ဘောလိဝုဒ်အသိုင်းအဝိုင်းအထိ ရိုက်ခတ်လာတဲ့ ကိုဗစ် - ၁၉

• • • • ခြူးစန္ဒီနွေး • • • •

 

အိန္ဒိယနိုင်ငံရဲ့ နာမည်အကြီးဆုံးရုပ်ရှင်စတားဖြစ်တဲ့ အမီတာဘဂျမ်းတစ်ယောက် ကိုဗစ် -၁၉ ကူးစက်ခံရပြီလို့ ဇူလိုင် ၁၁ ရက်ညပိုင်းမှာ ကြေညာလိုက်တဲ့အခါမှာတော့ အိန္ဒိယနိုင်ငံတစ်လွှား သတိပေးသံ မြည်သွားတာပါပဲ။

 

အမီတာဘဂျမ်း၏ပုံရိပ်

 

အမီတာဘဂျမ်းဆိုတာ နာမည်ကျော်ကြားလှတဲ့ ဘောလိဝုဒ်သရုပ်ဆောင်တစ်ဦး ဖြစ်ရုံတင်မကပါဘူး။ အိန္ဒိယမှာ သူရဲ့ပုံရိပ်ဟာ ကြီးမားလွန်းလှပါတယ်။ အိန္ဒိယရဲ့ လေးစားခံရဆုံး ပုဂ္ဂိုလ်ဆိုရင်လည်း မမှားပါဘူး။ အိမ်သုံးပစ္စည်း ကြော်ငြာတွေကစလို့ ပြတိုက်ဖွင့်ပွဲကနေ ပြည်သူ့ဝန်ဆောင်မှု လှုပ်ရှားမှုတွေမှာတောင် သူ့ရဲ့ ပုံရိပ်က မကင်းပါဘူး။ အခုအချိန်မှာ လူတွေအားလုံး စိုးရိမ် နေကြတာကတော့ အမီတာဘဂျမ်းလို လူမျိုးတောင် ကူးစက်ခံရတယ်ဆိုရင် လူတိုင်း ကူးစက်ခံရနိုင်တယ်ဆိုတဲ့ အချက်ပါပဲ။ အသက် ၇၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အမီတာဘဂျမ်းကတော့ သူနဲ့ ၁ဝ ရက်အတွင်း ထိတွေ့ဆက်ဆံခဲ့ သူများအားလုံး ဆေးစစ်မှုခံယူကြဖို့ တွစ်တာပေါ်ကနေ တစ်ဆင့် မေတ္တာရပ်ခံခဲ့ပါတယ်။ ။

 

ဆေးရုံတွေမှာလူနာတွေနဲ့ပြည့်နှက်

 

အခုဆိုရင် အိန္ဒိယမှာ တစ်နေ့ထက်တစ်နေ့ ကူးစက်မှုနှုန်းဟာ ပိုပိုပြီး မြင့်တက်နေပါတယ်။ အမေရိကန် ပြည်ထောင်စုနဲ့ ဘရာဇီးပြီးလျှင် အိန္ဒိယဟာ ကူးစက်မှု အမြင့်ဆုံးပါပဲ။ အိန္ဒိယရဲ့ မြို့ကြီးတွေ၊ ပြည်နယ်ကြီးတွေက အာဏာပိုင်တွေကတော့ စီးပွားရေး ထိခိုက်ခံစားရတာတွေကို ပြန်လည်ကုစားဖို့ ကြိုးပမ်းပြီးတဲ့နောက် အသွားအလာ ကန့်သတ်စောင့်ကြည့်မှုတွေကို တစ်ဖန်ပြန်ပြီး လုပ်ဆောင်နေရပါတယ်။ ပြည်နယ်တစ်ခုနဲ့ တစ်ခုကြား နယ်စပ်တွေကိုလည်း ကင်းလှည့်မှုတွေ တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေပါတယ်။ အပြည်ပြည်ဆိုင်ရာက ခရီးသွားတွေကိုတော့ ဆက်လက်ပိတ်ထားဆဲပါပဲ။ ဆေးရုံတွေမှာတော့ ဖျားနာသူတွေနဲ့ ပြည့်နှက်နေပါတယ်။ လွန်ခဲ့တဲ့ သီတင်းပတ်ကဆိုရင် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးဟာ လူနာတင်ယာဉ် နောက်ခန်းထဲမှာပဲ အသက်ဆုံးရှုံးခဲ့ပါတယ်။ သူဟာ ၁၅ နာရီကြာအောင် ဆေးရုံရှစ်ခုစလုံးကို သွားရောက်ပြီး ဆေးရုံတက်ခွင့်ရဖို့ ကြိုးပမ်းခဲ့ပေမယ့် နောက်ဆုံးမှာတော့ အသက်ဆုံးရှုံးရတာနဲ့ပဲ အဆုံးသတ်လိုက်ရပါတယ်။

