ဝေဖြိုးအောင်
ယနေ့ခေတ်ကာလတွင် ကမ္ဘာတစ်ဝန်းရှိ မြို့ပြများ၌ လူဦးရေထူထပ်လာမှု၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ရာသီဥတုပြောင်းလဲမှု၏ နောက်ဆက်တွဲဆိုးကျိုးများကို ကြီးမားစွာရင်ဆိုင်လာရပြီဖြစ်ပါသည်။
အထူးသဖြင့် မိုးရာသီကာလများတွင် မကြုံစဖူးများပြားလှသော မိုးရေချိန်များကြောင့် မြို့ပြရေကြီး ရေလျှံမှုသည် နိုင်ငံတိုင်း၏ စီးပွားရေး၊ လူမှုရေးနှင့် ကျန်းမာရေးကဏ္ဍများကို ကြီးမားစွာ ခြိမ်းခြောက်လျက်ရှိပါသည်။ ထို့ကြောင့် “ဘေးဒဏ်ကြံ့ကြံ့ခံနိုင်သော မြို့ပြများ” တည်ဆောက်ရေးသည် မြို့ပြအုပ်ချုပ်ရေးယန္တရားများအတွက် မရှိမဖြစ်လိုအပ်သော အဓိကမူဝါဒတစ်ရပ် ဖြစ်လာပါသည်။
Resilient City ဟူသည် ဘေးအန္တရာယ်တစ်ခုခု ကျရောက်လာပါက အလျင်အမြန်တုံ့ပြန်နိုင်ပြီး မူလအခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်စွမ်းရှိသော ရေရှည်တည်တံ့မှုကိုဦးတည်သော မြို့ပြပုံစံကိုဆိုလိုပါသည်။ မြန်မာနိုင်ငံ၏ မြို့ကြီးများသည် မြစ်ဝကျွန်းပေါ်ဒေသများနှင့် မြစ်ကမ်းဘေးများတွင် တည်ရှိနေသဖြင့် ရေကြီးရေလျှံမှုအန္တရာယ်ကို နှစ်စဉ်ကြုံတွေ့နေရပါသည်။ သို့ဖြစ်ရာ အခြေခံအဆောက်အအုံပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများကို အဆင့်မြှင့်တင်ရန်နှင့် ဒေသတွင်းနိုင်ငံများ၏ အောင်မြင်သော အလေ့အကျင့်ကောင်းများကိုလေ့လာ၍ မိမိတို့၏ မြို့ပြစီမံကိန်းတွင် ပေါင်းစပ်ထည့်သွင်းရန် အလွန်အရေးကြီးလှပါသည်။
မြို့ပြစီမံခန့်ခွဲမှု ယန္တရားများအနေဖြင့် ရေတိုဖြေရှင်းနည်းများထက် ရေရှည်တည်တံ့သော ဘက်စုံလွှမ်းခြုံသည့်မူဝါဒများကို ရေးဆွဲအကောင်အထည်ဖော်ရန် လိုအပ်ပါသည်။ သဘာဝပတ်ဝန်းကျင် ဂေဟစနစ်ကိုမပျက်စီးစေဘဲ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ခြင်းသည်သာလျှင် လာမည့်ဆယ်စုနှစ်များအတွင်း ကြုံတွေ့ရမည့် ရာသီဥတုဖောက်ပြန်မှုဒဏ်ကို ကြံ့ကြံ့ခံနိုင်မည် ဖြစ်ပါသည်။
ရာသီဥတုပြောင်းလဲမှုနှင့် မြို့ပြရေကြီးရေလျှံမှု အန္တရာယ်
ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရာသီဥတုပုံမှန်မဟုတ်ဘဲ အစွန်းရောက်လာခြင်းသည် မြို့ပြ ရေကြီးရေလျှံမှုများကို ပိုမိုဆိုးရွားစေပါသည်။ ရုတ်တရက် မိုးသည်းထန်စွာရွာသွန်းခြင်း၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းနှင့် မြစ်ရေလျှံခြင်းတို့သည် အဓိကအကြောင်းရင်းများ ဖြစ်ကြပါသည်။ မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း၊ ၂၀၁၅ ခုနှစ် နိုင်ငံတစ်ဝန်းရေကြီးမှု အစရှိသော သမိုင်းဝင်ဘေးအန္တရာယ်များသည် ရာသီဥတုပြောင်းလဲမှု၏ ပြင်းထန်သောသက်ရောက်မှုများကို မီးမောင်းထိုးပြလျက်ရှိပါသည်။
