ဘာကူးမြို့၌ ကျင်းပလျက်ရှိသည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ (၁၈)ကြိမ်မြောက် ထိပ်သီးအစည်းအဝေးဆိုင်ရာ ဝန်ကြီးအဆင့် ကြိုတင်ပြင်ဆင်ရေးအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် တက်ရောက်မိန့်ခွန်းပြောကြား

နေပြည်တော် ၂၅ အောက်တိုဘာ


အဇာဘိုင်ဂျန်နိုင်ငံ ဘာကူးမြို့၌ ကျင်းပလျက်ရှိသည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ (၁၈)ကြိမ်မြောက် ထိပ်သီးအစည်းအဝေးအကြို ဝန်ကြီးအဆင့် ကြိုတင်ပြင်ဆင်ရေးအစည်းအဝေးတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ၂၃-၁၀-၂၀၁၉ ရက်နေ့၌ မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့ပြီး ယနေ့ ကမ္ဘာ့စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရန်အတွက် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ စည်းလုံးညီညွတ်မှုကို ပိုမိုခိုင်မာအောင် ဆောင်ရွက်ကြရန်နှင့် အဖွဲ့ဝင်နိုင်ငံများအချင်းချင်း၏ ပြဿနာများကို နှစ်နိုင်ငံအကြား ချစ်ကြည် ရင်းနှီးစွာဖြင့် ဖြေရှင်းကြရန် လိုအပ်ကြောင်း အလေးပေးတိုက်တွန်းခဲ့သည်။


စည်းလုံးညီညွတ်မှု ပိုမိုလိုအပ်လာ

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က မိန့်ခွန်းပြောကြားရာ၌ ဘက်မလိုက်လှုပ်ရှား မှုအဖွဲ့ကြီးကို စစ်အေးကာလ အရှိန်မြင့်တက် နေချိန်တွင် ဘန်ဒေါင်းမူဝါဒများကို အခြေခံ ၍ စတင်ဖွဲ့စည်းခဲ့ကြောင်း၊ ၁၉၅၅ ခုနှစ်က ဘန်ဒေါင်းညီလာခံကို ဦးဆောင်ကျင်းပခဲ့သည့် နိုင်ငံ (၅)နိုင်ငံတွင် မြန်မာနိုင်ငံ ပါဝင်ခဲ့ကြောင်း၊ ဘက်မလိုက်အဖွဲ့ကြီးကို စတင်တည်ထောင် သူများအနေဖြင့် ငြိမ်းချမ်း၍ သာယာဝပြော သည့် ကမ္ဘာကြီးပေါ်ပေါက်လာစေရန်နှင့် တရားမျှတခြင်း၊ သာတူညီမျှခြင်းတို့နှင့် အတူ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ၎င်းတို့၏ ကံကြမ္မာ ကို လွတ်လပ်စွာဖြင့် စဉ်းစားဆုံးဖြတ်နိုင်စေ ရေးတို့ကို မျှော်မှန်းခဲ့ကြောင်း၊ စစ်အေးကာလ ပြီးဆုံးပြီးနောက် ကမ္ဘာကြီးတွင် ကြီးမားသော ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့ကြောင်း၊ သို့သော်လည်း ဘက်မလိုက်လှုပ်ရှားမှု၏ အခြေခံမူကြီးများမှာ ယနေ့တိုင် ဆီလျော် မှန်ကန်နေဆဲဖြစ်ကြောင်း၊ စစ်အေးကာလ ပြီးဆုံးချိန်နောက်ပိုင်း အနည်းငယ်မှေးမှိန်သွား ခဲ့သည့် ဘန်ဒေါင်းစိတ်ဓာတ်ကို ဘက်မလိုက် အဖွဲ့ဝင်အားလုံး၏ အကျိုးစီးပွားအတွက် ပြန်လည်၍ အင်အားဖြည့်တင်းရမည်ဖြစ် ကြောင်း၊ ထို့ကြောင့် ဘက်မလိုက်အဖွဲ့ဝင် နိုင်ငံများအနေဖြင့် အဖွဲ့ကြီး၏ အခြေခံမူကြီး များ၊ အထူးသဖြင့် နိုင်ငံတစ်နိုင်ငံ၏ အချုပ် အခြာ အာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေး ကို လေးစားလိုက်နာရေး၊ တရားမျှတမှု၊ သာတူညီမျှမှုနှင့် အခြားနိုင်ငံများ၏ ပြည်တွင်း ရေးကို ဝင်ရောက်မစွက်ဖက်ရေး၊ အဖွဲ့ဝင်နိုင်ငံ များအကြား အပြန်အလှန် လေးစားမှုရှိရေး၊ အငြင်းပွားမှုများကို ငြိမ်းချမ်းသောနည်းလမ်း ဖြင့် ဖြေရှင်းရေး စသည့်အခြေခံမူဝါဒများကို အစဉ်အမြဲ လေးစားလိုက်နာရန် လိုအပ် ကြောင်း၊ ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ နိုင်ငံ ရေးအရ အင်အားပြိုင်ဆိုင်မှုကြောင့် မကြာ သေးမီက စစ်အေးပုံစံ အသွင်သစ်တစ်မျိုး ပြန်လည်၍ အသက်ဝင်လာခြင်းနှင့် လက်ရှိ ကုန်သွယ်ရေးနှင့် နည်းပညာစစ်ပွဲများသည် စိန်ခေါ်မှုများကို စုပေါင်းစွမ်းအားဖြင့် တုံ့ပြန် ဖြေရှင်းနိုင်စေရန်အတွက် ဘက်မလိုက်အဖွဲ့ ကြီး၏ စည်းလုံးညီညွတ်မှုကို အရှိန်အဟုန် မြှင့်တင်ရန် ပိုမိုလိုအပ်လာမှုကို ထပ်လောင်း၍ မီးမောင်းထိုးပြလိုက်ခြင်းပင် ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။