 

သေဆုံးမှုနည်းအောင်ကြိုးပမ်းခဲ့

 

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီကတော့ အိန္ဒိယနိုင်ငံဟာ ချမ်းသာတဲ့ နိုင်ငံတွေထက်စာရင် ပိုပြီးကောင်းကောင်း လုပ်နိုင်ခဲ့တယ်လို့ ရုပ်မြင်သံကြားကနေ မိန့်ခွန်းပြောခဲ့ပါတယ်။ အထူးသဖြင့် သေဆုံးမှုနှုန်းနဲ့ယှဉ်ရင် အိန္ဒိယ သေဆုံးမှုနည်းအောင် အများကြီး ကြိုးစားခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။ အမေရိကန်ပြည်ထောင်စု၊ ဘရာဇီး၊ စပိန်နဲ့ အီတလီတို့မှာ လူဦးရေတစ်သန်းမှာ ရာနဲ့ချီပြီး အသက်ဆုံးရှုံးခဲ့ရပေမယ့် အိန္ဒိယမှာတော့ တစ်သန်းမှာ ၁၆ ယောက်သာ အသက်ဆုံးရှုံးရတယ်လို့ မိုဒီက ပြောပါတယ်။ အိန္ဒိယနိုင်ငံဟာ အခြားနိုင်ငံတွေနဲ့ယှဉ်ရင် ဆေးစစ်ပေးနိုင်မှု စွမ်းအားမှာ လျော့နည်းခဲ့ပေမယ့် အာဏာပိုင်တွေက ဆန်းသစ်တဲ့ နည်းလမ်းတွေနဲ့ ဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် အစွမ်းကုန်ကြိုးစားခဲ့ကြပါတယ်။

 

အကြီးမားဆုံးရန်သူ

 

ကိုဗစ် - ၁၉ တိုက်ဖျက်ရာမှာ အိန္ဒိယနိုင်ငံအတွက် အကြီးမားဆုံးရန်သူကတော့ လူဦးရေ သိပ်သည်းထူထပ် လွန်းတာပါပဲ။ လူဦးရေတစ်သန်းကျော်တဲ့ မြို့တွေဆိုတာကလည်း အများကြီးပါပဲ။ မြို့ငယ်ရွာငယ်လေးတွေမှာတောင် လူဦးရေ များပြားလွန်းလှပါတယ်။ အခန်းတစ်ခန်းတည်းမှာ မိသားစုရှစ်ယောက် ၁၀ ယောက် စုနေကြတဲ့သူတွေ အများကြီးပါပဲ။ ဒါကြောင့် ကိုဗစ် - ၁၉ လိုမျိုး ကူးစက်မြန်ရောဂါနဲ့ ကြုံတွေ့တဲ့အခါ လူတွေဟာ လျင်လျင်မြန်မြန်နဲ့ ရောဂါတွေ ကူးစက်ကုန်ကြပြီး ရောဂါထိန်းချုပ်ဖို့ ခက်ခဲလာပါတယ်။ လူအချင်းချင်း ခပ်ခွာခွာနေဖို့ဆိုတဲ့ စည်းမျဉ်းအတိုင်း ကျင့်သုံးဖို့ မလွယ်ကူတဲ့နေရာတွေ အများကြီးပါ။ မကြာသေးမီ သီတင်းပတ်တွေအတွင်းမှာပဲ လူဦးရေအထူထပ် ဆုံးမြို့ထဲက တစ်မြို့ဖြစ်တဲ့ မွမ်ဘိုင်းမှာ ကိုဗစ် - ၁၉ ကူးစက်မှု မြင့်တက်လာတာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