မြို့ပြရေကြီးရေလျှံမှုသည် သဘာဝဘေးအန္တရာယ်သက်သက်သာမဟုတ်ဘဲ လူသားတို့၏ မြို့ပြစီမံကိန်း ချို့ယွင်းချက်များနှင့်လည်း များစွာသက်ဆိုင်နေပါသည်။ စနစ်တကျမရှိသော အိမ်ရာတည်ဆောက်မှုများ၊ ရေနုတ်မြောင်းစနစ် မလုံလောက်မှုများ၊ သဘာဝရေဝေရေလဲဒေသများကိုဖျက်ဆီး၍ အဆောက်အအုံများ ဆောက်လုပ်ခြင်း စသည့်အချက်များသည် မြို့ပြ၏ ရေကြီးရေလျှံမှုအန္တရာယ်ကို နှစ်ဆတိုးစေပါသည်။ အထူးသဖြင့် မြို့ပြအုပ်ချုပ်ရေးအဖွဲ့အစည်းများအနေဖြင့် မြို့ပြမြေအသုံးချမှုကို စနစ်တကျမထိန်းချုပ်နိုင်ပါက ရေစီးဆင်းရာလမ်းကြောင်းများ ပိတ်ဆို့ပြီး ရေကြီးမှုကိုရှောင်လွှဲနိုင်မည်မဟုတ်ပေ။
ထို့ပြင် မြို့ပြလူဦးရေ ထူထပ်လာမှုကြောင့် အမှိုက်စွန့်ပစ်မှုစနစ်များ မနိုင်မနင်းဖြစ်ကာ ရေနုတ်မြောင်းများအတွင်း အမှိုက်များပိတ်ဆို့ခြင်းသည်လည်း ရေကြီးရေလျှံမှုကို ဖြစ်ပေါ်စေသော အဓိကအကြောင်းရင်းတစ်ရပ်ဖြစ်ပါသည်။ ထို့ကြောင့် ရေကြီးရေလျှံမှုအန္တရာယ်ကို ကာကွယ်ရာတွင် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးသာမက ပြည်သူလူထု၏ အသိပညာပေးမှုနှင့် ပူးပေါင်းပါဝင်မှုသည်လည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပါသည်။
ရေကြီးရေလျှံမှုခံနိုင်ရည်ရှိရေး သဘောတရားနှင့် အခြေခံမူများ
ရေကြီးရေလျှံမှု ခံနိုင်ရည်ရှိရေးဆိုသည်မှာ ရေကြီးမှုကိုလုံးဝမဖြစ်ပေါ်အောင် တားဆီးခြင်းမဟုတ်ဘဲ ရေကြီးမှုကျရောက်လာပါက ပျက်စီးဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် ထိန်းချုပ်ခြင်းနှင့် အမြန်ဆုံးနာလန်ထူနိုင်အောင် ကြိုတင်စီမံထားခြင်းကို ဆိုလိုပါသည်။ ဤသဘောတရားတွင် အဓိကအခြေခံမူလေးရပ် ပါဝင်ပါသည်။
ပထမအချက်မှာ ကြိုတင်ခန့်မှန်းခြင်းနှင့် ပြင်ဆင်ခြင်းဖြစ်ပါသည်။ အဆင့်မြင့် မိုးလေဝသ ခန့်မှန်းရေးနည်းပညာများနှင့် ကြိုတင်သတိပေးစနစ်များကိုအသုံးပြု၍ ပြည်သူလူထုအား အချိန်မီ သတင်းအချက်အလက်ပေးပို့ခြင်း ဖြစ်ပါသည်။ ဒုတိယအချက်မှာ အန္တရာယ်ကိုလျှော့ချခြင်း ဖြစ်ပါသည်။ ဤနေရာတွင် အခြေခံအဆောက်အအုံများ (ဥပမာ - ရေကာတာများ၊ ရေထိန်းတံခါးများ) နှင့် သဘာဝကိုအခြေခံသော ဖြေရှင်းနည်းများကို ပေါင်းစပ်အသုံးပြုရန် လိုအပ်ပါသည်။ ရေလှောင်ကန်များ၊ မြို့ပြပန်းခြံများနှင့် သစ်တောများကို ထိန်းသိမ်းခြင်းဖြင့် ရေကြီးမှုကို အတိုင်းအတာတစ်ခုအထိ စုပ်ယူနိုင်မည်ဖြစ်ပါသည်။
