ဘားအံ ဇူလိုင် ၃၀
ဘားအံမြို့နယ် နောင်ကမြိုင်ကျေးရွာမှ အိမ်ထောင်စု ၃၉၉ စု၊ လှိုင်းဘွဲမြို့နယ် တဝန်ဖန်ရကျေးရွာမှ အိမ်ထောင်စု ၁၈၄ စု စုစုပေါင်း အိမ်ထောင်စု ၅၈၃ စုအား ကျေးရွာမြေငှားဂရန်များ လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။
ယနေ့နံနက်ပိုင်းတွင် နောင်ကမြိုင်ကျေးရွာ ဓမ္မသိင်္ခါရကုန်း ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည့် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်သော ကျေးရွာမြေငှားဂရန် ပေးအပ်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများက ဘားအံမြို့နယ် နောင်ကမြိုင် ကျေးရွာနှင့် လှိုင်းဘွဲမြို့နယ် တဝန်ဖန်ရကျေးရွာတို့ရှိ အိမ်ထောင်စုများထံ ပေးအပ်ခဲ့ခြင်းဖြစ်သည်။
မြေငှားဂရန်များထုတ်ပေး
ကျေးရွာ မြေငှားဂရန်များကို သက်ဆိုင်ရာဌာနများက ဧပြီ ၂၀ ရက်တွင် မြေပြင်ကွင်းဆင်း ဆောင်ရွက်ခဲ့ရာ ဇူလိုင် ၂၇ ရက်တွင် ဆောင်ရွက်ပြီးစီးခဲ့သဖြင့် ရက်ပေါင်း ၉၇ ရက်ကြာမြင့်ခဲ့ပြီး ယနေ့တွင် (၁၀)နှစ်သက်တမ်းရှိ ကျေးရွာမြေငှားဂရန်များကို ထုတ်ပေးခြင်းဖြစ်သည်။
ထို့ပြင် ဘားအံမြို့ လှာကမြင်ကွက်သစ်၌ ကျင်းပသည့် ကရင်ပြည်နယ် ဇွဲကပင်အဆင့်မြင့် ရေကူးကန် တည်ဆောက်ခြင်းလုပ်ငန်း ပန္နက်တင်အခမ်းအနားသို့တက်ရောက်ပြီး ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်အတူ ပန္နက်တင်ကြသည်။
တည်ဆောက်
အဆိုပါ ဇွဲကပင်အဆင့်မြင့် ရေကူးကန်တွင် ခေါင်မိုးပါ ၁၀ လမ်းသွား ဒိုင်ဗင်ကန်၊ ရေကူးကန်၊ ဘေးပတ်လည် လျှောက်လမ်း၊ အဝတ်လဲခန်း၊ ပွဲကြည့်စင်နှင့် ဈေးဆိုင်ခန်းများ ပါဝင်မည်ဖြစ်ပြီး တည်ဆောက်ရေး လုပ်ငန်းတစ်ခုလုံးကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ် ၁၁၀၇၇ သန်းမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပထမအဆင့် ၇၅ ရာခိုင်နှုန်း ခွင့်ပြုရန်ပုံငွေကျပ် ၈၃၂၁ သန်းဖြင့် ဖူးပွင့်သစ်ကုမ္ပဏီက တာဝန်ယူတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


