ဘေးလ်၏ ယခုစွမ်းဆောင်ရည်မှာ လွန်ခဲ့သည့် ခုနစ်နှစ်ကနှင့်မတူ ကွဲပြားခဲ့ပြီဖြစ်ကြောင်း မော်ရင်ဟို ရှုမြင်

၃၁  အောက်တိုဘာ

နည်းပြ မော်ရင်ဟိုက စပါးအသင်းဆီ အငှားနဲ့ ကစားနေတဲ့ ဂါရတ်ဘေးလ်ရဲ့ ယခုခြေစွမ်းဟာ  စပါးမှာကစားခဲ့တဲ့ ပထမကာလတွေနဲ့ မတူကွဲပြားခဲ့ပြီဖြစ်ကြောင်း  ဆိုခဲ့ပါတယ်။

 

ဘေးလ်က  ၂၀၀၇ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်ကြား စပါးအသင်းမှာ ကစားခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ အလားအလာ အကောင်းဆုံးနဲ့ အတောက်ပဆုံး ခြေစွမ်းပိုင်ရှင် ဖြစ်ခဲ့သူပါ။ မော်ရင်ဟိုက  အဲဒီတုန်းက ဘေးလ်ရဲ့ ခြေစွမ်းဟာ မက်ဆီ၊ စီရိုနယ်လ်ဒိုတို့လို ခြေစွမ်းအဆင့်မျိုးရှိခဲ့ပေမယ့်  ယခုတော့ ခြားနားတဲ့ ကစားသမားတစ်ဦးဖြစ်ခဲ့ပြီဖြစ်ကြောင်း ဆိုပါတယ်။ မော်ရင်ဟိုက  ဘေးလ်အနေနဲ့  လေ့ကျင့်မှုတွေ မပျက်တမ်း လုပ်ဆောင်နေပြီး တိုးတက်မှုတွေ ရရှိလာပေမယ့် လွန်ခဲ့တဲ့ ခုနစ်နှစ် စပါးကို စွန့်ခွာခဲ့တဲ့ စွမ်းဆောင်ရည်မျိုးမရှိတော့ဘဲ ဒီအရာကို စပါးအသင်းအနေနဲ့ လက်ခံရမှာဖြစ်ကြောင်း ပြောပါတယ်။

 

ဘေးလ်ဟာ ၂၀၁၃ ဘောလုံးရာသီ နွေဈေးကွက်မှာ  စပါးကနေ ရီးယဲလ်ကို အဲဒီအချိန်က ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၉၀ နဲ့ ရောက်ရှိလာခဲ့ပြီး  ရီးယဲလ်နဲ့အတူ သူ့ရဲ့ အတောက်ပဆုံး ခြေစွမ်းတွေကို နည်းပြ အန်စလော့တီ လောက်အောက်မှာ မြင်တွေ့ခဲ့ရပေမယ့် နည်းပြ ဇီဒန်း   ရီးယဲလ်ကို ကိုင်တွယ်ချိန်မှာ  ဘီဘီစီ တိုက်စစ်အတွဲလို့ နာမည်ကြီးတဲ့  ဘေးလ်- ဘန်ဇီးမား- စီရိုနယ်လ်ဒို တိုက်စစ်အတွဲထဲက  ဘေးလ်ကို နေရာသိပ်မပေးခဲ့ဘဲ  အဆန်စီယို၊  လူကပ်စ်တို့လို ကစားသမားတွေကို ဘန်ဇီးမား- စီရိုနယ်လ်ဒိုတို့နဲ့ တွဲဖက်အသုံးပြုလေ့ရှိသလို    ရီးယဲလ်ကို    ဇီဒန်း      ဒုတိယအကြိမ် ပြန်လည်ကိုင်တွယ်စဉ်မှာတော့ ဘေးလ်ကို အသင်းပွဲထွက်လူစာရင်းကနေ ချန်လှပ်ခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ ရာသီကတည်းက အသင်းပြောင်းမယ်လို့ နာမည်ထွက်နေခဲ့တဲ့ ဘေးလ်ဟာ ယခုနှစ် နွေဈေးကွက်မှာတော့  သူ့ကို ချိတ်ဆက်ခဲ့တဲ့ အသင်းတွေ များစွာရှိခဲ့တဲ့အနက်  အသင်းဟောင်း စပါးအသင်းဆီ  တစ်ရာသီ အငှားစာချုပ်နဲ့ လာရောက်ကစားနေခဲ့တာဖြစ်ပြီး ဝင်ရောက်ကစားခွင့် ရခဲ့တဲ့ ပွဲစဉ်တွေမှာလည်း  ခြေစွမ်းပြသနိုင်ခြင်း မရှိခဲ့ပါဘူး။

မေလဲ့သင်း