တတိယအချက်မှာ အလျင်အမြန်တုံ့ပြန်ခြင်း ဖြစ်ပါသည်။ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးထောက်ပံ့မှုများကို စနစ်တကျစီမံထားရှိခြင်းသည် အသက်အန္တရာယ် ဆုံးရှုံးမှုကိုကာကွယ်နိုင်ပါသည်။ စတုတ္ထအချက်မှာ ပိုမိုကောင်းမွန်အောင် ပြန်လည်တည်ဆောက်ခြင်း ဖြစ်ပါသည်။ ဘေးအန္တရာယ်ကျရောက်ပြီးနောက် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် ယခင်ထက်ပိုမိုကြံ့ခိုင်သော အခြေခံအဆောက်အအုံများကို တည်ဆောက်ခြင်းဖြင့် နောက်တစ်ကြိမ် ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ရာ ရောက်ပါသည်။ ဤအခြေခံမူများကို မူဝါဒများတွင် မဖြစ်မနေ ထည့်သွင်းရေးဆွဲရန် လိုအပ်လှပါသည်။
အခြေခံအဆောက်အအုံနှင့် သဘာဝကိုအခြေခံသော ဖြေရှင်းနည်းများ
မြို့ပြရေကြီးရေလျှံမှုကိုကာကွယ်ရာတွင် အခြေခံအဆောက်အအုံပိုင်းဆိုင်ရာ ချဉ်းကပ်မှုနည်းလမ်းနှစ်သွယ်ရှိပါသည်။ ယင်းတို့မှာ Grey Infrastructure (ကွန်ကရစ်နှင့် သံမဏိတို့ကို အသုံးပြုထားသော ရိုးရာတည်ဆောက်မှုများ) နှင့် Green Infrastructure (သဘာဝဂေဟစနစ်ကို အခြေခံသော ဖြေရှင်းနည်းများ) တို့ ဖြစ်ကြပါသည်။
Grey Infrastructure တွင် ရေနုတ်မြောင်းကြီးများ၊ ရေစုပ်စက်ရုံများ (Pumping Stations)၊ ရေကာတာများနှင့် မြေအောက်ရေလှောင်ကန်ကြီးများ ပါဝင်ပါသည်။ ဤစနစ်များသည် ရေပမာဏများပြားလွန်းချိန်တွင် အမြန်ဆုံးရေနုတ်နိုင်ရန် အလွန်ထိရောက်မှုရှိသော်လည်း တည်ဆောက်မှုစရိတ်နှင့် ပြုပြင်ထိန်းသိမ်းစရိတ် များပြားလှပါသည်။ ထို့ပြင် သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှုများလည်း ရှိနိုင်ပါသည်။
ထို့ကြောင့် ယနေ့ခေတ် မြို့ပြစီမံကိန်းရေးဆွဲသူများသည် Green Infrastructure ကို ပိုမိုအားထား လာကြပါသည်။ ယင်းစနစ်တွင် ရေစိမ့်ဝင်နိုင်သော လမ်းခင်းကျောက်များ အသုံးပြုခြင်း၊ အဆောက်အအုံ ခေါင်မိုးများပေါ်တွင် စိုက်ခင်းများပြုလုပ်ခြင်း၊ မိုးရေကို သိုလှောင်နိုင်သော မြို့ပြပန်းခြံများတည်ဆောက်ခြင်းနှင့် သဘာဝရေတိမ်ဒေသများကို ထိန်းသိမ်းခြင်းတို့ ပါဝင်ပါသည်။
အကောင်းဆုံးချဉ်းကပ်မှုမှာ Grey နှင့် Green Infrastructure နှစ်ခုလုံးကို အချိုးကျပေါင်းစပ် အသုံးပြုခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ကုန်ကျစရိတ်သက်သာပြီး ရေရှည်တည်တံ့သော သဘာဝကိုအခြေခံသည့်နည်းလမ်းများကို ဦးစားပေးစဉ်းစားသင့်ပါသည်။ ဥပမာအားဖြင့် မြို့တွင်းရှိ ရေကန်ဟောင်းများကို ပြန်လည်တူးဖော်ခြင်းနှင့် သစ်ပင်စိုက်ပျိုးခြင်းသည် အကုန်အကျသက်သာသော Green Infrastructure လုပ်ငန်းစဉ်များ ဖြစ်ကြပါသည်။
