ဘောလုံးကြယ်ပွင့် လီယွန်နယ် မက်ဆီ အာဂျင်တီးနားလက်ရွေးစင်အသင်းမှ အနားယူတော့မည်

ဗျူနိုအေရိစ်    စက်တင်ဘာ   ၂

ဘောလုံးကြယ်ပွင့် လီယွန်နယ် မက်ဆီက အာဂျင်တီးနားလက်ရွေးစင်အသင်းမှ အနားယူတော့မည်ဖြစ်ကြောင်း ယမန်နေ့က ကြေညာခဲ့သည်။

၎င်းသည် ယခုဆုံးဖြတ်ချက်ကြောင့် စိတ်နှလုံးအလွန်နာကျင်ရသော်လည်း ယခုအချိန်သည် အနားယူရန် သင့်လျော်သောအချိန်ဖြစ်ကြောင်း နားလည်သဘောပေါက်ထားသည်ဟု ဆိုရှယ်မီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။ ခန့်မှန်းရခက်သော ဘောလုံးဆွဲပြေးနိုင်စွမ်း၊ ပြိုင်ဘက်ကင်း တိကျမှန်ကန်သော ဘောလုံးပေးပို့နိုင်စွမ်းနှင့် ထူးချွန်ပြောင်မြောက်သော ဂိုးသွင်းနိုင်စွမ်းတို့ကြောင့် အသက် ၃၉ နှစ်အရွယ် မက်ဆီသည် သမိုင်းတစ်လျှောက် အကောင်းဆုံးဘောလုံးသမားများ အနက်တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်သည်။

၂၀၀၆ ခုနှစ် ဂျာမနီနိုင်ငံ၌ ကျင်းပခဲ့သော ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အသက် ၁၈ နှစ်အရွယ်ဖြင့် ပွဲဦးထွက်ကစားခဲ့ချိန်မှစ၍ ၎င်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲ ခြောက်ကြိမ်တိုင်တိုင် ပါဝင်ကစားခဲ့သည်။ အဆိုပါအရေအတွက်သည် ကမ္ဘာ့ဖလားသမိုင်းတွင် အများဆုံးပါဝင်ကစားမှု စံချိန်ဖြစ်သည်။ ၂၀၂၂ ခုနှစ် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင် အာဂျင်တီးနားအသင်းကို ဦးဆောင်ကာ နှစ်ပေါင်း ၃၆ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံဆုကို ရရှိစေခဲ့သည်။  မက်ဆီ ပါဝင်ကစားခဲ့သည့် ကာလအတွင်း အာဂျင်တီးနား လက်ရွေးစင်အသင်းသည် ကမ္ဘာ့ဖလားချန်ပီယံဆုကို တစ်ကြိမ်ရရှိခဲ့ပြီး ဒုတိယဆုကို နှစ်ကြိမ်ရရှိခဲ့သည်။

မက်ဆီက ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် စုစုပေါင်း  ၂၁ ဂိုး သွင်းယူထားနိုင်ခဲ့ပြီး သမိုင်းတစ်လျှောက် ဒုတိယအများဆုံး ဂိုးသွင်းယူနိုင်မှုစံချိန်ကို ရရှိခဲ့သည်။ ထို့ပြင် ကမ္ဘာ့ဖလားပြိုင်ပွဲ၏ အကောင်းဆုံးကစားသမားဆုကို နှစ်ကြိမ်တိုင်တိုင် ရရှိခဲ့သည့် တစ်ဦးတည်းသောကစားသမားလည်း ဖြစ်သည်။  မက်ဆီသည် ဘောလုံးသမားတစ်ဦးအတွက် အမြင့်မားဆုံး ဂုဏ်ပြုဆုအဖြစ် သတ်မှတ်ခံထားရသည့် Ballon d’Or ဆုကို ရှစ်ကြိမ်တိုင်တိုင် ရရှိထားသူဖြစ်သည်။   

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်