ပိုမိုကောင်းမွန်သည့်ဆက်ဆံရေးတည်ဆောက်
ပြည်ထောင်စုဝန်ကြီးက ဘက်မလိုက် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ၎င်းတို့၏ကံကြမ္မာ ကို မိမိတို့ကိုယ်တိုင် ဆုံးဖြတ်ပိုင်ခွင့်နှင့် ၎င်းတို့ ၏ ပြည်တွင်းရေးပြဿနာများကို နိုင်ငံ၏ ပကတိအခြေအနေ၊ အနေအထားဖြင့် ဖြေရှင်း ခွင့်ရရှိရန် အလှမ်းဝေးနေဆဲဖြစ်ကြောင်း၊ ကမ္ဘာကြီး၏ ဆက်စပ်လွှမ်းခြုံမှုကြောင့် နိုင်ငံ အလိုက် နယ်နိမိတ်များအား ဝေဝါးမှေးမှိန် စေခဲ့ပြီး နိုင်ငံများ၏ အချုပ်အခြာအာဏာနှင့် လွတ်လပ်ရေးကို တဖြည်းဖြည်းထိပါးလာမှု များကို တွေ့မြင်လာရကြောင်း၊ ယင်းကဲ့သို့ နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာအပေါ် ထိပါးလာခြင်းကို လူ့အခွင့်အရေးကို ကာကွယ် ရေး ခေါင်းစဉ်အောက်တွင် အများဆုံးတွေ့မြင် နိုင်ကြောင်း၊ လက်ရှိ ကမ္ဘာ့ဖြစ်စဉ် (world order) တွင် မညီမျှမှုများ၊ တရားမမျှတမှု များ၊ စံနှုန်းနှစ်ထပ် သတ်မှတ်ခြင်းနှင့် ကမ္ဘာ့ စီးပွားရေးဖြစ်စဉ်တွင် မညီမျှမှုများဖြင့် ပြည့်နှက်နေပြီး ယင်းတို့က ဖွံ့ဖြိုးမှုကွာဟ ချက်ကို ပိုမိုကြီးမားလာစေကြောင်း၊ ချမ်းသာ ပြီး အင်အားကြီးမားသည့်နိုင်ငံများက ကမ္ဘာ့ သတင်းမီဒီယာကို ထိန်းချုပ်ခြယ်လှယ်၍ မမျှ တသည့်သတင်းများ ထုတ်လွှင့်နေခြင်းနှင့် ဖွံ့ဖြိုးမှုနိမ့်ကျသည့် နိုင်ငံများ၏ သဘောထား အမြင်များကို ဖိနှိပ်ထားခြင်းသည် နိုင်ငံတကာ အသိုက်အဝန်း၏ မူဝါဒဆိုင်ရာဆုံးဖြတ်ချက် ချမှတ်မှုများအပေါ် ဆိုးရွားစွာ လွှမ်းမိုးလျက် ရှိကြောင်း၊ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ကြီး၏ စည်းလုံးညီညွတ်မှုကို မြှင့်တင်နိုင်ရန်အတွက် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေးအကျိုးအမြတ်ရရှိ ရေးကို ရည်ရွယ်၍ ဘက်မလိုက်လှုပ်ရှားမှု အဖွဲ့အား အလွဲသုံးစားပြုလုပ်ခြင်းကို ခွင့်မပြု သင့်ကြောင်း၊ လက်ရှိရင်ဆိုင်နေရသည့် ကမ္ဘာ့ စိန်ခေါ်မှုများကို တုံ့ပြန်ဖြေရှင်းနိုင်ရန် အတွက် မတူညီသည့် အဖွဲ့ဝင်နိုင်ငံများ အကြား စည်းလုံးညီညွတ်မှုကို မြှင့်တင်ရန် လိုအပ်ကြောင်း၊ အဖွဲ့ဝင်နိုင်ငံများအကြား ပြဿနာရပ်များကိုလည်း ချစ်ခင်၊ ရင်းနှီးစွာ ဖြင့် နှစ်နိုင်ငံအကြား ဖြေရှင်းရန် အထူးအရေး ကြီးကြောင်းနှင့် နိုင်ငံတစ်နိုင်ငံ၏ ထိလွယ် ရှလွယ်ကိစ္စရပ်များကို အဖွဲ့ကြီး၏ ဆွေးနွေးမှု အတွင်း၌ ထည့်သွင်းလာခြင်းကို ရှောင်ရှား ရမည်ဖြစ်ကြောင်း၊ အဖွဲ့ဝင်နိုင်ငံများအကြား စိန်ခေါ်မှုများနှင့် နက်နဲသိမ်မွေ့သည့် ကိစ္စရပ် များကို နားလည်နိုင်ရန် ကြိုးပမ်းခြင်းသည် အဖွဲ့ဝင်နိုင်ငံများအကြား ပိုမိုကောင်းမွန်သည့် ဆက်ဆံရေးတည်ဆောက်နိုင်စေမည့် အဓိက အချက်ဖြစ်ကြောင်း အလေးပေးပြောကြား ခဲ့သည်။


ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်

ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက် ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက်အပေါ် ပြည်ထောင်စုဝန်ကြီး က ပြန်လည်တုံ့ပြန်ပြောကြားခဲ့ရာ၌ ရခိုင် ပြည်နယ်ကိစ္စသည် ဘာသာရေးဖိနှိပ်မှု ပြဿနာတစ်ရပ် မဟုတ်ကြောင်းကို အတိ အလင်းပြောကြားလိုကြောင်း၊ ထို့ပြင် သတင်း မီဒီယာများ လွဲမှားစွာ ချဲ့ကားပုံဖော်နေကြ သကဲ့သို့ တိုင်းရင်းသားမျိုးနွယ်စုတစ်ခုအား နိုင်ငံအတွင်းမှ မောင်းထုတ်နေခြင်းလည်း မဟုတ်ကြောင်း၊ ယင်းကိစ္စအား မျိုးနွယ်စုအား သုတ်သင်ရှင်းလင်းခြင်း (သို့မဟုတ်) လူမျိုး သုဉ်းသတ်ဖြတ်ခြင်းဟု ဘင်္ဂလားဒေ့ရှ်ဘက်မှ သုံးနှုန်းနေသည်ကို မြန်မာနိုင်ငံအနေဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း၊ အမှန် စင်စစ် ယင်းသည် ကိုလိုနီခေတ်ကတည်းက ရှိနေခဲ့သည့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှု ရောယှက်ပါဝင်နေသည့် နိုင်ငံရေးနှင့် စီးပွားရေးပြဿနာတစ်ရပ်ဖြစ်ကြောင်း၊ ထိုအချိန်က ဆန်စပါးတိုးချဲ့စိုက်ပျိုးထုတ်လုပ်ရန်အတွက် ဘင်္ဂလားဒေသ အထူးသဖြင့် စစ်တကောင်း ဘက်မှ ရွှေ့ပြောင်းလုပ်သားများကို ဗြိတိသျှ အာဏာပိုင်များက ရခိုင်ပြည်နယ်အနောက်ပိုင်း ရှိ မြို့နယ်များသို့ အလုံးအရင်းနှင့် ပို့ဆောင် ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း၊ ၁၉၇၁ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်း မှုအတွင်း နယ်စပ်ဖြတ်ကျော်၍ အလုံးအရင်း နှင့် ဝင်ရောက်မှုနောက်တစ်ကြိမ် ထပ်မံ ပေါ်ပေါက်ခဲ့ကြောင်း၊ နေရပ်ရွှေ့ပြောင်း နေထိုင်ခြင်းပြဿနာတွင် ဆင်းရဲမှု၊ တရား ဥပဒေစိုးမိုးမှုနှင့် လုံခြုံမှုကင်းမဲ့ခြင်းတို့လည်း ထပ်လောင်းရောယှက် ပါဝင်နေကြောင်း၊ ဒေသခံတိုင်းရင်းသား အသိုက်အဝန်းများ နှင့် ရွှေ့ပြောင်းနေထိုင်သည့် အသိုက်အဝန်း တို့အကြား တင်းမာမှု၊ အပြန်အလှန် ယုံကြည် မှုကင်းမဲ့ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့သည် နက်ရှိုင်းစွာ အမြစ်တွယ်လာခဲ့ကြောင်း၊ ရခိုင် ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် ပြဿနာသည် မြန်မာတစ်နိုင်ငံလုံးကို ကိုယ်စားမပြုကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ အခြားနေရာများတွင် ကိုးကွယ်မှုအယူဝါဒ ကွဲပြားသူများသည် ငြိမ်းချမ်းစွာနှင့် သဟ ဇာတမျှတစွာဖြင့် အတူယှဉ်တွဲ နေထိုင်လျက် ရှိပြီး မတူညီသည့် ကိုးကွယ်ယုံကြည်သူများ ၏ ဘာသာရေးအဆောက်အဦများသည် လည်း မြန်မာနိုင်ငံရှိ မြို့အများအပြားတွင် တစ်ခုနှင့်တစ်ခု နီးနီးကပ်ကပ် တည်ရှိနေကြ ကြောင်း၊ ပဋိပက္ခကြောင့် ထိခိုက်ခံခဲ့ရသည့် အသိုက်အဝန်းအားလုံး၏ဒုက္ခကို မိမိတို့အနေ ဖြင့် အထူးစိုးရိမ်ပူပန်မှုရှိကြောင်း၊ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလနှင့် ၂၀၁၇ ခုနှစ်၊ သြဂုတ်လ တို့တွင် ရဲကင်းစခန်းအများအပြားကို ARSA အကြမ်းဖက်အဖွဲ့က တစ်ပြိုင်နက်တည်း ချိန်ကိုက်တိုက်ခိုက်မှုများ စတင်ပြုလုပ်ခဲ့ခြင်း ကြောင့် အကြမ်းဖက်မှုများ စတင်ဖြစ်ပေါ် လာရခြင်းဖြစ်သည်ကို မျက်ကွယ်မပြုသင့် ကြောင်း၊ နှစ်ဖက်စလုံး၏ အကြမ်းဖက်တိုက် ခိုက်မှုကြောင့် အသိုက်အဝန်းအားလုံး ထိခိုက်ခံစားခဲ့ရကြောင်း ထည့်သွင်းပြောကြား ခဲ့သည်။