မြို့ပြစီမံကိန်း ရေးဆွဲရာတွင် ထည့်သွင်းစဉ်းစားရမည့် အချက်များ
မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာများရေးဆွဲရာတွင် “ရေကြီးမှုခံနိုင်ရည်ရှိရေး”ကို အဓိကအကျဆုံး အညွှန်းကိန်းတစ်ခုအဖြစ် သတ်မှတ်ရန်လိုအပ်ပါသည်။ မြို့ပြစီမံကိန်းများရေးဆွဲရာတွင် ရေတိုစီးပွားရေးအကျိုးအမြတ်ထက် ရေရှည်တည်တံ့သော ဘေးကင်းလုံခြုံမှုကို ဦးစားပေးရမည်ဖြစ်ပါသည်။
ပထမဦးစွာ မြို့တစ်မြို့လုံး၏ ရေစီးဆင်းမှုလမ်းကြောင်းမြေပုံကို အတိအကျရေးဆွဲထားရန် လိုအပ်ပါသည်။ မည်သည့်နေရာသည် အနိမ့်ဆုံးဖြစ်သည်၊ မည်သည့်မြောင်းများသည် အဓိက ရေထွက်ပေါက်ဖြစ်သည်ကို သိရှိမှသာ ဘတ်ဂျက်ခွဲဝေရာတွင် အရေးကြီးသောနေရာများကို ဦးစား ပေးနိုင်မည်ဖြစ်ပါသည်။ ရေနုတ်မြောင်းအသစ်များ ဖောက်လုပ်ရာတွင်လည်း နှစ် ၅၀ ခန့် ရာသီဥတုပြောင်းလဲနိုင်ခြေကို ကြိုတင်တွက်ချက်၍ အရွယ်အစားနှင့် စွမ်းရည်ကို သတ်မှတ်သင့်ပါသည်။ ဒုတိယအချက်မှာ အမှိုက်သိမ်းဆည်းမှုစနစ်ကို ခေတ်မီအောင် အဆင့်မြှင့်တင်ရန်ဖြစ်ပါသည်။ ရေနုတ်မြောင်းများပိတ်ဆို့ရခြင်း၏ အဓိကတရားခံမှာ ပလတ်စတစ်နှင့် အခြားသောစွန့်ပစ်အမှိုက်များ ဖြစ်ပါသည်။ ထို့ကြောင့် အမှိုက်ခွဲခြားစွန့်ပစ်သည့် အလေ့အကျင့်ကို ပြုစုပျိုးထောင်ပေးခြင်းနှင့် ပြစ်ဒဏ်ပေးခြင်းစနစ်များကို ထိရောက်စွာ ကျင့်သုံးရမည်ဖြစ်ပါသည်။
တတိယအချက်မှာ အဆောက်အအုံဆောက် လုပ်ခွင့်ချထားပေးရာတွင် စည်းကမ်းချက်များ အသစ်ထုတ်ပြန်ခြင်းဖြစ်ပါသည်။ အထပ်မြင့်အဆောက်အအုံသစ်များ၊ စီးပွားရေးအဆောက်အအုံများ ဆောက်လုပ်ရာတွင် မိုးရေလှောင်ကန်များ မဖြစ်မနေ ထည့်သွင်းတည်ဆောက်စေခြင်းဖြင့် မြို့ပြ၏ရေစီးဆင်းမှုဝန်ပိခြင်းကို သိသာစွာလျှော့ချ နိုင်မည်ဖြစ်ပါသည်။ ဤလုပ်ငန်းစဉ်များသည် မြို့ပြစီမံခန့်ခွဲမှု၏ အသက်သွေးကြောများ ဖြစ်ကြပါသည်။
ပြည်သူလူထု ပူးပေါင်းပါဝင်မှုနှင့် အသိပညာပေးလုပ်ငန်းများ
မည်မျှပင် ခေတ်မီသော အခြေခံအဆောက်အအုံများ တည်ဆောက်ထားစေကာမူ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုမရှိပါက Resilient City အဖြစ် အောင်မြင်စွာ တည်ဆောက်နိုင်မည်မဟုတ်ပါ။ မြို့ပြရေကြီးရေလျှံမှုကာကွယ်ရေးသည် အစိုးရနှင့် ဌာနဆိုင်ရာများ၏ တာဝန်သာမက နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်ကြောင်း အသိပညာပေးရန် လွန်စွာအရေးကြီးပါသည်။ ပညာပေးလုပ်ငန်းများကို စာသင်ကျောင်းများ၊ တက္ကသိုလ်များမှစတင်၍ သင်ရိုးညွှန်းတမ်းများတွင် ထည့်သွင်းသင်ကြားသင့် ပါသည်။ “ရေနုတ်မြောင်းသည် အမှိုက်ပုံးမဟုတ်” ဆိုသည့် အသိတရားကို လူထုအတွင်း စိမ့်ဝင်စေရန် မီဒီယာမျိုးစုံကိုအသုံးပြု၍ ကျယ်ကျယ်ပြန့်ပြန့် လှုံ့ဆော်ရမည်ဖြစ်ပါသည်။ ထို့ပြင် ရပ်ကွက်အလိုက် သန့်ရှင်းရေးနေ့များကို ပုံမှန်ကျင်းပပေးခြင်းဖြင့် ပြည်သူများအကြား ပူးပေါင်းဆောင်ရွက်တတ်သော အလေ့အကျင့်ကို မွေးမြူပေးနိုင်ပါသည်။
