ဘားအံ ဇူလိုင် ၃၀
ကရင်ပြည်နယ် ဘားအံမြို့တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားစာပေ ယဉ်ကျေးမှုဦးစီးဌာနက ဦးဆောင်ကျင်းပသည့် ဗလငါးတန်နှင့် ပြည့်စုံသော ကျောင်းသားလူငယ်များ ဖြစ်စေရေး ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲကို ဇူလိုင် ၂၈ ရက်တွင် ဘားအံမြို့နယ် ကျုံဖဲကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ် မွန်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးမျိုးမြင့်နိုင်က အမှာစကားပြောကြားပြီး ပြည်နယ်တိုင်းရင်သားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနက "လူငယ်နှင့် စာပေယဉ်ကျေးမှု” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနက “လူငယ်နှင့် အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောသည်။
ထို့နောက် ကျောင်းသား ကျောင်းသူများ ဉာဏဖွံ့ဖြိုးတိုးတက်စေရေး ဉာဏ်စမ်း ပဟေဠိပြိုင်ပွဲကို ပြုလုပ်ရာ ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


