင်မည့် မြေနေရာသို့ ရောက်ရှိပြီး မူလစားကျက်မြေ၊ ဇုတ်သုတ် စက်မှုဇုန်မြေ၊ ယခင်အမှတ်(၂) စက်မှုဝန်ကြီးဌာနမှ နိုင်ငံတော်သို့ ပြန်လည်အပ်နှံသည့် မြေနေရာများ ရောနှောမှုမရှိစေရေး၊ ပြည်နယ် အစိုးရအဖွဲ့မှ စီမံခန့်ခွဲမှုရှိသည့် မြေနေရာ စနစ်တကျဖြစ်စေရေး အဆင့်ဆင့် စနစ်တကျ အမြန် အကောင်အထည်ဖော်ဆောင်ရွက် စေရေးမှာကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