သဘာဝဘေးအန္တရာယ် ကျရောက်လာပါက မည်သို့တုံ့ပြန်ရမည်ဆိုသည့် ဇာတ်တိုက်လေ့ကျင့်မှု များကိုလည်း ရပ်ကွက်၊ ကျေးရွာများအလိုက် နှစ်စဉ်ပြုလုပ်ပေးသင့်ပါသည်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများကို ကယ်ဆယ်ရေးနှင့် ရှေးဦးသူနာပြုသင်တန်းများ ပေးထားခြင်းဖြင့် အရေးပေါ်အခြေအနေတွင် အသက်အန္တရာယ်ဆုံးရှုံးမှုများကို များစွာလျှော့ချ နိုင်မည်ဖြစ်ပါသည်။ ထို့ပြင် မြို့ပြစီမံကိန်းများ ရေးဆွဲရာတွင် ပြည်သူလူထု၏အသံကို နားထောင်ခြင်းသည်လည်း အလွန်အရေးကြီးပါသည်။ ဒေသခံပြည်သူများက ၎င်းတို့နေထိုင်ရာ ပတ်ဝန်းကျင်၏ ရေစီးရေလာအခြေအနေကို အသိဆုံးဖြစ်သဖြင့် ၎င်းတို့၏ အကြံဉာဏ်များသည် လက်တွေ့ကျသော ဖြေရှင်းနည်းများကို ရရှိစေနိုင်ပါသည်။ ပွင့်လင်းမြင်သာမှုရှိသော စီမံခန့်ခွဲမှုသည် ပြည်သူလူထု၏ ယုံကြည်မှုကိုရရှိစေပြီး ပူးပေါင်းပါဝင်မှုကို အလိုအလျောက် မြင့်တက်စေပါသည်။
ရေရှည်တည်တံ့သော ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု
ကြံ့ခိုင်သောမြို့ပြများ တည်ဆောက်ရေးအတွက် အကြီးမားဆုံးစိန်ခေါ်မှုမှာ ဘဏ္ဍာငွေရရှိရေးပင် ဖြစ်ပါသည်။ ခေတ်မီရေနုတ်မြောင်းစနစ်များ၊ ရေကာတာများနှင့် ကြိုတင်သတိပေးစနစ်များ တည်ဆောက်ရန်အတွက် ငွေကြေးပမာဏ အမြောက်အမြားလိုအပ်ပါသည်။ သို့ဖြစ်ရာ ရိုးရာဘတ်ဂျက် ခွဲဝေမှုစနစ်အပြင် ဆန်းသစ်သောဘဏ္ဍာရေး အစီအမံများကိုပါ ရှာဖွေကျင့်သုံးရန် လိုအပ်ပါသည်။ ပထမဦးစွာ နိုင်ငံတကာအဖွဲ့အစည်းများထံမှ ချေးငွေများနှင့် နည်းပညာအကူအညီများကိုရယူနိုင်ရန် ခိုင်မာသောစီမံကိန်းအဆိုပြုလွှာများ ရေးဆွဲတင်ပြသင့်ပါသည်။ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု ရန်ပုံငွေကဲ့သို့သော ရန်ပုံငွေအဖွဲ့များထံမှ အကူအညီများ ရယူနိုင်ရန် ကြိုးပမ်းသင့်ပါသည်။