 

လျင်လျင်မြန်မြန်ပျံ့နှံ့

 

အစပိုင်းမှာတော့ မွမ်ဘိုင်းက လူချမ်းသာတွေနေထိုင်ရာ ရပ်ကွက်မှာ ကူးစက်ပျံ့နှံ့ခဲ့ပြီး နောက်ပိုင်းမှာတော့ ဆင်းရဲသား ရပ်ကွက်တွေကိုပါ ကူးစက်ပျံ့နှံ့ခဲ့ပါတယ်။ အခုဆိုရင် လူဦးရေသန်း၂၀ မှီတင်းနေထိုင်တဲ့ မွမ်ဘိုင်းမြို့ကြီးမှာ ကူးစက်မှုတွေဟာ လျင်လျင်မြန်မြန်ပဲ ပျံ့နှံ့နေပါတယ်။ ဇူလိုင် ၁ ရက်ညပိုင်းမှာတော့ အမီတာဘဂျမ်းဟာ ပရိသတ် ၄၃ ဒသမ ၂ သန်းရှိတဲ့ သူ့ရဲ့တွစ်တာအကောင့်ကနေ တစ်ဆင့် သူ့မှာ ကိုဗစ် -၁၉ ကူးစက်ခံထားရကြောင်းအသိ ပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ နာနာဗီတာဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်။

 

အမီတာဘဂျမ်းရဲ့ မိသားစုဝင်များ ကူးစက်ခံရ

 

အမီတာဘဂျမ်းရဲ့ မိသားစုဝင် အတော်များများမှာလည်း ကိုဗစ်- ၁၉ ကူးစက်ခံထားရပါတယ်။ အမီတာ ဘဂျမ်းရဲ့ သား အဘီရှက်ခ်နဲ့ ချွေးမဖြစ်သူ ရုပ်ရှင်မင်းသမီး ဒေ့ရှ်ဝါယာရိုင်းတို့မှာလည်း ကိုဗစ် - ၁၉ တွေ့ရှိခဲ့ရပါ တယ်။ အေ့ရှ်ဝါယာရိုင်းရဲ့ ရှစ်နှစ်အရွယ်သမီးလေးမှာလည်း ကိုဗစ်- ၁၉ ကူးစက်ခံထားရပါတယ်။ သူတို့ အားလုံးမှာတော့ ရောဂါလက္ခဏာ ဆိုးဆိုးရွားရွား မပြကြပါဘူး။ အပျော့စား လက္ခဏာလေးတွေပဲ ပြကြပါ တယ်။

 

ချစ်ခင်သူပေါများဆဲ

 

