ကုလသမဂ္ဂ စက်တင်ဘာ ၄
နိုင်ငံတကာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများအဖွဲ့ချုပ် (IFRC) က ဘေးအန္တရာယ်ဆိုင်ရာ နိုင်ငံတကာအကူအညီပေးရေးလုပ်ငန်းများကို ညှိနှိုင်းဆောင်ရွက်ရန် ရည်ရွယ်သည့် ဘက်စုံလွှမ်းခြုံသော သဘောတူစာချုပ်တစ်ရပ်ကို အတည်ပြုပြဋ္ဌာန်းနိုင်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုတစ်ခုကို စတင်ခဲ့ကြောင်း သိရသည်။
နိုင်ငံတကာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများအဖွဲ့ချုပ်က နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ဌာနချုပ်၌ ယမန်နေ့တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် “Earth’s Missing Treaty” (ကမ္ဘာကြီးအတွက် လိုအပ်နေသော သဘောတူစာချုပ်) ဟု အမည်ပေးထားသည့် အဆိုပါလှုပ်ရှားမှုကို စတင်ကြောင်း ကြေညာခဲ့သည်။
လက်ရှိတွင် ဘေးအန္တရာယ်ဆိုင်ရာ နိုင်ငံတကာ အကူအညီများကို ဒေသအလိုက် သို့မဟုတ် နှစ်နိုင်ငံအကြားနှင့် ကဏ္ဍအလိုက်ချုပ်ဆိုထားသော သဘောတူစာချုပ်များအပေါ် အခြေခံ၍ ပေးအပ် လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် ကုန်ပစ္စည်းများ ဖြန့်ဝေပေးပို့မှုကို နှောင့်နှေးစေသည့် အကောက်ခွန်ရှင်းလင်းရေးကိစ္စရပ်များကဲ့သို့သော စီမံခန့်ခွဲမှုဆိုင်ရာ ရှုပ်ထွေးနှောင့်နှေးမှုများနှင့် မကြာခဏ ကြုံတွေ့ရလေ့ရှိသည်။
ဘက်စုံလွှမ်းခြုံသော ကမ္ဘာလုံးဆိုင်ရာ သဘောတူစာချုပ်တစ်ရပ်လိုအပ်ကြောင်းကို ၂၀၀၄ ခုနှစ် အိန္ဒိယသမုဒ္ဒရာ ဆူနာမီဘေးအန္တရာယ် ဖြစ်ပွားခဲ့ချိန်ကတည်းက ဆွေးနွေးခဲ့ကြသည်။
သတင်းစာရှင်းလင်းပွဲတွင် တာဝန်ရှိသူများက နီပေါနိုင်ငံ၌ မကြာသေးမီက ဖြစ်ပွားခဲ့သည့် ဘေးအန္တရာယ်အခြေအနေကို ထည့်သွင်းပြောကြားသည်။ ကမ္ဘာလုံးဆိုင်ရာ သဘောတူစာချုပ်တစ်ရပ်ရှိလာပါက နိုင်ငံတကာ ဘေးအန္တရာယ်ကူညီရေး လုပ်ငန်းများအတွက် ရှင်းလင်းတိကျသော စည်းမျဉ်းများ သတ်မှတ်ပေးနိုင်မည်ဖြစ်ပြီး အစိုးရများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် စီမံခန့်ခွဲမှုဆိုင်ရာ ရှုပ်ထွေးနှောင့်နှေးမှုများကို ကျော်လွှားကာ ပိုမိုလျင်မြန်စွာ လုပ်ဆောင်နိုင်စေခြင်းဖြင့် လိုအပ်သည့်အကူအညီများကို ပြည်သူများထံ ပိုမိုမြန်ဆန်စွာ ရောက်ရှိစေနိုင်မည်ဖြစ်ကြောင်း ၎င်းတို့က ထောက်ပြပြောကြားသည်။
ကြိုတင်သတိပေးစနစ်များ တပ်ဆင်ခြင်းကဲ့သို့သော သင့်လျော်သည့် အစီအမံများမှတစ်ဆင့် ဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်ခြင်း၊ ထိခိုက်ဆုံးရှုံးမှုလျှော့ချခြင်းနှင့် ကြိုတင်ပြင်ဆင်ခြင်းတို့ ပြုလုပ်ရန် နိုင်ငံများတွင် တာဝန်ရှိကြောင်း သဘောတူစာချုပ်မူကြမ်းတွင် ဖော်ပြထားသည်ဟု ၎င်းတို့က ပြောကြားသည်။
အဆိုပါမူကြမ်းနှင့်ပတ်သက်သည့် ဆွေးနွေးညှိနှိုင်းမှုများကို ဧပြီလတွင် စတင်ခဲ့ပြီး လာမည့်နှစ်ကုန်ပိုင်းတွင် အပြီးသတ်ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