ဒုတိယအချက်မှာ ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပါသည်။ ရေဆိုးသန့်စင်စက်ရုံများတည်ဆောက်ခြင်း၊ အမှိုက်မှစွမ်းအင်ထုတ်လုပ်ခြင်းကဲ့သို့သော လုပ်ငန်းများကို ပုဂ္ဂလိကကုမ္ပဏီများနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အစိုးရ၏ ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုးကို လျှော့ချနိုင်ပါသည်။ တတိယအချက်မှာ မြို့ပြဖွံ့ဖြိုးရေး အခွန်အခများကို စနစ်တကျကောက်ခံခြင်းဖြစ်ပါသည်။ ဥပမာအားဖြင့် မြေနိမ့်ပိုင်းများကို မြေဖို့၍ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်သူများထံမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အခွန်ကောက်ခံခြင်း၊ အထပ်မြင့်အဆောက်အအုံများထံမှ ရေနုတ်မြောင်းအသုံးပြုခများ ကောက်ခံခြင်းတို့ကိုပြုလုပ်၍ အဆိုပါရန်ပုံငွေများကို မြို့ပြရေကြီးမှုကာကွယ်ရေး လုပ်ငန်းများတွင် သီးသန့်ပြန်လည်အသုံးပြုသင့်ပါသည်။ ဘဏ္ဍာရေးလွတ်လပ်ခွင့်နှင့် စီမံခန့်ခွဲနိုင် စွမ်းသည် Resilient City တည်ဆောက်ရေး၏ အသက်သွေးကြောဖြစ်ပါသည်။
အချုပ်အားဖြင့်ဆိုသော် “ဘေးဒဏ်ကြံ့ကြံ့ခံနိုင်သော မြို့ပြများတည်ဆောက်ခြင်း”သည် ရွေးချယ်စရာမဟုတ်ဘဲ မလုပ်မဖြစ်လုပ်ဆောင်ရမည့် ရှင်သန်ရပ်တည်ရေး မဟာဗျူဟာတစ်ရပ်ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ မြို့ကြီးများသည် ရာသီဥတုပြောင်းလဲမှု၏ခြိမ်းခြောက်မှုကို ရှေ့တန်းမှရင်ဆိုင်နေရသဖြင့် အစဉ်အလာစီမံခန့်ခွဲမှုပုံစံများမှခွဲထွက်၍ ဆန်းသစ်သော၊ ရေရှည်တည်တံ့သောမူဝါဒများကို ချမှတ်အကောင်အထည်ဖော်ရန် အချိန်တန်ပြီ ဖြစ်ပါသည်။
မြို့ပြအုပ်ချုပ်ရေးယန္တရားများအနေဖြင့် မြို့ပြမြေအသုံးချမှုကို စနစ်တကျထိန်းချုပ်ခြင်း၊ Green Infrastructure များကို ပေါင်းစပ်အသုံးပြုခြင်း၊ နည်းပညာကိုအသုံးချ၍ ကြိုတင်သတိပေးစနစ်များ တည်ဆောက်ခြင်းတို့ကို ချက်ချင်းစတင်ဆောင်ရွက်သင့်ပါသည်။ အနာဂတ်မြန်မာနိုင်ငံ၏ မြို့ပြများသည် ရေကြီးရေလျှံမှုဘေးအန္တရာယ်ကို ကြောက်ရွံ့နေရသော နေရာများမဟုတ်ဘဲ သဘာဝတရားနှင့် ဟန်ချက်ညီညီ ပေါင်းစပ်နေထိုင်ကာ ဘေးအန္တရာယ်ကို ကြံ့ကြံ့ခံနိုင်စွမ်းရှိသော တည်ငြိမ်အေးချမ်းသည့် စံပြမြို့တော်များအဖြစ်သို့ ရောက်ရှိလာစေရန် အားလုံးဝိုင်းဝန်းကြိုးပမ်းသွားကြရမည် ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။ ။
မှီငြမ်းကိုးကားစာရင်း
၁။ Asian Development Bank (ADB). (2021). "Building Resilience in Dhaka: Community- based Flood Management."
၂။ UN-Habitat. (2019). "Principles of Urban Flood Resilience." United Nations Human Settlements Programme.
၃။ C40 Cities. (2022). "Nature-based Solutions for Urban Flooding"
၄။ Myanmar Climate Change Alliance (MCCA). (2019). "Climate Change Vulnerability Assessment in Myanmar."