နိုင်ငံတကာမှ ဖိအားပေးရန် ကြိုးပမ်းနေ

ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ် အတွင်း မှီတင်းနေထိုင်သူအားလုံးအတွက် ငြိမ်းချမ်းမှု၊ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုး မှုရရှိစေမည့် ရေရှည်တည်တံ့သည့် ဖြေရှင်းမှု ရရှိအောင်ဆောင်ရွက်ရေးကို အစိုးရအနေဖြင့် အပြည့်အဝ ကတိကဝတ် ထားရှိပါကြောင်း၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား အရေး အကြီးဆုံး ဆောင်ရွက်ရမည့်ကိစ္စရပ်မှာ နေရပ် စွန့်ခွာသူများ နေရပ်ပြန်လာရေးကို အနှောင့် အယှက်ပေးနေသည့် အတားအဆီးများကို နှစ်နိုင်ငံအကြား သဘောတူညီထားပြီးဖြစ် သည့် ယန္တရားများနှင့်အညီ အတူတကွ ဖြေရှင်း ရေးပင်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း နေထိုင်ခဲ့ကြောင်း စိစစ်ပြီးသူများအားလုံးကို ပြန်လည်လက်ခံရန် အဆင်သင့်ရှိကြောင်းကို မြန်မာဘက်မှ ထပ်တလဲလဲ ထုတ်ဖော်ပြော ကြားထားပြီးဖြစ်ကြောင်း၊ ယခုကိစ္စရပ်သည် လူဝင်မှုကိစ္စနှင့် သက်ဆိုင်သည့်ကိစ္စရပ် ဖြစ်သည့်အတွက် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အကြား ဖြေရှင်းဆောင်ရွက်ရန် လိုအပ် ကြောင်း၊ နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုး ထားသည့် သဘောတူညီချက်ကို အတိအကျ လိုက်နာပါက ၁၉၉၂ ခုနှစ်က ဆောင်ရွက်ခဲ့သည့် နည်းတူ နေရပ်ပြန်လာရေးလုပ်ငန်းစဉ်ကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း၊ အဓိက အတားအဆီးတစ်ခုမှာ ကော့ခ်ဘဇားစခန်းများရှိ နေရပ်ပြန်လာရေး လုပ်ငန်းစဉ်ကို မလိုလားသည့် ARSA အကြမ်း ဖက်အဖွဲ့နှင့် သဘောထားတင်းမာသည့်အုပ်စု များက ၎င်းတို့၏ နိုင်ငံရေးရည်ရွယ်ချက်ရရှိ စေရန်အတွက် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ မှ ဖိအားပေးရန် ကြိုးပမ်းနေမှုဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် ကော့ခ်ဘဇားရှိ စခန်းများတွင် ယင်းအကြမ်းဖက်အုပ်စုများ တည်ရှိနေခြင်းကို မျက်ကွယ်ပြုမထားသင့် ကြောင်း၊ ၎င်းတို့သည် နေရပ်စွန့်ခွာသူများ အား ၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက် ပြည့်ဝစေရန်အတွက် အသုံးချလျက်ရှိပြီး