အမီတာဘဂျမ်းတို့မိသားစု ကိုဗစ် - ၁၉ ကူးစက် ခံရတာဟာ တကယ့်ကို သတင်းထူးကြီးပါပဲ။ မဟာရက်ရှ်ထရာပြည်နယ်က ကျန်းမာရေးဝန်ကြီး ကိုယ်တိုင်လည်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ အမီတာဘဂျမ်းတို့မိသားစု အမြန်ဆုံးနေပြန်ကောင်းပါစေလို့ ဆုတောင်းပေးကြောင်း ကျန်းမာရေးဝန်ကြီး ရာဂျက်တိုပီက သတင်းထုတ်ပြန်ခဲ့ ပါတယ်။ အမီတာဘဂျမ်းဟာ ပြီးခဲ့တဲ့ နှစ်ပေါင်း ၅၀ အတွင်းမှာ ရုပ်ရှင်ကားပေါင်း ၂၀၀ ကျော်မှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ယနေ့ထိတိုင်လည်း သူ့ကိုချစ်ခင်နှစ်သက်သူတွေအတွက် အနုပညာလောကကို ကျောခိုင်းမသွားသေးပါဘူး။ ယခုနှစ်အတွင်း ကိုဗစ်-၁၉ကြောင့် ရိုက်ကူးရေးတွေ မရပ်နားခင်တုန်းက တနင်္ဂနွေနေ့မနက်ဆိုရင် ပရိသတ်တွေဟာ မွမ်ဘိုင်းက အမီတာဘဂျမ်းရဲ့ နေအိမ်ရှေ့မှာ လာရောက်စောင့်ဆိုင်းကြပါတယ်။ အမီတာဘဂျမ်းကို ရိပ်ခနဲ မြင်လိုက်ဖို့အရေး လာရောက်စောင့်ဆိုင်းကြသူတွေလည်း ဖြစ်ပါတယ်။

 

အလွှမ်းမိုးနိုင်ဆုံး သရုပ်ဆောင်

 

အမီတာဘဂျမ်းနဲ့ အလုပ်အတူတူတွဲလုပ်သူ ရုပ်ရှင်ထုတ်လုပ်ရေးသမား ရှီဗန်ဒရာဆင်း ဒန်ဂါပါကတော့ အမီတာဘဂျမ်းလို ပါဝါရှိတဲ့သရုပ်ဆောင်မျိုးသူတစ်ခါမှ မတွေ့သေးဘူးလို့ ပြောပါတယ်။ အိန္ဒိယမှာတော့ သူဟာ အလွှမ်းမိုးနိုင်ဆုံး သရုပ်ဆောင်ပါပဲလို့ဆက်ပြောပါတယ်။ ပြည်သူတွေအတွက် လေးစားအတုယူစရာ ပုံရိပ်ဖြစ်နေပြီး အမီတာဘဂျမ်းကိုယ်တိုင်လည်း သရုပ်ဆောင်ဖို့ ဇာတ်ကောင်ရွေးတဲ့အခါ အတော်လေး သတိထားရပါတယ်။ ဘာလို့လဲဆိုရင် သူ့ရဲ့ ရုပ်ရှင်ကားကိုကြည့်တဲ့ ပရိသတ်တွေဟာ အမီတာဘဂျမ်းတောင် လုပ်နိုင်ရင် ငါတို့လည်း လုပ်နိုင်ရမယ်ဆိုတဲ့စိတ် အမြဲမွေးကြတယ်လို့ ရုပ်ရှင်ထုတ်လုပ်သူ ရှီဗန်ဒရာဆင်းက ပြောပါတယ်။ ဒါကြောင့်မို့ အမီတာဘဂျမ်း ကိုဗစ်- ၁၉ ကူးစက်ခံရတဲ့ သတင်းဟာ တကယ့်ကို သတင်းကြီးတစ်ခုပါပဲ။

 

ဝေဖန်မှုများထွက်ပေါ်

 

အိန္ဒိယနိုင်ငံမှာ လတ်တလော ကိုဗစ်-၁၉ ကူးစက်မှုတွေကတော့ ဆက်လက်မြင့်တက်ဆဲပါပဲ။ ဇူလိုင် ၁၁ ရက်နေ့မှာတော့ ကူးစက်ခံရသူ ၈၂၁၀၀၀ နီးပါးအထိ ရှိလာပါတယ်။ ကိုဗစ်- ၁၉ ရှိ မရှိ ဆေးစစ်ပေးနိုင်မှု နည်းပါးမှုကြောင့်နဲ့ ရှေ့တန်းကနေ ရင်ဆိုင်ရမယ့် ဆေးဝန်ထမ်းအင်အား နည်းပါးတာကြောင့်လို့ ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။ ။

 

ကိုးကား -နယူးယောက်တိုင်းမ်