ဘားအံမြို့၌ ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာ(လာခုဂ်ခါင်.စူး)ပွဲတော် ကျင်းပ

ဘားအံ ဩဂုတ် ၂၃

 

(၄၇)ကြိမ်မြောက် ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာ(လာခုဂ်ခါင်.စူး)ပွဲတော်ကို ယနေ့ နံနက် ၉ နာရီတွင် ဘားအံမြို့ ဇွဲကပင်ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

 

ပွဲတော်သို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ မြန်မာ နိုင်ငံလွှတ်တော်အဖွဲ့ အဖွဲ့ဝင် ဦးမောင်မောင်အုန်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များက ဒေသခံတိုင်းရင်းသား ပြည်သူများနှင့်အတူ တက်ရောက်အားပေးကြသည်။

 

အဆိုပါပွဲတော်တွင် သဘာပတိက ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာ(လာခုဂ်ခါင်.စူး) ဆိုင်ရာများကို ရှင်းလင်းပြောကြားပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် က ဆုတောင်းမေတ္တာစကားပြောကြားကာ ကရင်တိုင်းရင်းသား လူငယ်မောင်မယ်များက ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ(လာခုဂ်ခါင်.စူး) ဖြစ်ပေါ် လာပုံကို ပိုးကရင်ဘာသာ၊ စကောကရင်ဘာသာ၊ မြန်မာဘာသာတို့ဖြင့် ဖတ်ကြားသည်။

 

ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ်က ငွေကျပ်သိန်း ၃၀၀ ကို ပွဲတော်ကျင်းပရေးကော်မတီနာယကထံ ပေးအပ်ချီးမြှင့်ပြီး ပွဲတော်ကျင်းပရေးကော်မတီက (၄၇)ကြိမ်မြောက် ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ (လာခုင်ခါင်.စူး)ပွဲတော် ဖြစ်မြောက်ရေးအတွက် အလှူငွေထည့်ဝင်သူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။ 

 

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့က ကရင်တိုင်းရင်းသားရပ်မိရပ်ဖများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့်အတူ အဘိုး အဘွားများထံတွင် ချည်ဖြူဖွဲ့မင်္ဂလာခံယူကြသည်။

 

ချည်ဖြူဖွဲ့ရာတွင် ငှက်ပျောသီး၊ ကောက်ညှင်းထုပ်၊ ထမင်းဆုပ်၊ နတ်ပန်းညို၊ ချည်ဖြူ၊ သန့်စင်သောရေ၊ ကြံပိုင်း စသည့်ပစ္စည်းခုနစ်မျိုးပါဝင်ပြီး တစ်ခုချင်းစီ၏ ဂုဏ်သတ္တိများအလိုက် ကရင်တိုင်းရင်း သားတို့အား စုပေါင်းညီညွတ်စွာ နေထိုင်စေလိုသည့် အဓိပ္ပာယ်များပါဝင်ကြောင်း၊ မွန်မြတ်သန့်စင်၍ ချစ်စရာကောင်းသည့် ယဉ်ကျေးမှုဓလေ့ထုံးတမ်း အစဉ်အလာကောင်းများကို ကရင်တိုင်းရင်းသားများ ထိန်းသိမ်းသည့် ပွဲတော်တစ်ရပ်ဖြစ်ကြောင်းနှင့် ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်ကို ဝါခေါင်လ တစ်လလုံး နေရာဒေသအနှံ့အပြားတွင် ကျင်းပလေ့ရှိရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်း မှီတင်း နေထိုင်ကြသည့် တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)