ခြိမ်းခြောက်မှုများ ပြုလုပ်လျက်ရှိကြောင်း၊ ARSA အကြမ်းဖက်အဖွဲ့၏ ခြိမ်းခြောက်မှု များရှိနေသော်လည်း နေရပ်စွန့်ခွာသူ ၃၅၀ ကျော်သည် ၎င်းတို့၏ အစီအစဉ်ဖြင့် ဆန္ဒ အလျောက် ပြန်လည်ဝင်ရောက်လာခဲ့ပြီ ဖြစ်ကြောင်း၊ ယမန်နေ့က နေရပ်စွန့်ခွာသူ နောက်ထပ် ၂၉ ဦး ရခိုင်ပြည်နယ်သို့ ၎င်းတို့၏ အစီအစဉ်ဖြင့် ပြန်လည်ဝင်ရောက်လာခဲ့ ကြောင်း၊ ၎င်းတို့အနေဖြင့် ဘေးကင်းစွာနှင့် ဂုဏ်သိက္ခာရှိစွာဖြင့် အခြေချနေထိုင်လျက် ရှိကြကြောင်း၊ နေရပ်သို့ ပြန်လာလိုကြောင်း အတိအလင်း ဆန္ဒထုတ်ဖော် ပြောကြားထားပြီး ဖြစ်သည့် ဟိန္ဒူလူမျိုး ၄၄၄ ဦးကို ပြန်လည် ပို့ဆောင်ပေးရန် အကြိမ်ကြိမ် ပြောကြားနေ သော်လည်း ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြန်ပို့ပေး ခြင်း မရှိသေးကြောင်း၊ မြန်မာနိုင်ငံ အစိုးရ အနေဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အာဆီယံ၊ ဒေသတွင်းနှင့် ပြင်ပမှ မိတ်ဖက် များနှင့် ပူးပေါင်း၍ နေရပ်ပြန်လာမည့်သူများ အတွက် ကောင်းမွန်သည့် ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးရေးကို ဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်အရေးကိစ္စသည် နက်နဲရှုပ်ထွေး ပြီး အသိုက်အဝန်းများအကြား ယုံကြည်မှုနှင့် သဟဇာတရှိမှု တည်ဆောက်နိုင်ရန်နှင့် အသိပညာပေးရန်အတွက် အချိန်နှင့် အခြေ အနေပေးရန် လိုအပ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ် နှင့် လက်မှတ်ရေးထိုးထားသည့် နှစ်နိုင်ငံ သဘောတူညီချက်ကို အခြေခံ၍ ဘင်္ဂလားဒေ့ရှ် နှင့် ပူးပေါင်း၍ လက်ရှိပြဿနာကို ဖြေရှင်း သွားရန် မြန်မာနိုင်ငံအနေဖြင့် အဆင်သင့် ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။


ဆက်လက်ကျင်းပသွားမည်
ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ (၁၈)ကြိမ် မြောက် ထိပ်သီးအစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်မှ ၂၆ ရက်အထိ အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူးမြို့၌ ဆက်လက်၍ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်